မြန်မာနိုင်ငံ မြောက်ဖျားဒေသက လူသိနည်းလှတဲ့ ကျွဲကောမျိုးကောင်းများ (၂)

31/08/2022 13:00 PM တွင် ဂျာနူး ဂျာနူး မှ ရေးသား

ပူတာအိုဒေသမှာရှိတဲ့ကျွဲကောမျိုးတွေက အရောင်စုံရှိပြီး လှပတဲ့အနီရောင်ကို အများအပြား တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ပန်းရောင်အဖျော့နဲ့  လိမ္မော်ရောင်၊ အဖြူရောင်နဲ့ ရှားပါးတဲ့ အစိမ်းရောင်ကျွဲကောသီးအပင်တွေကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ တိဘက်ဒေသကတစ်ဆင့်ယူလာတဲ့ ကျွဲကောမျိုးတွေ ဖြစ်တဲ့အတွက် လက်ရှိအချိန်မှာ ဝိုင်းမော်မြို့နယ်အတွင်း တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ အပင်ရေသုံးသောင်း လာရောက်စိုက်ပျိုးပြီး တရုတ်နဲ့ ရုရှားနိုင်ငံကိုပြန်လည်တင်ပို့နေတဲ့ အနီရောင်နဲ့ အဝါလို့ခေါ်ကြတဲ့ လိမ္မော်ရောင် ကျွဲကောမျိုးများနဲ့ တူညီနေတာကို တွေ့ရပါတယ်။

ဒါ့အပြင် ပူတာအိုဒေသတစ်ဝိုက်က ကျွဲကောမျိုးတွေက အရသာမှာ ပိုမိုကောင်းမွန်တာကို တွေ့ရပါတယ်။ ပူတာအိုဒေသကကျွဲကောအပင်တွေက ကြံ့ခိုင်တဲ့အပြင် အလုံးလှပပြီး သီးနှုန်းကောင်းတဲ့အပင်တွေ ဖြစ်တာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

ဆွမ်ပရာဘွမ်မြို့နယ်၊ ခဂရန်းယန်ကျေးရွာက မိရိုးဖလာကျွဲကောအပင်တွေကိုထိန်းသိမ်းထားသူတစ်ဦးက စိုက်ပျိုးထုတ်လုပ်မှုအခြေအနေကိုအခုလိုပြောပါတယ်။ 

ခဂရန်းယန်ရှိ ကျွဲကောတောင်သူတစ်ဦးအားတွေ့ရစဉ်

 ရှောက်ပန်းသီးအပင်တွေက ဘိုးဘွားခေတ်ကတည်းက စိုက်ထားတဲ့ ဥစ္စာတွေ၊ ကျွန်တော်တို့ ပြန်ပြုပြင်ပျိုးလုပ်နေတာ။ အဲ့လိုပြန်စိုက်တာပါ။ သီးတာက ငါးနှစ်ဆိုရင် စသီးပါတယ်။ အစေ့စိုက်ပင်တွေပါ။ ရာသီချိန်က ခြောက်လပိုင်းဆိုရင် အပွင့်ပွင့်ပြီ။ ရောင်းရင် တစ်လုံးကို တစ်ရာပဲ လို့ အပင်ဖြစ်ထွန်းမှုနဲ့ အကျိုးအမြတ်အခြေအနေကိုပြောပါတယ်။

 

 

ကချင်ဒေသထွက် အသားအနီရောင်ရှိသည့်ကျွဲကောသီးများအား သန့်စင်ပြီးသည့်နောက်တွေ့ရစဉ်

မြန်မာနိုင်ငံမှာ ကျွဲကောစိုက်ဧက သုံးသောင်းကျော်ရှိပြီး အများအပြားထွက်ရှိရာဒေသကတော့ မွန်ပြည်နယ်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧ ရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာလည်း စိုက်ပျိုးပါတယ်။ ကျွဲကောစိုက်ရာဒေသများမှာ အရောင်လှပြီး အရသာချိုတဲ့အပြင် စားသုံးမှုအရည်အသွေးကောင်းမွန်တဲ့ ပန်းရောင် အမျိုးအစား နံပါတ်တစ်ဖြစ်တဲ့ ပန်း-၁ မျိုးကထိပ်တန်းဈေးကွက်မှာရှိနေပါတယ်။ 

ဒါ့အပြင် ပန်း - ၂၊ ခွန်သောင်ဒီ ခေါ် ပျားရည်ကျွဲကော၊ ပတ္တမြားကျွဲကောစတာတွေက ဈေးကွက်ဝင်မျိုးတွေအဖြစ် ရှိနေပါတယ်။ ဒါ့အပြင် ကျလာ၊ ကျနား၊ ဘိုထွေးနဲ့ သခွားကျွဲကောလို ဒေသမျိုးတွေကလည်း အများအပြားရှိပါတယ်။ ကျွဲကောသီး ပြည်တွင်းစားသုံးမှုက တစ်နှစ်ပတ်လုံး စားသုံးလိုကြတဲ့ အလေ့အထရှိတဲ့အတွက် မြန်မာ့ကျွဲကော ရာသီကုန်ဆုံးချိန်မှာ ထိုင်းနိုင်ငံကနေ နှစ်စဉ် တန်ချိန်တစ်ထောင်လောက်အထိ တင်သွင်းစားသုံးနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကျွဲကောသီးက ပြည်ပပို့ကုန်သီးနှံလည်းဖြစ်တဲ့အတွက် တရုတ်နိုင်ငံဈေးကွက်အပြင် ဒေသတွင်းဈေးကွက်ကိုလည်း ဖြည့်တင်းဖို့ ခြံသစ်တွေလည်း တည်လာကြပါတယ်။ ကျွဲကောသီးစိုက်လေ့စိုက်ထမရှိတဲ့ မန္တလေးတိုင်းဒေသကြီးမှာလည်း ခြံသစ်တွေတည်လာကြတယ်လို့ သိရပါတယ်။ 

ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ်တွင် စိုက်ပျိုးထားသည့် ပန်း - ၁ ကျွဲကောမျိုးအား တွေ့ရစဉ်

မြန်မာ့ကျွဲကောစိုက်ပျိုးထုတ်လုပ်မှုနဲ့ ဈေးကွက်လိုအပ်ချက်အခြေအနေကို မြန်မာနိုင်ငံ ကျွဲကောအသင်းဥက္ကဌ ဦးမြင့်သိန်းက အခုလိုပြောပါတယ်။ 

“ ကျွဲကောက အပင်ရှင်ရင်စားတော့ပဲလေ။  ရင်းနှီးမြှုပ်နှံမှုလွယ်တယ်၊ ကောင်းတယ်ပေါ့။ စိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးဖြစ်တယ်ဆိုတော့ နောက်ပိုင်းလူတွေ စိတ်ဝင်စားလာကြ တယ်။ ဒါ ကျွန်တော်ပြည်တွင်းမှာလည်း လုံလောက်ပြီလားဆိုတော့ အခုလက်ရှိ ကျွဲကော သီးအထွက်နဲ့ တွက်ရင် မြန်မာပြည်လူဦးရေနဲ့တွက်ရင် တစ်ယောက်တစ်လုံးတောင် မရှိ သေးပါဘူး။ ပြည်တွင်းမှာ လုံလောက်ပြီလားဆိုရင် အခုနလိုပေါ့။ အဓိက ဘာလဲဆိုတော့ ဒေသတစ်ခုနဲ့ တစ်ခုနဲ့တစ်ခု မတူအောင် Off Season နဲ့ ပြောင်းလဲထုတ်ပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့။ နည်းပညာတွေလိုတယ် ” 

မြစ်ကြီးနားမြို့နယ်ရှိ သဘာဝမြေဆွေးပြုလုပ်ကာ စိုက်ပျိုးထားသော ကျွဲကောစိုက်ခင်းအားတွေ့ရစဉ်

ကျွဲကောသီးရဲ့ကျန်းမာရေးကိုအထောက်အကူပြုမှုအရ အများကြိုက်သီးနှံဖြစ်တဲ့အတွက် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းမှာလည်း အပင်ရေ သောင်းနဲ့ချီ စိုက်ပျိုး ထုတ်လုပ်နေကြပါတယ်။ ကျွဲကောခြံအသစ်တွေတည်လာကြသလို အကျိုးအမြတ်ရရှိနေတဲ့ ကျွဲကောခြံတွေကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်အတွင်းမှာ ကျွဲကောမျိုးကောင်းတွေ ရှိနေပေမယ့် ဖော်ထုတ်နိုင်တာမရှိတဲ့အတွက် မြစ်ကြီးနားဒေသမှာ စိုက်ပျိုးထုတ်လုပ်နေတဲ့မျိုးတွေကတော့ ဈေးကွက်ရှိပြီးသားဖြစ်တဲ့ မြန်မာပြည်အောက်ပိုင်းက ထိပ်တန်းမျိုးတွေသာ ဖြစ်ပါတယ်။ 

ဒေသတွင်းမှာ နှစ်ပေါင်း ခုနစ်ဆယ်ကျော် ရေမြေဒေသနဲ့ ကိုက်ညီပြီးသား ပူတာအိုဒေသက ကျွဲကောမျိုးတွေဟာ ဒေသတွင်းဈေးကွက်မှာ မျက်နှာပန်းမလှပေမယ့် မျိုးချင်းနီးစပ်တဲ့ တရုတ်နိုင်ငံက လာရောက်စိုက်ပျိုးထားတဲ့ အနီရောင်နဲ့ အဝါရောင်လို့ ခေါ်ကြတဲ့ လိမ္မော်ရောင် ကျွဲကောသီးတွေကတော့ ၂၀၂၁ ခုနှစ်အတွင်းမှာ ရုရှားနိုင်ငံကို ၁၉၃၆ တန်အထိ တင်ပို့နိုင်ခဲ့ပါတယ်။

ဒါကြောင့် ပူတာအိုဒေသတစ်ဝိုက်က မချမ်းဘော့၊ ဆွမ်ပရွာဘွမ်မြို့ အောက်ဘက်က မြေနိမ့်လွင်ပြင်ဒေသတွေဖြစ်တဲ့ လုံရှာယန်ကနေ ဆွမ်ပီယန် တဝိုက် က တောင်သူတွေ စိုက်ပျိုးစီးပွား အခွင့်အလမ်းတွေ ရရှိဖို့က သီးနှံအမယ်သစ်ရွေးချယ်ပြီး အခင်းသစ်ထူထောင်စရာမလိုပဲ ရှိပြီးသားကျွဲကောအပင်တွေကို စနစ်တကျပြုစုနိုင်ပါက ဝင်ငွေရသီးနှံတွေ ဖြစ်လာမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံမှလာရောက်ရင်းနှီးမြှုပ်နှံထားသော ဝိုင်းမော်မြို့နယ် တာလောကြီးကျေးရွာရှိ ကျွဲကောအပင်ရေ သုံးသောင်းစိုက်ပျိုးထားသော ကျွဲကောခြံအားတွေ့ရစဉ်

ဒါ့အပြင် ကချင်ပြည်နယ်က ကျွဲကောအပင်တွေက ဧပြီလအထိ အသီးရရှိတဲ့အတွက် မြန်မာပြည်အောက်ပိုင်းက ကျွဲကောသီးတွေ ဖေဖေါ်ဝါရီလအတွင်း ကုန်ဆုံးချိန်မှာ Off Season မှာ ရောင်းချနိုင်တဲ့ ဈေးကွက်အားသာချက်ကလည်း ရှိနေပါတယ်။ စိုက်ပျိုးရေး နည်းပညာကျွမ်းကျင်သူတွေက ပူတာအိုဒေသက တောင်သူတွေအတွက် ကျွဲကောသီးကနေ ဝင်ငွေရဖို့ စိုက်ပျိုးရေးအသိပညာပေး နည်းစနစ်တွေ ရရှိဖို့ လိုအပ်နေပါတယ်။ ကချင် ပြည်နယ်မြောက်ဖျားပိုင်းက ကျွဲကောတောင်သူတွေအနေနဲ့  နည်းပညာတွေ၊ ဈေးကွက် အခွင့်အလမ်းတွေနဲ့ပတ်သက်ပြီး အသိပညာတွေရရှိဖို့ လိုအပ်နေပါတယ်။ 

သီးနှံအမယ်တစ်ခုဖွံ့ဖြိုးလာဖို့က အရည်အသွေးကောင်းရဖို့ နည်းပညာနဲ့ ဈေးကွက် ဖော်ဆောင်ပေးနိုင်ဖို့က အဓိကကျတယ်လို့ ကျွဲကောအသင်း ဥက္ကဌကဖြည့်စွက်ပြောပါတယ်။ 

“ တောင်သူတွေ နားလည်သွားတဲ့အခါကျတော့ မလုပ်ပဲ တားတောင်မရဘူး။ တောင်သူဆိုတာက အကျိုးရှိရင်လုပ်မှာပဲလေ။ အဲ့တော့ တောင်သူတွေ မျက်စိပွင့်၊ နားပွင့်အောင် ခုနလို ပညာပေးလုပ်ငန်းတွေ လုပ်ရမယ်။ ဈေးကွက်ဖန်တီးပေးရမယ်။ ဈေးကွက်ဖန်တီးဖို့က ကိုယ့်ဘက်က အရည်အသွေးမရှိရင် ဖန်တီးလို့မရဘူး။ နိုင်ငံတကာ စံချိန်စံညွှန်းမီဖို့ဆိုတာကိုယ့်ဘက်ကအရင်လုပ်ရမှာလေ။ ကျွန်တော်တို့ အသီး ဘယ်လောက်ကောင်းကောင်း အပြင်ခွံအရည်သွေးလိုတယ်၊ ထုပ်ပိုးတဲ့ ပါကင်စနစ်တွေလိုတယ်” 

မြစ်ကြီးနား - ဆွမ်ပရာဘွမ်လမ်းမကြီးရဲ့ လမ်းလယ်ကျွန်းမှာ လှလှပပ သီးပွင့်နေတဲ့ ကျွဲကောသီးတွေကို ရာသီချိန်ရောက်ရင် တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒါက မြန်မာ တစ်ပြည်လုံး အတိုင်းအတာနဲ့ တွေ့ရခဲတဲ့ မြင်ကွင်းမျိုး ဖြစ်ပါတယ်။ ကချင်ပြည်နယ် ဒေသအတွင်းက ရှိပြီးသား ကျွဲကောမျိုးတွေကို အရည်အသွေးနဲ့ အထွက်နှုန်းသိရှိဖို့ စစ်တမ်းကောက်ယူတာတွေ၊ မျိုးထိန်းသိမ်းတာတွေနဲ့ ခြံသစ်တည်တဲ့လုပ်ငန်းတွေကို ရင်းနှီးမြှုပ်နှံနိုင်ဖို့ကတော့ လိုအပ်မှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်လာနိုင်ပါက ပြည်တွင်းစားသုံးမှုဈေးကွက်ကို ဖြည့်ဆည်းနိုင်တဲ့အပြင် ပြည်ပဈေးကွက်ကိုလည်း တင်ပို့နိုင်မှာဖြစ်တဲ့အတွက် ကချင်ပြည်နယ်က ကျွဲကောစိုက်ပျိုးသူ တောင်သူတွေအတွက် အကျိုးရရှိစေမှာ ဖြစ်ပါတယ်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်