ပီရူးပစ္စန္တရစ်အရပ်က 'မိုးခေါင်မိုးတား' အင်တာနာတိုင်ကြီးများ

13/10/2022 17:00 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

တကယ်တော့ ဒီအင်တာနာတိုင်တွေကို ဌာနေသားတွေ ဘေးကင်းစေဖို့ စိုက်ထူးထားတာပါ။ ဒါပေမဲ့ မိုးခေါင်စေတဲ့ တိုင်ကြီးတွေဆိုပြီး ချိုးဖျက်ပစ်ကြလေရဲ့။ 

၂၀၁၆ ခုနှစ်တုန်းဆီက ပီရူးနိုင်ငံရဲ့ ပစ္စန္တရစ်အရပ် Hualcán ကျေးရွာမှာ ရပ်ရှစ်ခွင်ပတ်လည် မိုးခေါင်ရေရှား ကြုံတွေ့နေရတယ်။ ဌာနေသားအများစုက ဒီမိုး ဘာကြောင့်ခေါင်တယ်ဆိုတာကို စိတ်ထဲကနေ သိနေကြသတဲ့။ ရေကန်တော်အမှတ် ၅၁၃ မှာ စိုက်ထူထားတဲ့ အင်တာနာတိုင်ကြီးတွေကြောင့်ပါတဲ့။ 

အဲဒီစိမ်းပြာရောင် ရေကန်ကြီးက သူတို့အထက် မြေမျက်နှာပြင် ၁၄၀၀ မီတာအမြင့်မှာ တည်နေတဲ့ ကန်ကြီးပေါ့။ ပြီးခဲ့တဲ့နှစ်တွေတုန်းက သိပ္ပံပညာရှင်တွေဟာ ကန်ကြီးရှိရာ အထက်အရပ်ကို ခဲတောင့်ခဲယဉ်းတက်ပြီး အင်တာနာတိုင်ကြီးတွေဆီ သွားသွားကြည့်ကြတာ ရွာသားတွေ တွေ့ခဲ့ကြပြီးပြီ။ ရွာသားတချို့က မိုးတားဖို့အတွက် ဒီတိုင်ကြီးတွေကို လာစိုက်ထားတာလို့ ဆိုတယ်။ ဒါမှ အနားက ကြေးနီသတ္တုမိုင်း လုပ်ကိုင်ကောင်းမယ်လို့ သူတို့ ပြောကြတယ်။

အဲဒီနှစ် နိုဝင်ဘာလထဲရောက်တော့ Quechua ရွာသူရွာသားနဲ့ လယ်သမား သုံးလေးငါးဆယ်လောက်က အဲဒီတိုင်ကြီးတွေကို သွားရောက် ဖြိုဖျက်နုတ်ဖယ်ပစ်လိုက်ကြတယ်။ အဲဒီတိုင်ကြီးတွေ နုတ်ပစ်ပြီး နာရီပိုင်းအတွင်း မိုးစရွာလာတော့တာပဲလို့ ဌာနေသားတစ်ယောက်ဖြစ်တဲ့ Juan Reyes က ပြောတယ်။ "ဒီအင်တာနာတိုင်ကြီးတွေက မိုးမရွာအောင် တားထားတဲ့ပုံပဲ" လို့ သူက ဆိုသေးတယ်။

တကယ်တော့ အဲဒီလို မဟုတ်ရပါဘူး။ ရေကန်အမှတ် ၅၁၃ ဆိုတာ ပီရူးရေခဲတောင်တွေရဲ့ အောက်ဘက်မှာ ရှိပြီး ရာသီဥတုဖောက်ပြန်လို့ ရေခဲတွေ အရည်ပျော်ကျရာကနေ အသစ်ဖြစ်တည်လာတဲ့ ရေကန်သစ်ပေါင်း ရာချီထဲက တစ်ခုပါ။ ဒီကန်ဟာ အောက်အရပ် ကျေးရွာတွေမှာ ရုတ်တရက်ရေကြီးတာ၊ မြေကြီးပြိုတာတွေ ဖြစ်စေနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။

ယခုပြောတဲ့ အင်တာနာတိုင်ကြီးတွေက အာရုံခံကိရိယာ၊ ဗွီဒီယိုကင်မရာနဲ့ ရေဒီယိုလှိုင်းတွေ ပေါင်းစပ်ထားတဲ့ ရေကြီးရေလျှံသတိပေးစနစ်ကြီးတစ်ခု ဖြစ်ပါတယ်။ ရေဘေးကြုံရတော့မယ်ဆိုတာနဲ့ ကန်အောက်ဘက်ရွာတွေမှာ ဥသြဆွဲသံတွေ မြည်အောင် ဒီစနစ်က လုပ်ပေးတာပါ။

ယခုဖြစ်ရပ်ဟာ ရာသီဥတုပြောင်းလဲမှုနဲ့ ပီရူးသားတွေ အလိုက်အထိုက်နေနိုင်ရေး အကူအညီပေးရာမှာ ကြုံရတဲ့ အခက်အခဲတစ်ခုကို မီးမောင်းထိုးပြနေပါတယ်။ ဒေသခံလယ်သမားတွေကတော့ သိပ္ပံပညာရှင်တွေ ဒီတိုင်ကြီးတွေ နောက်တစ်ခါ လာမစိုက်ထူအောင် တားမြစ်ဖို့ အားခဲထားကြပါတယ်။ ဒီစနစ် ရှိမယ်ဆိုရင်တော့ အောက်ဘက်အရပ်မှာ နေထိုင်သူတွေအတွက် ရေဘေးလွတ်ရာ ရွှေ့ပြောင်းချိန် ၁၅ မိနစ်လောက်ရအောင် ကြိုတင်သတိပေးနိုင်မှာ ဖြစ်ပါတယ်။ ယခုတော့ စည်ပင်သာယာက အနီးအနား စီမံကိန်းတစ်ခုမှာ အလုပ်လုပ်နေတဲ့ လုပ်သားတွေကို အားကိုးပြီး မြေပြိုနိုင်ခြေရှိမရှိ မေးမြန်းနေရပါတယ်။ ဒီလိုအလားအလာရှိရင် အချက်ပေးခေါင်းလောင်းတွေ တီးဖို့၊ ခရာတွေ တုတ်ဖို့ စီစဉ်နေရပါတယ်။

ဖြိုဖျက်ခံလိုက်ရတဲ့ ရေဘေးသတိပေးစနစ်ကို လေးနှစ်လောက် အချိန်ယူတီထွင်ခဲ့သူ ဇူးရစ်တက္ကသိုလ်က ပညာရှင် Christian Huggel ကတော့ သူတို့အဖွဲ့ဟာ တစ်ကျောင်းတစ်ဂါထာဖြစ်တတ်တဲ့ ရပ်ဓလေ့ရွာဓလေ့ကို လျှော့တွက်ခဲ့မိတာလို့ ဝန်ခံပါတယ်။

ဌာနေသားတွေကတော့ ဖြစ်ချင်မှ ဖြစ်လာမဲ့ ရေဘေးကို အသာနောက်ထားပြီး မိုးခေါင်ရေရှားပြဿနာကသာ အခုရှင်းရမယ့်ကိစ္စလို့ မှတ်ယူထားကြတာပါ။

ရေဘေးသင့်နိုင်တဲ့ လမ်းကြောင်းပေါ် ‌ရောက်နေတဲ့ Huaraz မြို့မှာလည်း အလားတူပါပဲ။ ရေဘေးသင့်နိုင်ခြေလမ်းကြောင်းပြမြေပုံ ရေးဆွဲတာကို မြို့ခံတွေက ကန့်ကွက်ကြသတဲ့။ မြို့ရဲ့ အိမ်ခြံမြေဈေးတွေ ကျကုန်မှာ စိုးလို့ပါတဲ့။

ယနေ့တော့ ဖျက်ဆီးခံ ရေဘေးသတိပေးစနစ်မှာ သုံးတဲ့ ဘက်ထရီအိုးကြီးတွေဟာ ကျေးရွာ ဘုရားကျောင်းထဲမှာ ဖုန်တောင် တက်နေပါပြီ။ သေစာရှင်စာတောင် မရေးမဖတ်တတ်တဲ့ အသက် ၇၀ အရွယ် ဒေသခံတောင်သူ Justina Rodríguez ကတော့ ရာသီဥတုပြောင်းလဲတယ်ဆိုတာကို ကြားတောင် မကြားဖူးဘူး၊ ရေဘေးဖြစ်လာမှာကိုလည်း မစိုးရိမ်ဘူးလို့ ပြောပါတယ်။

ဒါပေမဲ့ ခုနောက်ပိုင်း နေ့ခင်းဘက်ဆို ပိုပူလာတာ၊ ညဘက်ဆို ပိုအေးလာတာ၊ မိုးက သိပ်အစိုးရမရတော့တာကိုတော့ သတိထားမိပါတယ်တဲ့။ အခုတော့ အင်တာနာတိုင်ကြီးတွေကို နုတ်ပစ်လိုက်ကြပြီ။ နောက်တစ်ကြိမ် မိုးများ ထပ်ခေါင်ရင် ဘာကို ရမယ်ရှာရဦးမယ်ဆိုတာ သူတို့ မသိကြသေးဘူး။

ဝေယံဟိန်း (B.Ag)

Ref: Why Peruvian villagers tore down a flood-warning system - The Economist

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်