ကျိုက္ခမီကျောက်ပွင့်

30/03/2023 15:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

 

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ ကျိုက္ခမီပင်လယ်ကမ်းခြေဒေသထွက် ကျောက်ပွင့်(ခေါ်)ပင်လယ်ရေမှော်ဟာ လူကြိုက်များသလို ဆေးဖက်လည်းဝင်လို့ အခုလို ပွင့်လင်းရာသီမျိုးဆိုရင် အထူးရောင်းအားကောင်းတဲ့ ဒေသထွက်ကုန်တစ်မျိုးဖြစ်ပါတယ်။ မွန်တိုင်းရင်းသားများ အထူးကြိုက်နှစ်သက်ကြပါတယ်။

ပင်လယ်ရေမှော်(Seaweed) တစ်မျိုးဖြစ်တဲ့ ပင်လယ်ကျောက်ပွင့်ကို မွန်ပြည်နယ်၊ ကျိုက္ခမီကမ်းခြေရှိ ကျောက်တုံး၊ ကျောက်ဆောင်ကြားမှာ တွေ့ရများပါတယ်။

ဒီရေမှော်ဟာ Catenella မျိုးစိတ်ဖြစ်ပြီး Rhodophyta အုပ်စုဝင် Red Algae တစ်မျိုးဖြစ်တယ်လို့ သိရပါတယ်။ အမျှင်ကလေးတွေသွယ်တန်းနေတဲ့ပုံစံမျိုးရှိကာ နီညိုရောင်သန်းပြီး အခြောက်လှန်းလိုက်ရင်တော့ အညိုရောင်ပုံစံမျိုး ရှိကြပါတယ်။

ကျိုက္ခမီပင်လယ်ကမ်းခြေရှိ ကျောက်တုံး၊ ကျောက်ဆောင်ကြားတွေကနေ ကျောက်ပွင့်အမျှင်လေးတွေကို ခြစ်ယူပြီး နေလှန်းရပါတယ်။ ခြောက်သွေ့သွားရင်တော့ ပလတ် စတစ်အိတ်အကြည်နဲ့ အထုပ်လေးတွေထုပ်ပြီး ဒေသထွက်ကုန်အဖြစ် ရောင်းချကြတာဖြစ်ပါတယ်။        

လက်ရှိအချိန်မှာ ကျိုက္ခမီပင်လယ်ကမ်းခြေဒေသထွက် ကျောက်ပွင့်အခြောက် ၁ ပိဿာကို (၃၅၀၀၀-၃၇၀၀၀) ကျပ်ထိ စျေးနှုန်းရှိပြီး အထုပ်ငယ်လေးတွေအနေဖြင့်တော့ တစ်ဆယ်ကျပ်သားကို(၄၀၀၀-၅၀၀၀)ကျပ်၊ ၅ ကျပ်သားကို (၂၀၀၀-၂၅ဝဝ)ကျပ် စျေးနှုန်းတွေနဲ့ ရောင်းချနေကြတယ်လို့ သိရပါတယ်။

" အခုက ပွင့်လင်းရာသီဆိုတော့ ဘုရားဖူးဧည့်သည်တွေ လာကြလို့ ကျောက်ပွင့်ရောင်းအား ကောင်းနေပါတယ်။ အရင်နှစ်တွေကတော့ကျောက်ပွင့်ခြောက်တစ်ပိဿာ (၂၀၀၀၀-၂၅၀၀၀) ဝန်းကျင်ပဲ ရှိပါတယ်။ ဒီနှစ်မှာတော့ ကုန်စျေးနှုန်းတွေမြင့်လာတာရော၊ ကျောက်ပွင့်နုတ်သူတွေကို နေ့တွက်ခပိုပေးရတာကြောင့်ရောဆိုတော့ တစ်ပိဿာကို ကျပ် ၃၀၀၀၀ ကျော်ထိစျေးတက်သွားတာပါ”လို့ ကျိုက္ခမီရေလယ်ဘုရားရှိ စျေးဆိုင်ခန်းတွေမှာ ကျောကျောက်ပွင့်ခြောက်ရောင်းချနေသူ ဒေသခံတစ်ဦးက ပြောပါတယ်။

၅ ကျပ်သား အထုပ်ကို သူ့ချည်းသက်သက်သုပ်စားမယ်ဆိုရင်တောင် လူ ၄၊ ၅ ယောက်စာ ၂ ခါ၊ ၃ ခါလောက် စားလို့ရပါတယ်။ ကျောက်ပွင့်ခြောက်ကို နည်းနည်းလေးရေစိမ်လိုက်ရုံနဲ့ ၄၊ ၅ ဆလောက် အများကြီးပွားတတ်တာကြောင့်ပါ။

ပင်လယ်ကျောက်ပွင့်ကို စားသုံးရာမှာ အသုပ်တွေထဲ အမည်တစ်မျိုးအနေနဲ့ထည့်စားလေ့ရှိကြတာဖြစ်ပါတယ်။ နာမည်ကြီးတဲ့ ကျိုက္ခမီကျောက်ပွင့်သုပ်က တော့ ပဲကြာဆံတို့၊ အာလူးတို့ မထည့်ဘဲ ကျောက်ပွင့်အရသာပေါ်အောင် သူ့ချည်းသက်သက်သုပ်စားကြတာ ဖြစ်ပါတယ်။

ပင်လယ်ကျောက်ပွင့်ခြောက်ကို ပွလာအောင် ရေစိမ်ထားပြီးမှ ဆီချက်၊ ကြက်သွန်ဖြူ/နီ ၊ ပုစွန်ခြောက်၊ ပဲမှုန့်၊ မရမ်းပြား(သို့)သံပုရာသီး ၊ငရုတ်သီးစိမ်း၊ ငံပြာရည်တို့ဖြင့် ချဉ်ငန်စပ် သုပ်စားကြတာ ဖြစ်ပါတယ်။

ဒီ Catenella မျိုးစိတ်ပင်လယ်ကျောက်ပွင့်တွေက အိုင်အိုဒင်းဓာတ်ကြွယ်ဝတာကြောင့် လည်ပင်းကြီးရောဂါရှိသူများအတွက် အထူးသင့်တော်တယ်လို့ ဆိုပါတယ်။

 

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်