ဒီနှစ်အပူချိန်တွေ စံချိန်တင်မြင့်တက်သွားနိုင်လား..

19/04/2023 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဒီနေ့ ဧပြီ ၁၉ ရက်မှာ စစ်ကိုင်းတိုင်းဒေသကြီး တမူးမှာတိုင်းထွာချက်အရ အပူချိန်ဟာ ၄၃.၈ ဒီဂရီ စင်တီဂရိတ် (၁၁၀.၈ ဒီဂရီဖာရင်ဟိုက်) အထိ စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ကြေညာပါတယ်။ (တမူးမိုးလေဝသစခန်းတည်ထောင်ပြီး ၄၄ နှစ်အတွင်း အမြင့်ဆုံးစံချိန်သစ်ဖြစ်ခဲ့တာပါ)

ပုံမှန်အားဖြင့်တော့ အမြင့်ဆုံးအပူချိန်တွေဟာ မေလဆန်းတွေလောက်မှသာ ကြုံရလေ့ရှိပေမဲ့ ဒီနှစ်မှာတော့ သင်္ကြန်ကာလအပြီး ဧပြီ ၁၉ ရက်မှာပဲ ဒေသတစ်ခုရဲ့အမြင့်ဆုံးအပူချိန်စံချိန်သစ်ကို ကြုံလိုက်ရပါပြီ။

တော်တော်ပူတယ်ဆိုတဲ့အသံတွေလည်း လူတွေကြားမှာ ကျယ်ကျယ်လောင်လောင် ကြားနေကြရ ပါပြီ။

ဆိုတော့ ဒီနှစ်ဟာ ခါတိုင်းနှစ်တွေထက်ပိုပူနိုင်မလား...

နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက်တွေကို ကိုးကားပြီး မိုးလေဝသခန့်မှန်းပေးနေသူ ဦးဝင်းနိုင်က တော့ အခုလို မှတ်ချက်ပြုပါတယ်။

“ ဒီနှစ်ကတော့ အပူချိန် စံချိန်တင်မြင့်သွားနိုင်တယ် ကျနော်ခန့်မှန်းတာတော့ အခု ခန့်မှန်းတဲ့ကာလပါပဲ။ ဧပြီ ၁၉ ကနေ မေ ၁ ကာလက အမြင့်ဆုံး ဖြစ်သွားနိုင်တယ်။ ထပ်ပြီးတော့ စောင့်ကြည့်တာတော့ စောင့်ကြည့်ရဦးမှာပါ”

အပူချိန်တွေမြင့်တက်လာရတဲ့အကြောင်းထဲမှာ ၂၀၂၁-၂၀၂၂ ၂ နှစ်နှစ်ဆက်တိုက် လာနီညာဖြစ်စဉ် ဖြစ်ခဲ့တာကြောင့်လည်းပါတယ်လို့ ဦးဝင်းနိုင်က သုံးသပ်ပါတယ်။

“ ပြီးခဲ့တဲ့နှစ်တုန်းက လာနီညာဖြစ်နေချိန် တံတားဦး အပူချိန်ဆိုရင် ဧပြီ ၁၉ ကနေ မေ ၁ ကြားကာလမှာ အမြင့်ဆုံးက ၃၃ အထိပဲ ရှိခဲ့တယ်။ ဒီနှစ်မှာတော့ ၁၂ ဒီဂရီလောက် မြင့်သွားတယ်” လို့ ဦးဝင်းနိုင်က ဆိုပါတယ်။

ဒီနေ့ ဧပြီ ၁၉ ရက် မိုး/ဇလ ထုတ်ပြန်ချက်ထဲမှာတော့ ‘နေ့အပူချိန်များမှာ စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် (၅)ဒီဂရီစင်တီဂရိတ်မှ (၆)ဒီဂရီစင်တီဂရိတ်အထိ၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ်အထိနှင့် နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် (၂)ဒီဂရီစင်တီဂရိတ် ပိုခဲ့ပြီး  ရန်ကုန်တိုင်းဒေသကြီးတွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ပါသည်’ လို့ ဖော်ပြထားပါတယ်။

‘ ထူးခြားသည့် နေ့အပူချိန်များမှာတော့ ချောက်မြို့တွင် (၄၅)ဒီဂရီစင်တီဂရိတ်နှင့် ကလေးဝမြို့၊ တမူးမြို့၊ မင်းကင်းမြို့၊ မုံရွာမြို့၊ မြင်းမူမြို့၊ မန္တလေးမြို့၊ မြင်းခြံမြို့၊ ညောင်ဦးမြို့၊ ဘော်လခဲမြို့နှင့် ဖားဆောင်းမြို့တို့တွင် (၄၄)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြပါသည်’ လို့လည်း မိုး/ဇလလ ဆိုထားပါတယ်။

လက်ရှိမှာတော့ လာနီညာကနေ ကြားအခြေအနေ (Neutral) သို့ ရာသီဥတုပြောင်းလဲနေချိန်ဖြစ်ပြီး ဒီလို လာနီညာကနေ Neutral ပြောင်းချိန်၊ အယ်နီညိုက လာနီညာပြောင်းချိန်တွေမျာ အခုလို အစွန်းရောက် ရာသီဥတုအခြေအနေတွေ ကြုံရတတ်တယ် လို့ ဦးဝင်းနိုင်က ပြောပါတယ်။

“ သင်္ကြန်မိုးမရွာနိုင်တာလည်း Neutral ENSO ဖြစ်သွားလို့လို့ ပြောနိုင်တယ်။ မုတ်သုံဝင်တာလဲ ပုံမှန်ချိန် ဖြစ်သွားမယ်။ ဇွန်လထဲပေါ့” လို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။

အခုချိန် အပူချိန်မြင့်တက်နေတာတွေဟာ မြန်မာနိုင်ငံတစ်ခုတည်းတင်တော့ မဟုတ်ပါဘူး။ အိန္ဒိယ ဒေသတစ်ခုလုံးနဲ့ အင်ဒိုချိုင်းနားကျွန်းဆွယ်ကြီး တစ်ခုလုံးလည်းပါတယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။ (ပုံမှာကြည့်နိုင်ပါတယ်)

အခုအချိန်အထိ မိုးလေဝသ ထုတ်ပြန်ချက်တွေအရတော့ ဧပြီလ ၂၇ ရက်အထိပဲ ကြည့်လို့ ရနိုင်သေးပေမဲ့ မေလ ဇွန်လတွေမှာ မိုးခေါင်နိုင်မဲ့ အခြေအနေ(ဆည်ရေတွေခန်းတာ၊ မြေဆီလွှာစိုထိုင်းဆတွေ ကျသွားတာ စသည်ဖြင့်) တွေက အလယ်ပိုင်း/အထက်အညာဒေသတွေမှာ ဆိုးလာနိုင်လို့ သောက်ရေ သုံးရေအတွက် ကြိုတင်ပြင်ဆင်တာတွေ လုပ်ထားကြဖို့လိုလိမ့်မယ်လို့လည်း  ဦးဝင်းနိုင်က သတိပေးပါတယ်။

ဧပြီလ ၁၉ ရက်မှ မေလ ၁ ရက်အထိကာလအတွင်း မြို့များအလိုက်ဖြစ်နိုင်သည့် အပူချိန်များကိုတော့ ပုံမှာကြည့်နိုင်ပါတယ်။ (ဦးဝင်းနိုင်ရဲ့ခန့်မှန်းချက်တွေဖြစ်ပါတယ်)

Photos Crd_ U Win Naing

#(ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)

#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်