ရွာသင်္ချိုင်းမြေရဲ့ လစ်လပ်နေရာတွေပေါ်ကို ခက်ခက်ခဲခဲ ဖြတ်လာနေတဲ့ လူရွယ်ဟာ ရွှံ့ညွန်ရေစိမ်းစိမ်းထဲ ပိုက်စိုက်တိုက် လှည့်လည်ပြီး မြေမာ တစ်နေရာရာ ရှိလေမလား အပူတပြင်း ရှာဖွေနေပါတယ်။
ဒီရွာသင်္ချိုင်းဟာ ပါကစ္စတန်တောင်ပိုင်းမှာ ရေ ဝါးလုံးထိုး ကြီးခဲ့တဲ့ ဟိုအစောပိုင်း သီတင်းပတ်တွေကတည်းက ရေမြှုပ်နေခဲ့တာပါ။ ဒီရေကြောင့် သူတို့ရွာလည်း ကျွန်းသဖွယ် ဖြစ်သွားပြီး လူရွယ်ရဲ့ တစ်ခုတည်းသော ဝင်ငွေရလမ်း စိုက်ပျိုးခင်းတွေပါ ပျက်စီးခဲ့ရပါတယ်။ အစားအစာနဲ့ သောက်ရေသန့်ရဖို့လည်း မလွယ်ကူ။ သူ့အိမ် နံရံတစ်ခြမ်းလည်း ပြိုကျ။ ရောဂါသယ်တဲ့ ခြင်တွေလည်း အုံအုံထ လာခဲ့ပါတယ်။
သူ့မိခင်ပါ ငှက်ဖျားမိ ဆုံးပါးသွားတော့ ၂၈ နှစ် လူရွယ် အလီအက်ကဘား တစ်ယောက် ရင်ကွဲနာကျလုမတတ်ပါပဲ။ ဘယ်လိုဖြစ်လို့ ဒီလောက်များတဲ့ ဆုံးရှုံးမှုတွေကို ဒီလောက်မြန်မြန်ဆန်ဆန် ကြုံတွေ့ရတာလဲ။ ဒီလောက်များတဲ့ ပူပင်သောကကို ဘယ်သူများ ခါးစည်းခံနိုင်မှာလဲ။ ခုလည်း သင်္ချိုင်းမြေ ဗွက်တောထဲကို ဖြတ်ရုန်းလာရင်း မေးခွန်းသစ်တစ်ခုအတွက် ရတက်ပွေရပြန်ပြီ။
ခြောက်သွေ့တဲ့မြေမာ မရှိဘဲ အမေ့အလောင်း ဘယ်မှာ မြေချရပါ့မလဲ။
ဒီနှစ်မိုးတွင်းမှာ ပါကစ္စတန်ဒေသအများအပြား စံချိန်တင် ရေကြီးခဲ့ပြီး ခုလိုရင်နာစရာ ဘေးကျပ်နံကျပ်အခြေအနေက မိသားစုများစွာကို ခြောက်လှန့်ခဲ့ပါတယ်။ ရွာလုံးကျွတ် ရေမြှုပ်၊ လူသန်းချီ အိမ်ရာပစ်ပြေးရပြီး ကျောင်း၊ တံတား၊ ဆေးရုံလို အရေကြီးအခြေခံအဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။
ရေကြီးကာလ လေးလတာအတွင်း လူ ၁၇၀၀ သေဆုံးခဲ့ပြီး အများစုက ရေကြီးမှုအဆိုးဆုံးအချိန် ရေနစ်မြုပ် သေဆုံးခဲ့ကြတာပါ။ ရေဘေးသင့် လူဦးရေ ၃၃ သန်းကြား ငှက်ဖျား၊ သွေးလွန်တုတ်ကွေး၊ ဝမ်းပျက်ဝမ်းလျှောနဲ့ အရေးပြားရောဂါတွေ ကူးစက်ပြန့်ပွားနေတာကြောင့် ဒုတိယ လူသေလှိုင်း ကြုံလာရဦးမယ်လို့ လူသားချင်းစာနာမှုဆိုင်ရာတာဝန်ရှိတွေက အရင်အပတ်တွေထဲမှာ သတိပေးထားပါတယ်။
တောင်သူ အိမ်ထောင်စု ၈၀ လောက်ရှိတဲ့ အက်ကဘား တို့ရဲ့ ရွာငယ် 'ကာမယ်ခန်းရွာ' မှာ ရေဘေးက ဘာကိုမှ ချမ်းသာရာ မပေးခဲ့ပါဘူး။ အိမ်တွေလည်း ချမ်းသာမပေး။ လုပ်ငန်းတွေလည်း ချမ်းသာမပေး။ ချစ်ရသူတွေကိုလည်း ချမ်းသာမပေး။ နောက်ဆုံး သူတို့သေလို့ ထုံးတမ်းစဉ်လာအရ အသုဘ ချချင်တာတောင်မှ ချခွင့်မပေး။ သူတို့ရွာ ပါဝင်တဲ့ ပါကစ္စတန်တောင်ပိုင်းက ဒါဒူခရိုင်ဟာ ရေဘေးဒဏ်ခံခဲ့ရဆုံး နေရာဒေသတစ်ခု ဖြစ်ပါတယ်။
"ရေဘေးက ကျွန်တော်တို့ အိုးအိမ်နဲ့ လယ်ယာမြေတွေကိုတင် ဖျက်ဆီးသွားတာ မဟုတ်ပါဘူး။ နှလုံးသားတွေကိုပါ ချိုးချေဖျက်ဆီးသွားပါတယ်။ ကွယ်လွန်သူတွေရဲ့ နောက်ဆုံးဆန္ဒလေးတွေကိုတောင် ရိုက်ချိုးသွားပါတယ်" အက်ကဘားက သူ့မိခင်အလောင်း မြေချမဲ့ အသုဘရှု သုံးရက်မြောက်နေ့မှာ အစ်ကို၊ ဦးလေးတို့နဲ့အတူ ထိုင်နေရင်း ပြောပါတယ်။
အတောမသတ်နိုင်သေးတဲ့ ဒီဆုံးရှုံးမှုတွေကို မုတ်သုံမိုးကြောင့် ရွာ ရေစဖုံးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းကနေ ကြုံလာခဲ့ရတာပါ။ ၃၆ နာရီလုံးလုံး မိုး ဒလဟော ရွာသွန်းခဲ့ပြီး လျှံရေတွေက လမ်းတွေ၊ စိုက်ခင်းတွေ၊ ဆေးပေးခန်းနဲ့ စာသင်ကျောင်းတွေကို ဖုံးလွှမ်းသွားပါတယ်။ ကွေ့ကောက်ကောက် လမ်းတွေနဲ့ ဆက်သွယ်ထားတဲ့ လူနေအိမ်တွေဟာ ရေလယ်ကျွန်းတွေသဖွယ် ဖြစ်သွားပါတယ်။ ယခုတော့ ဈေး၊ ဆေးရုံ ရှိတဲ့ မြို့တွေဆီ ဆက်သွယ်သွားလာ နိုင်သေးတဲ့ တစ်ခုတည်းသော အသက်ကယ်လမ်းကြောင်းဟာ ရွာအနီးက တာရိုးဖြစ်ပါတယ်။
မကြာပါဘူး၊ ငှက်ဖျား၊ သွေးလွန်တုပ်ကွေး သယ်ဆောင်တတ်တဲ့ ခြင်တွေ တအုံအုံ တိုးပွားလာရာကနေ လူတွေလည်း စပြီး ဖျားနာလာကြပါတယ်။ အဖျား၊ ဝမ်းပျက်ဝမ်းလျှောနဲ့ အဆစ်အမြစ်ကိုက်ခဲတာတွေ ဖြစ်လာတယ်။
တစ်မနက်မှာတော့ အိုင်မန်လို့ ခေါ်တဲ့ ဆယ်နှစ်သမီးလေးတစ်ယောက် သူတို့အိမ် ခြံဝင်းတစ်နေရာမှာ အော့အန်နေပြီး ရွံ့ဗွက်အိုင်ထဲ လဲကျသွားတယ်လို့ သူ့မိသားစုက ပြောပြတယ်။
မိဘနဲ့ ဦးလေးဖြစ်သူတို့က ကလေးမကို ဒါဒူမြို့ ပြည်သူ့ဆေးရုံဆီ ခေါ်လာနိုင်ခဲ့ကြပါတယ်။ ဆေးရုံမှာလည်း ပင်ပန်းနွမ်းနယ်နေ၊ ငိုယိုနေတဲ့ လူမမာကလေးတွေနဲ့ ကလေးမိဘတွေဟာ လူနာစမ်းသပ်ခန်းကျဉ်းကျဉ်းလေးထဲ တိုးဝှေ့နေကြတယ်။ ရှိတဲ့ သူနာပြု အနည်းငယ်ဆီက ပြုစုစောင့်ရှောက်မှု သူ့ထက်ငါ အရင် ခံယူခွင့်ရဖို့ ခယတောင်းပန်နေကြတယ်။
တစ်နေ့တစ်နေ့ ဆေးရုံရောက်လာတဲ့ လူနာဦးရေဟာ ရေကြီးပြီးနောက်ပိုင်း နှစ်ဆကျော် တိုးလာတယ်လို့ ဆေးရုံအုပ်တွေက ပြောတယ်။
အိုင်မန်ဟာ ငှက်ဖျားလား၊ သွေးလွန်တုပ်ကွေးလား တစ်ခုခု ဖြစ်နေပြီလို့ သံသယရှိတာကြောင့် သူနာပြုတွေက ပစ္စည်းပိုစုံတဲ့ တခြားမြို့ကဆေးရုံကို လွှဲလိုက်တယ်လို့ ၂၉ နှစ်အရွယ် မိခင် နာဆီဘာ အပြောအရ သိရပါတယ်။
ဒါကို မကျေနပ်နိုင်တဲ့ ကလေးအဖေ ခါဒင်ဟူစိန်က သမီးအတွက် သောက်ဆေးဖြစ်ဖြစ်၊ အကြောဆေးဖြစ်ဖြစ် လောလောဆယ် တစ်ခုခု ပေးဖို့ တိုးလျှိုးတောင်းပန်ပါတယ်။ နာဆီဘာက ကလေးနဖူးကို ပွတ်သပ်ပေးနေပြီး လက်မောင်းလေးကို အသာ လှုပ်ကြည့်တယ်။ "ထထ သမီး၊ သမီး ရေသောက်ရဦးမယ်၊ ထပါဦး" လို့ လေသံလေးနဲ့ ပြောတယ်။
ပစ္စည်းပိုစုံတဲ့ ဆာဝန်မြို့ကဆေးရုံကို သူတို့ ရောက်တဲ့အခါ အချိန်အတော်လေး နှောင်းသွားပါပြီ။ နာရီပိုင်းအတွင်းမှာပဲ အိုင်မန် ဆုံးသွားရှာပါတယ်။
"သမီးလေးကို ကာကွယ်ပေးရမှာက ကျွန်မရဲ့ တာဝန်။ ဒါပေမဲ့ ကျွန်မ သူ့ကို မကယ်တင်နိုင်ခဲ့ဘူး။ ဒီရေလုံးကြီးတွေကို မတားဆီးနိုင်ခဲ့ဘူး" လို့ နာဆီဘာက မျက်ရည်တွေ သုတ်ရင်း ပြောပါတယ်။
နောက်နေ့မနက် အိမ်ကိုပြန်လာတော့ နာဆီဘာဟာ အိမ်ရှေ့မှာ သမီး အိုင်မန် စောင့်မျှော်နေဦးမယ်လို့ ထင်နေတုန်းပါပဲ။ ဒီလိုမျိုး မတွေ့ရတဲ့အပြင် အိမ်သားဖြစ်သူက လောင်းလှေအိုလေးကို ရေချလာပြီး ရွာသင်္ချိုင်းဆီ သူ့ကို ခေါ်သွားတယ်။ အဲဒီရောက်တော့မှ သူတို့သမီးငယ်ကို ဘယ်မှာ မြေချရပါ့မလဲဆိုပြီး သောကပွားကြရတော့တယ်။
အရင်ဆုံးပါးသွားနှင့်ကြတဲ့ ဆွေမျိုးသားချင်းတွေကို မြှုပ်နှံရာ သင်္ချိုင်းမြေ တစ်ပြင်လုံးနီးနီး ရေနစ်မြုပ်နေဆဲပါပဲ။ ရေမမြုပ်ဘဲ ကျန်နေတဲ့ အနီးဆုံး သင်္ချိုင်းကလည်း တစ်နာရီလောက် သွားမှ ရောက်မှာပါ။ ဒါဆိုရင် သမီးလေး မြေပုံဆီ အမွှေးတိုင် မကြာမကြာ လာထွန်းပေးဖို့နဲ့ နှင်းဆီပွင့်ဖတ်လေးတွေ မကြာမကြာ လာကြဲပေးဖို့ လာရဝေးလွန်းသွားပါမယ်။
ရပ်ရွာက တခြားသူတွေကတော့ မတတ်သာတဲ့အဆုံး သူတို့ဆွေမျိုးသားချင်းတွေရဲ့ အသုဘကို တာရိုးဘေးနဲ့ လမ်းမဘေးတွေမှာပဲ မြှုပ်လိုက်ကြတယ်။ ကျောက်ခဲနဲ့ အုံထားတဲ့ မြေပုံတွေဟာ ယာယီနေထိုင်ရာ လူနေတဲတွေရဲ့ကြားမှာ ပြည့်ကျပ်နေပါတော့တယ်။
ခါးလောက်မြုပ်တဲ့ ဗွက်ရေတွေထဲ နာရီအတန်ကြာအောင် ရုန်းလျှောက်လာပြီးနောက်မှာတော့ အိုင်မန်အဖေဟာ ခြောက်သွေ့တဲ့ မြေနေရာအကွက်လေးတစ်ခုကို ရှာတွေ့ခဲ့တယ်။ သမီးရဲ့ ခန္ဓာကိုယ်သေးသေးကို သင်္ဂြိုလ်ဖို့တော့ ဒီမြေက လုံလောက်ပါတယ်။ ဒါပေမဲ့ အိုင်မန်ကို မြေချတဲ့နေ့မှာ ရွာကို ဆွေမျိုးသားချင်း အနည်းအကျဉ်းလောက်သာ လှေနဲ့ လာနိုင်ခဲ့ကြတာပါ။
အသုဘက ခြောက်ကပ်နေလို့ အိုက်မန်အဖေ သောကရောက်ခဲ့ရပြန်တယ်။ သမီးငယ်ဝိညာဉ် ဘဝကူးကောင်းပါ့မလား စိုးရိမ်နေမိတာပါ။ ထုံးစံအတိုင်းဆိုရင် အနီးဝန်းကျင်က ဆွေမျိုးသားချင်း ရာနဲ့ချီ လာကြမယ်။ အစ္စလာမ်ဓလေ့အရ အလောင်းကို သုံးရက်ထားပြီး အသုဘရှုခံမယ်။ လာရောက်ဆုတောင်းပေးတဲ့ ဧည့်ပရိသတ် များလေလေ၊ ကွယ်လွန်သူအတွက် ကောင်းကျိုးပိုရလေလေပါ။
နာဆီဘာကတော့ များသောအားဖြင့် သူတစ်ကိုယ်တည်းပဲ သမီးငယ်အတွက် ဆုတောင်းပေးခဲ့ရပါတယ်။
အိုက်မန်အသုဘ မြေချပြီးလို့ ဆယ်ရက်လောက်ကြာတော့ ရွာမှာ နောက်ထပ် နာရေးတစ်ခု ကြုံရပြန်တယ်။
အဲဒီရက်သတ္တပတ် အစောပိုင်းမှာ အက်ကဘားရဲ့ မိခင် မစ္စဆာဒီ ငှက်ဖျား ဖြစ်တယ်။ ဆစ်ဒ်ပြည်နယ်ရဲ့ အကြီးဆုံးမြို့တစ်မြို့ ဟိုင်ဒါရာဘတ်က ဆေးရုံတစ်ရုံမှာ ကုသမှု ခံယူပြီး အိမ်ကို ပြန်လာရတယ်။ နောက်ရက် တစ်ညမှာတော့ သူမ အခြေအနေမဟန်တော့ဘူး။ ဆေးရုံ ပြန်ပို့ဆောင်ဖို့လည်း လှေက မလွယ်ပြန်ဘူး။ ဒါနဲ့ အက်ကဘားတို့ မိသားစုဟာ မိခင်ကြီးအိပ်ယာဘေးကနေ ဆုသာတောင်းနေကြရတော့တယ်။ နာရီပိုင်းအကြာမှာ သူမ ဆုံးပါးသွားခဲ့ပါတယ်။
အသုဘကို ပြင်ဆင်ပြီးကြတော့ အက်ကဘားတို့တတွေ တာရိုးပေါ်က ယာယီနေပူခံ သက်ငယ်မိုးတဲလေးအောက်မှာ ထိုင်နားနေကြတယ်။ ဆွေမျိုးတွေ တစ်ယောက်ပြီးတစ်ယောက် ရောက်လာပြီး မိခင်ကြီးကို ဂါရဝပြုကြတယ်။ အက်ကဘားတို့ဟာ မတ်တပ်ရပ်ပြီး အသစ်ရောက်လာသူတွေနဲ့အတူ ကောင်းကင်ဆီ လက်ဖြန့်ကာ ဆုတောင်းမှုပြုကြတယ်။
နွားနို့တစ်ခွက် လက်မှာ ကိုင်ထားတဲ့ အက်ကဘားက သူ့ကို လူဖြစ်အောင် မွေးမြူလာတဲ့ ယဉ်ကျေးရည်မွန်ပြီး စိတ်ဓာတ်ခိုင်ကျည်သူ မိခင်ကြီးအကြောင်းကို ပြောပြနေတယ်။ သူ့ဘဝတစ်လျှောက်လုံး လယ်တောကနေ ပြန်လာတိုင်း အိမ်ပေါက်ဝမှာ အရင်ဆုံး တွေ့ရတတ်တဲ့သူက အမေပဲလို့ ပြောပြတယ်။ သား အိမ်ကို ဆိုက်ဆိုက် မြိုက်မြိုက် ပြန်မရောက်မချင်း ဘယ်လောက်ပဲ နောက်ကျနောက်ကျ စောင့်နေတတ်သူ။ အက်ကဘားကိုယ်တိုင် ကလေးနှစ်ယောက် ရပြီးလို့ လူကြီးဖြစ်ပါပြီ ဆိုတာတောင် သူ့မိခင်က အဲဒီအလေ့အကျင့်ကို မဖျောက်ပစ်ခဲ့ပါဘူး။
"အမေက ပြောတယ်။ မင်းက ကလေးပဲ ရှိသေးတယ်။ အမေ့အတွက်တော့ မင်းက အမြဲတမ်း ကလေးအဖြစ် ရှိနေမှာ"
သူ အသံတစ်ချက် တိတ်သွားပြီးတော့မှ "အမေတစ်ယောက်နဲ့ သားတစ်ယောက်ကြား ဆက်ဆံရေးလောက် ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး မရှိပါဘူး" လို့ ပြောပြန်တယ်။
မိခင်ကြီး မဆုံးခင်တုန်းက သူ ကွယ်လွန်ရင် မနှစ်က ဆုံးပါးခဲ့တဲ့ ဖခင်ကြီးအနီးမှာ မြှုပ်နှံပေးဖို့ မှာခဲ့တယ်။ ဒါပေ မဲ့ သူ့ဖခင်ရဲ့ မြေပုံဟာ ရေ လုံးဝ မြုပ်နေပြီ။ ဒါကြောင့် အက်ကဘားဟာ သူ့မိခင်ကို မလှမ်းမကမ်းက တောင်ကုန်း ထိပ်တစ်ခုမှာ မြှုပ်နှံသင်္ဂြိုလ်လိုက်ရတယ်။ သူ တစ်ယောက်တည်းလေးပေါ့။
ဝေယံဟိန်း (B.Ag)
Ref: When Cemeteries Are Flooded, Where Do You Bury the Dead? - The New York Times
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်