သီရိလင်္ကာလယ်သမား Nallathambi Mahendran ဟာ နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ သူ့ရဲ့ လေးဧက အကျယ် မြစိမ်းရောင်စပါးခင်းကြီးအနီး ဖြတ်လျှောက်သွားရင်း စပါးပင်တွေ ဒီအရွယ်မှာ ရှိနေရမယ့် အပင်အမြင့်ကို တိုင်းတာပြနေပါတယ်။ အပင်တွေဟာ တကယ်ရှိသင့်တာထက် ပေပေါင်းအများကြီးကို ပုညှက်နေတာပါ။
ဒီစပါးနယ်မှာ ဓာတ်မြေသြဇာချို့တဲ့မှုကြောင့် စပါးပင်တွေ ပုညှက်ညှက် ဖြစ်ခဲ့ရတာ နှစ်ရာသီဆက် ရှိပြီလို့ ဒေသခံလယ်သမားတွေ၊ သမဂ္ဂခေါင်းဆောင်နဲ့ နယ်မြေခံအစိုးရအရာရှိတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
'ကီလီနော်ချီ' ခရိုင်အတွင်း စပါး ၁၀၉၀၀ ဟက်တာ စိုက်ပျိုးထားပြီး ပျမ်းမျှအထွက်နှုန်း တစ်ဟက်တာကို မက်ထရစ်တန်ချိန် ၂ ဒသမ ၃ တန်သာ ရှိနိုင်မယ်လို့ ရိုက်တာသတင်းဌာနက ကြည့်ရှုခွင့်ရခဲ့တဲ့ အစိုးရခန့်မှန်းချက်တွေမှာ ဖော်ပြထားပါတယ်။
ဒီအရင်နှစ်တွေတုန်းက ဒေသရဲ့ စပါးအထွက်ဟာ တစ်ဟက်တာကို ၄ ဒသမ ၅ တန် ရှိခဲ့တယ်လို့ နယ်မြေခံအစိုးရတာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
ဒီအိန္ဒိယသမုဒ္ဒရာကျွန်းစုနိုင်ငံလေးအတွင်းက စပါးစိုက်ခင်းတွေဟာ အလားအလာမကောင်းဖြစ်နေပြီး မိုးစပါးအထွက်နှုန်းဟာ ယခင်နှစ်ရဲ့ တစ်ဝက်လောက်အထိတောင် နိမ့်ကျလာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ဆန်စပါးဟာ သီရိလင်္ကာနိုင်ငံရဲ့ အခြေခံအစားအစာ ဖြစ်တာနဲ့အညီ ဒီအခြေအနေဟာ ကုန်ဈေးနှုန်းကြီးမြင့်လာမှု၊ အာဟာရချို့တဲ့နှုန်းမြင့်မားမှု စတာတွေ အပါအဝင် နောက်ပိုင်းခေတ်ကာလအတွင်း အဆိုးဆုံးစီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်နေရတဲ့ နိုင်ငံအပေါ် နောက်ထပ်ဖိအားသစ် ကျရောက်စေတော့မှာဖြစ်ပါတယ်။
ဓာတ်မြေသြဇာပြတ်တောက်မှုဟာ လယ်သမားတွေ ကြုံတွေ့နေရတဲ့ တစ်ခုတည်းသော ပြဿနာ မဟုတ်ပါဘူး။ နိုင်ငံဟာ စက်သုံးဆီ လုံလောက်အောင် တင်သွင်းနိုင်ဖို့လည်း နိုင်ငံခြားငွေကြေး မရှိတော့သလောက် ဖြစ်ပါတယ်။ ဒါကြောင့် ဆန်စပါးတွေ ဈေးကွက်ကို တင်ပို့ပေးမယ့် စက်ယန္တရားနဲ့ ကုန်တင်ကားတွေ မလည်ပတ်နိုင်တော့ပါဘူး။ တချို့လယ်သမားတွေက သူတို့သီးနှံကို ရိတ်သိမ်းဖို့တောင် မသင့်တော့ဘူးလို့ ဆိုကြပါတယ်။
ဒီလို စီးပွားရေးဒုက္ခသုက္ခ ရှိနေပြီးသား အခြေအနေမှာ စပါးသီးနှံလည်း မဖြစ်ထွန်းတော့တာကြောင့် ဒီကျွန်းစုနိုင်ငံအနေနဲ့ အိန္ဒိယချေးငွေနဲ့ ပြည်ပအကူအညီလို ရှားတောင့်ရှားပါးနိုင်ငံခြားငွေကြေးကို သုံးပြီး ဆန်တန်ချိန်ပေါင်းများစွာကို တင်သွင်းရဖို့ ရှိနေပါတယ်။
နိုင်ငံတစ်ဝန်း လက်ရှိမိုးရာသီ စပါးထုတ်လုပ်မှုဟာ ယခင်နှစ်တွေ ပျမ်းမျှထုတ်လုပ်မှုရဲ့ ထက်ဝက်လောက်သာ ထွက်ရှိနိုင်မယ်လို့ သီရိလင်္ကာနိုင်ငံ Peradeniya တက္ကသိုလ်က သီးနှံပညာပါမောက္ခ Buddhi Marambe က ပြောပါတယ်။
"ဒါဟာ အဓိကအားဖြင့်တော့ သီးနှံတွေ ပင်ပိုင်းကြီးထွားမှုအဆင့်မှာ ဓာတ်မြေသြဇာ ပြတ်လပ်ခဲ့လို့ ဖြစ်ပါတယ်။ ယူရီးယား ဓာတ်မြေသြဇာ ရရှိအောင် အစွမ်းကုန် ကြိုးစားခဲ့ပေမဲ့ ဒေသများစွာမှာ အရနောက်ကျခဲ့ပါတယ်" လို့ Marambe က ပြောပါတယ်။
သီရိလင်္ကာနိုင်ငံဟာ ပြည်တွင်းဆန်စပါးဖူလုံမှု ဆယ်စုနှစ်ပေါင်းများစွာ ရရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ မနှစ်ကစပြီး ဓာတ်မြေသြဇာပြတ်တောက်မှုဟာ စပါးအထွက် ထိခိုက်ခဲ့ကာ သီရိလင်္ကာအနေနဲ့ နိုင်ငံတကာဈေးကွက်ကနေ ဆန်တန်ချိန် ၁၄၉၀၀၀ ဝယ်ယူခဲ့ရပါတယ်။ ယခု ၂၀၂၂ ခုနှစ်ထဲမှာ ဆန်တန်ချိန် ၄၂၄၀၀၀ တင်သွင်းဖို့ မှာထားရပြီဖြစ်ပါတယ်။
စက်တင်ဘာလမှာ စတင်စိုက်ပျိုးမဲ့ ဆောင်းစပါး မပေါ်ခင် ၂၀၂၃ ခုနှစ် ပထမနှစ်လအတွင်းမှာ စားနပ်ရိက္ခာပြတ်လပ်မှု မဖြစ်ပေါ်စေအောင် နောက်ထပ် ဆန်တင်သွင်းမှုတွေ ထပ်လိုအပ်နိုင်တယ်လို့ Marambe က ခန့်မှန်းပါတယ်။
စိုက်ပျိုးရေးဝန်ကြီးဌာနက ဖွဲ့စည်းထားတဲ့ ကော်မတီတစ်ခုဟာ နောက်ထပ် ဆန်ဘယ်လောက်တင်သွင်းဖို့ လိုအပ်တယ်ဆိုတဲ့အပေါ် အကဲဖြတ်နေကြတယ်လို့ အမည်ထုတ်ပြောခဲ့ခြင်းမရှိတဲ့ ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အစိုးရပြောခွင့်ရပုဂ္ဂိုလ်တွေကတော့ လက်ရှိ စားနပ်ရိက္ခာအခြေအနေနဲ့ နောက်ထပ် တင်သွင်းရနိုင်ခြေအပေါ် မှတ်ချက်ပေးဖို့ ဆက်သွယ်တာကို တုံ့ပြန်ဖြေကြားခြင်းမရှိကြပါဘူး။
ဆန်စပါးဟာ လူဦးရေ ၂၂ သန်းရှိ နိုင်ငံရဲ့ အခြေခံအစားအစာလည်း ဖြစ်၊ ထုတ်လုပ်မှုအများဆုံးသီးနှံလည်း ဖြစ်ပါတယ်။ နိုင်ငံရဲ့ ကျေးလက်စီးပွားရေးဖြစ်တဲ့ ငါးလုပ်ငန်းနဲ့ စိုက်ပျိုးရေးမှာ လုပ်ကိုင်နေသူ တောင်သူလယ်သမား ၈ ဒသမ ၁ သန်း ရှိတဲ့အနက် နှစ်သန်းလောက်ဟာ ဆန်စပါးတောင်သူတွေ ဖြစ်တယ်လို့ အစိုးရထုတ်ပြန်တဲ့စာရင်းအရ သိရပါတယ်။
'အဆိုးဆုံးတွေ လာဦးမယ်'
စားသောက်ကုန်ဈေးမြင့်တက်နှုန်းဟာ နှစ်အလိုက် နှိုင်းယှဉ်ချက်အရ ၉၀ ရာခိုင်နှုန်းကျော် ရှိနေကြောင်း ဇူလိုင်လထုတ် အချက်အလက်တွေအရ သိရပါတယ်။
သီရိလင်္ကာလူဦးရေ ၂၂ သန်းအနက် ၆ ဒသမ ၇ သန်းလောက်ဟာ အစားအစာ ဝဝလင်လင် မစားကြရတော့ဘူးလို့ ကမ္ဘာ့စားနပ်ရိက္ခာရန်ပုံငွေအဖွဲ့ (WFP) ကလည်း ထုတ်ပြန်ထားပါတယ်။
နောက်ထပ် ထိခိုက်နာကျင်မှုတွေ လာဦးဖွယ် ရှိနေပါတယ်။
မိုးစပါးအထွက် ထက်ဝက်လောက် ကျဆင်းနိုင်တာအပြင် ဓာတ်မြေသြဇာပြတ်လပ်ခြင်း၊ သွင်းအားစုစရိတ်ကြီးမြင့်ခြင်းတို့ကြောင့် ရေကန်၊ ဆည်မြောင်း ရှုပ်ထွေးပေါများပြီး မြေဆီသြဇာဖြစ်ထွန်းတဲ့ ကီလီနော်ချီဒေသက တောင်သူအချို့ဟာ ဆောင်းစပါးကို မစိုက်ပျိုးတော့ဘဲ နေကြဖို့ စဉ်းစားနေပါတယ်။
"ကျွန်တော်တို့ စပါးခင်းထဲ ဆင်းအလုပ်လုပ်နေလည်း ငွေကြေးအကျိုးအမြတ်မှ မရှိတာ။ ယူရီးယားမြေဆီ မရနိုင်ဘူးဆိုရင်တော့ ဆောင်းရာသီရောက်ရင် မစိုက်တော့ဘူး" လို့ အသက် ၆၇ နှစ်ရှိ တောင်သူ Mahendran က ပြောပါတယ်။
ကီလီနော်ချီဒေသထဲက စိုက်ပျိုးရေးအိမ်ထောင်စု ၇၅၀၀ ကို ကိုယ်စားပြုတဲ့ Iranaimadu လယ်သမားအသင်းကလည်း မကြာသေးခင်က အစည်းအဝေးတစ်ခုမှာ အစိုးရတာဝန်ရှိသူတွေထံ ဒီသတင်းစကားကို ပါးခဲ့ပါတယ်။
"လောင်စာဆီက ကျွန်တော်တို့အတွက် အကြီးမားဆုံး ပြဿနာပါ" လို့ လယ်သမားအသင်းရဲ့ အတွင်းရေးမှူး Mutthu Sivamohan က ကီလီနော်ချီမြို့ မိန်းလမ်းမကြီးဘေး စက်သုံးဆီဆိုင်အနီး နှစ်မိုင်လောက်ရှည်တဲ့ ယဉ်တန်းကြီးအတွင်း ဆီဖြည့်ဖို့ တန်းစီစောင့်ရင်း ပြောပါတယ်။
"ကျွန်တော်တို့ သီးနှံလည်း မရိတ်သိမ်းနိုင်သလို နောက်သီးနှံကိုလည်း မစိုက်နိုင်တော့ဘူး" လို့ Sivamohan က ပြောပါတယ်။
ကီလီနော်ချီခရိုင်ထဲက စပါးတွေကို သီတင်းပတ်အနည်းငယ်အတွင်း ရိတ်သိမ်းရမှာ ဖြစ်ပေမဲ့ သီးနှံဝယ်ယူပြီး သယ်ယူပို့ဆောင်မယ့်ကုန်ကားတွေ ဆိုက်မလာတော့ဘူးလို့ သူက ပြောပါတယ်။
ကောက်ရိတ်ခြွေစက်တွေအတွက် ဒီဇယ်ဆီကိုလည်း ခွဲတမ်းနဲ့သာ ရရှိသလို လောင်စာဆီ ခက်ခဲတာကြောင့် စပါးသယ်မယ့်ကားတွေလည်း အနည်းငယ်သာ ထွက်နိုင်တယ်လို့ သိရပါတယ်။
သီရိလင်္ကာမှာ စားနပ်ရိက္ခာကပ်ဘေး ကြုံလာရမယ့်အခြေအနေဟာ အော်ဂဲနစ်နိုင်ငံဖြစ်အောင် ဆိုပြီး ၂၀၂၁ ဧပြီလမှာ ဓာတ်မြေသြဇာတင်သွင်းမှု ပိတ်ပင်ဖို့ဆုံးဖြတ်ခဲ့တဲ့ သမ္မတဟောင်း ဂိုတာဘာယာ ရာဂျာပါစကာရဲ့ ဆုံးဖြတ်ချက်အမှားကြောင့် ဖြစ်တယ်လို့ ဝေဖန်သူအချို့က ပြောပါတယ်။
လယ်ယာစိုက်ပျိုးရေးအဖွဲ့တွေဆီက ပြင်းထန်ကျယ်ပြန့်တဲ့ ဆန့်ကျင်ဆန္ဒပြမှုတွေ ကြုံလာရချိန်မှာတော့ အဆိုပါပိတ်ပင်မှုကို ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ပြန်လည်ဖယ်ရှားခဲ့ပါတယ်။ ဒါပေမဲ့ မြေဆီတွေ ပြတ်တောက်ပြီး လယ်မားတွေဟာ ယခင်နှစ် ဆောင်းသီးနှံအတွက် လိုအပ်တဲ့ ဓာတ်မြေသြဇာတွေကိုတော့ အချိန်မီ မရခဲ့ကြပါဘူး။
ဒီနောက် ဧပြီလမှာ သီရိလင်္ကာရဲ့ ငွေကြေးအကျပ်အတည်း ဖြစ်ပေါ်ကာ နိုင်ငံစီးပွားရေး ပြိုလဲပြီး နိုင်ငံခြားအရန်ငွေကလည်း စံချိန်တင် လျော့နည်းလာတာကြောင့် ရာဂျာပါစကာအစိုးရဟာ လယ်သမားတွေအတွက် ဓာတ်မြေသြဇာ လုံလောက်အောင် တင်သွင်းပေးနိုင်ခြင်းမရှိတော့ပါဘူး။
နိုင်ငံခြားငွေကြေး ပြတ်လပ်နေတဲ့ တစ်ချိန်တည်းမှာပဲ ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ပြုမှုကြောင့် ဈေးနှုန်းတွေ အဘက်ဘက်က ကြီးမြင့်လာပြီး ဓာတ်မြေသြဇာတင်မကဘဲ လောင်စာဆီ၊ ဓာတ်ငွေ့၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ တင်သွင်းရေးပါ အကျပ်ရိုက်ခဲ့ရပါတယ်။
'လူတွေ နေ့တိုင်း သေနေကြရ'
အဲဒီလို ပြတ်တောက်မှုတွေကြောင့် အစိုးရအပေါ် ပြည်သူလူထုရဲ့ ဒေါသအိုး ပေါက်ကွဲထွက်လာပြီး အုံနဲ့ကျင်းနဲ့ အပြင်းအထန် ဆန္ဒပြခဲ့ကြရာမှာ တစ်ချိန်က သြဇာကြီးခဲ့တဲ့ သမ္မတ ရာဂျာပါစကာဟာ နောက်ဆုံးတော့ နိုင်ငံကနေ ထွက်ပြေးပြီး သမ္မတရာထူးကနေ နုတ်ထွက်ပေးခဲ့ရပါတယ်။
၂၀၀၉ ခုနှစ်က အဆုံးသတ်ခဲ့တဲ့ ကာလရှည် ပြည်တွင်းစစ် လက်ကျန်အဖြစ် စစ်တပ် ပုံမှန်ထက် ပိုများပြီး ရှိနေသေးတဲ့ ကီလီနော်ချီဒေသမှာတော့ အစိုးရဆန့်ကျင်ဆန္ဒပြပွဲတွေ ကြီးကြီးမားမား မဖြစ်ပေါ်ခဲ့ပါဘူး။
ဒါပေမဲ့ နိုင်ငံစီးပွား ပြိုလဲမှုရဲ့ အကျိုးဆက်ဟာ ဒီကုန်းတွင်းပိုင်းဒေသထိပါ ဂယက်ရိုက်ခဲ့ပြီး လူဦးရေ ၈ သောင်းကနေ တစ်သိန်းအထိ သေဆုံးစေခဲ့တဲ့ ပြည်တွင်းစစ်မှာ မသေဘဲ ရှင်ကျန်ခဲ့တဲ့ လယ်သမားတွေ အတိဒုက္ခ ရောက်နေကြရပါပြီ။
မြေဧရိယာ ၇၅ ဧက စိုက်ပျိုးနေတဲ့ လယ်သမား Chinnathambi Lankeshwaran ဟာ ပုံမှန်အားဖြင့် တစ်ဧကအတွက် စိုက်စရိတ် သီရိလင်္ကာရူပီး ၇၀၀၀၀ (၁၉၇ ဒေါ်လာ) ကုန်ကျပြီး တစ်ဧကချင်းစီကနေ စပါး အိတ် ၄၀ လောက် ထွက်ရှိကြောင်း ပြောပါတယ်။
ယခုတော့ သွင်းအားစုပြတ်လပ်မှုနဲ့ ငွေကြေးဖောင်းပွမှုတွေကြောင့် သူကုန်ကျတဲ့ စိုက်စရိတ်ဟာ တစ်ဧက ရူပီး နှစ်သိန်းအထိ ရှိလာပြီး အထွက်နှုန်းကတော့ ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေး မသုံးရတဲ့အတွက် တစ်ဧကကို စပါး ၁၈ အိတ်-အိတ် ၂၀ လောက်သာ ရှိတော့ကြောင်း Lankeshwaran က ပြောပါတယ်။
စိုက်ပျိုးရေးသွင်းအားစုစရိတ်တွေ မြင့်တက်လာတာဟာ အင်မတန် သိသာထင်ရှားကြောင်း တောင်သူများစွာ ပြောပြတဲ့ ကုန်ကျစရိတ် ခန့်မှန်းချက်တွေအရ တွေ့မြင်ရပါတယ်။
ယခင်က ၁၅၀၀ ရူပီးသာ ကျသင့်ခဲ့တဲ့ ယူရီးယားတစ်အိတ်ဟာ ယခုတော့ ရူပီး ၄၀၀၀၀ အထိ ရှိနေပါပြီ။ စပါးမှာ အသုံးပြုတဲ့ နာမည်ကြီး ပေါင်းသတ်ဆေး Loyant တစ်လီတာဘူးဟာ ပုံမှန်းဈေးထက် ၁၀ ဆကျော် မြင့်တက်နေပြီး အကယ်၍ ဝယ်ယူလို့ရနိုင်ခဲ့ရင် တစ်ဘူးကို ရူပီး တစ်သိန်းလောက်အထိ ပေးနေရပါတယ်။
တောင်သူတွေ စပါးထည့်တဲ့ အိတ်ခွံတွေဟာလည်း ဈေးသုံးဆလောက် တက်နေပြီး တစ်အိတ်ကို ၁၆၀ ရူပီးလောက် ရှိနေပါတယ်။ အိတ်တွေကို ချည်နှောင်တဲ့ကြိုး ဈေးနှုန်းဟာ ပုံမှန်ထက် ငါးဆကျော် မြင့်တက်ကာ တစ်ကီလိုကို ၁၂၀၀ ရူပီးအထိ ရှိနေပါတယ်။
မှောင်ခိုဈေးကွက်မှာ ပေါက်နေတဲ့ ဒီဇယ်ဆီဈေးဟာ တစ်လီတာကို ၁၂၀၀ ရူပီး (၃ ဒသမ ၃၈ ဒေါ်လာ) အထိ ရှိရာ ပန့်ဆိုင်က တရားဝင်သတ်မှတ်ဈေးနှုန်း ၄၃၀ ရူပီးထက် အဆမတန် ပိုများနေပါတယ်။
ဒါပေမဲ့ အဆိုပါသွင်းအားစုတွေဟာ ဈေးလည်းကြီးသလို ရှားလည်းရှားပါးနေပါတယ်။ Lankeshwaran ဆီမှာ ဂျုံ အိတ် ၃၀၀ လောက် ရှိနေပေမဲ့ ကုန်သည်တွေဟာ စက်သုံးဆီအခက်အခဲကြောင့် လာရောက်သယ်ယူနိုင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။
"ပြည်တွင်းစစ်တုန်းကတော့ ဘယ်နားကနေ ဗုံးထပေါက်မလဲလောက်ပဲ လန့်နေခဲ့ရတာ။ အခုကျတော့ နေ့စဉ်နေ့တိုင်း လူတွေ သေဆုံးနေရပြီ" လို့ ပြည်တွင်းစစ်တုန်းက မိသားစုလိုက် အိမ်ပစ်ရာပစ်ပြေးခဲ့ရဖူးသူ အသက် ၄၉ နှစ်အရွယ် တောင်သူက ပြောပါတယ်။
ဝေယံဟိန်း (B.Ag)
Ref: Sri Lanka faces looming food crisis with stunted rice crop - Reuters
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။