သီရိလင်္ကာဟာ ရာစုနှစ်များစွာတိုင်အောင် ဆီကို ရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံခဲ့တဲ့ နိုင်ငံပါ။ မြေကြီးက ရွှေသီးဆိုတာလို သီရိလင်္ကာမြေပေါ်မှာ သစ်ကြံပိုးခေါက်၊ ငရုတ်ကောင်းကနေ သစ်သီးဝလံနဲ့ လက်ဖက်မွှေးအထိ အသီးအနှံအစုံ ပေါက်ရောက်ဖြစ်ထွန်းပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ ၁၈ လအတွင်းမှာ သီရိလင်္ကာဟာ ကမ္ဘာ့စိုက်ပျိုးရေးလောကအတွက် သင်ခန်းစာယူစရာ ပုံပြင်တစ်ပုဒ် ဖြစ်လာခဲ့ပါတယ်။
လောင်စာဆီနဲ့ ဓာတ်မြေသြဇာလို အရေးကြီး လယ်ယာသွင်းအားစုတွေ ပြတ်လပ်ပြီး ဈေးတွေ အဆမတန် ထောင်တက်ခဲ့ပါတယ်။ စပါးနဲ့ အခြားအခြေခံစားသောက်ကုန်သီးနှံတွေရဲ့ အထွက်နှုန်းဟာ နေရာတော်တော်များများမှာ ထက်ဝက်လောက် ကျဆင်းခဲ့ပြီး တစ်ချိန်တုန်းက စားရေရိက္ခာဖူလုံခဲ့တဲ့ အိန္ဒိယသမုဒ္ဒရာကျွန်းစုနိုင်ငံဟာ အခုတော့ နိုင်ငံတကာအကူအညီတွေအပေါ် အားပြုပြီး ငတ်မွတ်ဘေးကို ဖြေရှင်းနေရပါတယ်။
၂၀၂၁ ခုနှစ် ဧပြီလထဲမှာ အဲဒီအချိန်က သီရိလင်္ကာသမ္မတ ဂိုတာဘာယာ ရာဂျာပါစကာက ဓာတ်မြေသြဇာတွေ တင်သွင်းမှုအပေါ် တားမြစ်ပိတ်ပင်လိုက်ကြောင်း ကောက်ကာငင်ကာ ထုတ်ပြန်ခဲ့ပါတယ်။ လူဦးရေ ၂၂ သန်း မှီတင်းနေထိုင်ရာနိုင်ငံကို အော်ဂဲနစ်နိုင်ငံအဖြစ် မဖြစ်မနေ ပြောင်းလဲဖို့လို့ သူ အကြောင်းပြပါတယ်။
ဒီတားမြစ်ပိတ်ပင်မိန့်ဟာ ခြောက်လပဲ ခံခဲ့တာပါ။ ဒါပေမဲ့ ဒီအဆင်ခြင်မဲ့ မူဝါဒက နိုင်ငံစီးပွားရေးအကျပ်အတည်း ဖြစ်ပေါ်အောင် မီးမွှေးခဲ့ရုံမက သီရိလင်္ကာစိုက်ပျိုးရေးကဏ္ဍကို နှစ်များစွာ နာလန်မထူနိုင် ဖြစ်သွားစေလိမ့်မယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။
“ဒါဟာ အရာရာကို တုံ့ဆိုင်းသွားစေခဲ့တာပါ။ တောင်သူတွေက အစိုးရအပေါ် ယုံကြည်မှု လုံးဝ ပျောက်ဆုံးသွားခဲ့ပါတယ်” လို့ ကျေးလက်သမဝါယမလုပ်ငန်းတွေနဲ့ အလုပ်တွဲလုပ်နေသူ ဂျက်ဖ်နာတက္ကသိုလ်က လူမှုဗေဒပညာရှင် Ahilan Kadirgamar က ပြောပါတယ်။
သီရိလင်္ကာဟာ အရန်နိုင်ငံခြားငွေကြေး ပြတ်တောက်သွားပြီးနောက် နိုင်ငံတကာကြွေးမြီတွေကို ဒေဝါလီခံခဲ့ရတဲ့ ဆယ်စုနှစ်နှစ်ခုကျော်အတွင်း ပထမဆုံး အာရှ-ပစိဖိတ်နိုင်ငံ ဖြစ်လာပါတယ်။ အဲဒီငွေကြေးအကျပ်အတည်း နောက်ဆက်တွဲအဖြစ် တစ်နိုင်ငံလုံး ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာပါတယ်။ ဆေးဝါးနဲ့ အခြားအခြေခံလူသုံးကုန်တွေ ပြတ်တောက်ကာ နိုင်ငံတွင်းက ပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်းတွေ တမုဟုတ်ချင်း ထိုးကျသွားခဲ့ပါတယ်။
သီရိလင်္ကာဟာ တရုတ်၊ အိန္ဒိယအပြင် အခြားငွေစုစာချုပ်လက်ဝယ်ပိုင်ဆိုင်သူတွေနဲ့ ကြွေးမြီကိစ္စ ပြန်လည်ညှိနှိုင်းမှုတွေ လုပ်ဆောင်နေသလို တစ်ဖက်မှာလည်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ဆီက ဒေါ်လာ ၂ ဒသမ ၉ ဘီလျံအကူအညီ ရရှိဖို့ လုံးပမ်းနေပါတယ်။
ဒီလို အကျပ်အတည်း ကြုံရတာမှာ အကြောင်းရင်းအမျိုးမျိုး ရှိပါတယ်။ အဲဒီထဲမှာ အသုံးသိပ်မဝင်တဲ့ အခြေခံအဆောက်အအုံစီမံကိန်းတွေအတွက် ချေးငွေအလွန်အကျွံ ရယူခဲ့တာ၊ ကိုဗစ်ကာလအတွင်း ခရီးသွားလုပ်ငန်း ရပ်နားခဲ့ရတာတွေ ပါဝင်ပေမဲ့ ဓာတ်မြေသြဇာပိတ်ပင်မှု နောက်ဆက်တွဲပြဿနာတွေက အရေးကြီးအကြောင်းရင်းခံတစ်ခု ဖြစ်ခဲ့တယ်လို့ ပညာရှင်တွေက ပြောပါတယ်။
၂၀၁၉ ခုနှစ်မှာ ရွေးကောက်တင်မြှောက်ခံရပြီး နိုင်ငံရေးသြဇာအကြီးဆုံးမိသားစုကနေ ဆင်းသက်လာတဲ့ ရာဂျာပါစကာက ဓာတ်မြေသြဇာအလွန်အကျွံ သုံးစွဲမှုကြောင့် လူ့ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်ပုံတွေကို သတိပေးခဲ့ပါတယ်။
ဒါပေမဲ့ အများစုကတော့ ဒီဖြတ်ကတတ်ဆန်း ထုတ်ပြန်လိုက်တဲ့ မူဝါဒဟာ စိုက်ပျိုးရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ဆိုတာထက် နိုင်ငံခြားငွေလက်ကျန် ကျဆင်းနေတာကို ကာကွယ်ဖို့ကြိုးပမ်းချက်သာ ဖြစ်တယ်လို့ ရှုမြင်ကြပါတယ်။
ရာဂျာပါစကာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့အထဲ တောင်သူလယ်သမားတွေလည်း ပါဝင်ခဲ့ပြီး နောက်ဆုံး ဇူလိုင်လထဲရောက်တော့ သမ္မတဟာ ရာထူးက နုတ်ထွက်ပြီး ပြည်ပကို ထွက်ပြေးသွားခဲ့ရပါတယ်။
သီရိလင်္ကာမြောက်ပိုင်း Anuradhapura ခရိုင်ထဲမှာ စပါး ငါးဧကလောက် လုပ်ကိုင်နေတဲ့ ၅၂ နှစ်အရွယ်တောင်သူ Athula Dissanayake က ဓာတ်မြေဩဇာပိတ်ပင်ခံရအပြီး အခြားမြေဆီအမျိုးမျိုးကို အစားထိုးသုံးစွဲပြီး သူ့စပါးခင်းတွေကို အဖတ်ဆယ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ အရာမထင်ခဲ့ပါဘူး။ သူ့စိုက်ခင်းက စပါးအထွက် ၅၀ ရာခိုင်နှုန်းလောက်အထိ ကျဆင်းခဲ့ပါတယ်။
Dissanayake က အဘက်ဘက်က ကြီးမြင့်လာတဲ့ စရိတ်စကတွေကြောင့် လုံးချာလည်လိုက်နေကြောင်း၊ သွားခလာခ၊ ကလေးကျောင်းစရိတ်နဲ့ စိုက်ခင်းလုပ်သားစရိတ်တွေအားလုံး မြင့်တက်လာကြောင်း ညည်းညူပါတယ်။
ဓာတ်မြေသြဇာတားမြစ်ပိတ်ပင်မိန့်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ ဖယ်ရှားပေးခဲ့ပေမဲ့ တောင်သူလယ်သမားတွေကတော့ မြေဆီဝယ်ယူရရှိရေး ရုန်းကန်ကြရဆဲပါ။ နိုင်ငံခြားငွေကြေး ချို့တဲ့နေတာကြောင့် သွင်းကုန် မတင်သွင်းနိုင်တော့သလို တစ်ဖက်မှာ ရုရှားက ယူကရိန်းကို ကျူးကျော်တဲ့စစ်ပွဲကြောင့် ကမ္ဘာ့ဓာတ်မြေသြဇာဈေးနှုန်းတွေ မြင့်တက်နေခဲ့ပါတယ်။
ငွေရှင်တွေဖြစ်တဲ့ အိန္ဒိယနဲ့ ကမ္ဘာ့ဘဏ်တို့က ကြားဝင်ပြီး သီရိလင်္ကာကို အရေးပေါ်ငွေကြေး ချထားပေးကာ ပြတ်လပ်ကုန်စည်တွေကို ဝယ်ယူနိုင်စေခဲ့ပါတယ်။
တောင်သူတွေဟာ အရင်က ယူရီးယား ၅၀ ကီလို တစ်အိတ်ကို သီရိလင်္ကာရူပီး ၁၅၀၀ (၄ ဒေါ်လာ) နဲ့ ဝယ်ယူနိုင်ခဲ့ကြောင်း Kadirgamar က ပြောပါတယ်။ ဒါပေမဲ့ ဒီနှစ်ထဲမှာ ဈေးတွေဟာ ရူပီး ၄၀၀၀၀ အထိ မြင့်တက်သွားခဲ့ပါတယ်။ နောက်ပိုင်းမှ အစိုးရက ယူရီးယား ၅၀ ကီလို တစ်အိတ်ကို ရူပီး ၁၀၀၀၀ နဲ့ ဈေးလျှော့ရောင်းပေးခဲ့တာပါ။
တောင်သူတွေအနေနဲ့ မတတ်သာတော့တဲ့အဆုံး မြေဧရိယာ လျှော့ချစိုက်ပျိုးတာဖြစ်စေ၊ လယ်လုပ် သား မငှားရမ်းတော့ဘဲ မိသားစုဝင်တွေကို ပိုမိုမှီခိုတာဖြစ်စေ လုပ်ရတော့မယ်လို့ ပြောပါတယ်။ သီရိလင်္ကာမြောက်ပိုင်းက ဆန်စပါးတောင်သူနောက်တစ်ဦးဖြစ်တဲ့ Terrance Gamini က မြို့ပေါ်မှာ အလုပ်ဆုံးရှုံးကုန်တဲ့ အမျိုးသား၊ အမျိုးသမီးတွေဟာ ကျေးလက်ကို ပြန်လာကြပေမဲ့ ရွာရောက်တော့လည်း ငွေကြေးရတဲ့အလုပ် ရှာလို့မရကြဘူးလို့ ပြောပါတယ်။
“ဒါဟာ တောင်သူအဝန်းအဝိုင်းအတွင်းမှာ လူမှုရေးရာမငြိမ်မှုတွေ ဖန်တီးပေးပါလိမ့်မယ်။ မကြာခင်မှာ ဓာတ်မြေသြဇာ ပြန်လည်ပြတ်တောက်တော့မှာ ဖြစ်ပြီး နောက်ရာသီမှာလည်း တောင်သူတွေ ဆန္ဒပြကြရပြန်ပါဦးမယ်” လို့ သူက ပြောပါတယ်။
အကျပ်အတည်းမဖြစ်ခင်က တစ်ဦးချင်းဝင်ငွေပိုင်းမှာ အိန္ဒိယထက် နှစ်ဆပိုများခဲ့တဲ့ သီရိလင်္ကာဟာ ယခုတော့ နိုင်ငံခြားအကူအညီအပေါ် မှီခိုနေရပါပြီ။ တရုတ်အပါအဝင် နိုင်ငံတွေဟာ သီရိလင်္ကာထံ ဆန်တန်ချိန် ထောင်ပေါင်းများစွာ ပေးပို့ထားသလို ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ်နဲ့ တခြားအဖွဲ့အစည်းတွေကလည်း သီရိလင်္ကာပြည်သူ သန်းပေါင်းများစွာထံ အစားအသောက်နဲ့ ငွေကြေးတွေ လှူဒါန်းထားပါတယ်။
နိုင်ငံတောင်ပိုင်း Monaragala ခရိုင်ထဲက ကလေးနှစ်ယောက်မိခင် Nirosha Nilmini ဟာ အရင်တုန်း ခေါင်းအုံးချုပ်လုပ်ငန်းနဲ့ ရပ်တည်နိုင်ခဲ့ပေမယ့် ယခုတော့ WFP က ပေးတဲ့ ငွေကြေးအကူအညီ ရယူပြီး အစားအသောက် ဝယ်ယူနေရပါတယ်။ “အခုတော့ ခေါင်းအုံးရောင်းပြီး ရပ်တည်နိုင်ဖို့ ခက်ခဲသွားပြီ” လို့ သူမက ပြောပါတယ်။
ကျေးလက် NGO တစ်ခုဖြစ်တဲ့ မြေယာနဲ့ စိုက်ပျိုးရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှု (Movement for Land and Agricultural Reform) ရဲ့ ညှိနှိုင်းရေးမှူး Shamila Rathnasooriya ကတော့ ထောက်ပံ့ကူညီမှုတွေနဲ့တင် မလုံလောက်ဘူးလို့ ပြောပါတယ်။ သူတို့အဖွဲ့ဟာ တောင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး ဒေသမျိုးတွေ စိုက်ပျိုးရေးနဲ့ အခြားနည်းစနစ်တွေ အသုံးပြုကာ ဓာတ်မြေဩဇာစရိတ် သက်သာရေးနဲ့ စိုက်ပျိုးရေးကဏ္ဍ နာလန်ထူလာရေးကို ဆောင်ရွက်လျက်ရှိပါတယ်။
"ကျွန်တော်တို့ ဒေသန္တရဖြေရှင်းမှုနည်းလမ်းတွေကို ရှာဖွေရပါမယ်။ ဒီအတိုင်းဆိုရင် ရေရှည်ဆက်ခံမှာ မဟုတ်ပါဘူး။ နောက်ရာသီအတွက် ဓာတ်မြေဩဇာ ဘယ်လိုရနိုင်မယ်ဆိုတာလည်း မသိရသေးပါဘူး" လို့ သူက ပြောပါတယ်။
ဝေယံဟိန်း (B.Ag)
Ref: Sri Lanka farmers count the cost of government fertiliser ban - Financial Times
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။