လက်ဖက်နိဒါန်းနှင့် လက်ဖက်ပင်ကြိုက်နှစ်သက်သော ရေ၊ မြေ၊ ရာသီဥတု

24/01/2023 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

လက်ဖက်နိဒါန်း

လက်ဖက်သည် ရှေးနှစ်ပေါင်းများစွာကပင် မြန်မာ့ယဉ်ကျေးမှုပွဲလမ်းသဘင်များတွင်လည်း ကောင်း၊ နေ့စဉ်အစားအစာများတွင်လည်းကောင်း မပါမဖြစ် မြတ်နိုးတန်ဖိုးထားရသော အစား အစာဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်ဖက်ကိုသောက်သုံးရန် လက်ဖက်ခြောက် (အချိုနှင့်အခါး) အပြင် လက်ဖက်အစိုကို အချဉ်ဖောက်၍ လက်ဖက်သုပ်အဖြစ်  စားသုံးကြပါသည်။

လက်ဖက်ပင်၏ မူရင်းဒေသမှာ တရုတ်နိုင်ငံဖြစ်ပြီး တစ်နှစ်ပတ်လုံးစိမ်းလန်းသောအပင် ဖြစ် သည်။ လက်ဖက်၏ အင်္ဂလိပ်အမည်မှာ Tea ဖြစ်ပြီး ယေဘုယျအားဖြင့် တရုတ်မျိုး(Camellia sinensis )နှင့် အာသံမျိုး(Camellia assamica)ဟူ၍ နှစ်မျိုးရှိသည်။  

တရုတ်မျိုး- အရွက်များသည် သေးငယ်ပြီးထောင်မတ်ကာ အရွက်၏ထောင်မတ်‌ထောင့်သည် ၅၀ ဒီဂရီထက် ကျဉ်းသည်။  ခြုံပုတ်သဏ္ဌာန်ပင်စည်များကာ အအေးဒဏ်ကို ခံနိုင်ရည်ရှိပြီး အနည်းဆုံးနှစ်ပေါင်း ၁၀၀ ထိ ရှင်သန်နိုင်သည်။ 

အာသံမျိုး- အရွက်များသည် အပြားလိုက်ထွက်ပြီး ကျယ်ပြန့်သည်။ အပင်ငယ်များသည် မူလက သစ်တောများအတွင်း ပေါက်ဖွားခဲ့သည်ဟု ယူဆရသည်။ အရွက်၏ထောင်မတ်ထောင့်သည် ၇၀ ဒီဂရီထက်ကျယ်သည်။ ပင်စည်တစ်ခုတည်းရှိပြီး အမြင့်ပေ ၆-၁၈ မီတာ ထိရှိသည်။ မျိုးကွဲများစွာရှိပြီး ပုံမှန်ကိုင်းဖြတ်ခြင်းနှင့် ခူးဆွတ်ခြင်းပြုလုပ်ခြင်းဖြင့် သက်တမ်း နှစ် ၄၀ ထိရှင်သန်နိုင်သည်။ 

မြန်မာပြည်မြောက်ပိုင်းတွင် မြန်မာ့လက်ဖက်မျိုးရင်းများကို စတင်တွေ့ရှိရပြီး မြန်မာနှင့် တရုတ်နိုင်ငံ ယူနန်၊ စီချွမ်း ပြည်နယ်မှ Camellia sinensis (တရုတ်မျိုး)မူရင်းဟု ယူဆကြသည်။ သို့သော် မြန်မာနိုင်ငံတွင် အာသံလက်ဖက်မျိုးများကို အများဆုံး တွေ့ရှိရသည်။ ရှမ်းပြည်နယ်သည် လက်ဖက်အများဆုံးစိုက်ပျိုးသော ပြည်နယ်ဖြစ်ပြီး တစ်နိုင်ငံလုံး စုစုပေါင်းစိုက်ဧက၏ ၈၀ % ခန့် ရှိသည်။ 

လက်ဖက်ပင်ကြိုက်နှစ်သက်သော ရေ၊ မြေ၊ ရာသီဥတုအခြေအနေ

ရာသီဥတုအခြေအနေနှင့် မြေမျက်နှာပြင်အနေအထားများသည် လက်ဖက်စိုက်ပျိုးထုတ်လုပ်ခြင်းတွင် အရေးပါသောအခန်းကဏ္ဍတစ်ခုဖြစ်ပြီး လက်ဖက်အရည်အသွေးနှင့် အထွက်နှုန်းကိုပါ သက်ရောက်မှုရှိသည်။ 

  • လက်ဖက်ပင်ကြီးထွားရန်အပူချိန်မှာ ၁၈ မှ ၃၅ ဒီဂရီစင်တီဂရိတ်အတွင်း အသင့်တော်ဆုံးဖြစ်သည်။ ၃၅ ဒီဂရီစင်တီဂရိတ်ထက်များပြီး ၁၈ ဒီဂရီစင်တီဂရိတ်အောက်လျော့ပါက အပင်ကြီးထွားမှုကို ထိခိုက်စေသည်။ 
  • လက်ဖက်ပင်သည် မိုးများခြင်းကိုနှစ်သက်ပြီး တစ်နှစ်ပတ်လုံး မိုးရေချိန် ၁၂၀ မှ ၂၈၀ စင်တီမီတာ လိုအပ်သည်။ 
  • လက်ဖက်ပင်များသည် အရိပ်ကြိုက်ပင်များဖြစ်ကာ အရိပ်ရလျှင် ပို၍မြန်စွာ ကြီးထွားကြသည်။
  • လက်ဖက်စိုက်ပျိုးရန် လေထုစိုထိုင်းဆ ၈၀ ရာခိုင်နှုန်းသည် အသင့်တော်ဆုံး ဖြစ်သည်။ ၈၀ ရာခိုင်နှုန်းထက်များပါက မှိုရောဂါဖြစ်ပွားမှု များစေပြီး ၄၀ ရာခိုင်နှုန်းအောက်နည်းပါက ကောင်းစွာရှင်သန်မဖြစ်ထွန်းနိုင်ပါ။
  • ပင်လယ်ရေ မျက်နှာပြင်အထက် ၁၅၀၀ မှ ၂၂၅၀ မီတာအထက်တွင် လက်ဖက်ပင်သည် အကောင်းဆုံးအရည်အသွေးကို ရရှိနိုင်ပါသည်။
  • လက်ဖက်ပင်သည် ရေစီးရေလာကောင်းသော နုန်းမြေတွင် စိုက်ပျိုးဖြစ်ထွန်းပြီး ရေဝပ်သောနေရာတွင် မဖြစ်ထွန်းပေ။
  • လက်ဖက်စိုက်ပျိုးရန်အတွက် မြေချဉ်ငန်ကိန်း ၄ - ၅.၅ လိုအပ်သည်။ အယ်ကာလီဓာတ်များသောမြေသည် အပင်ကြီးထွားမှုကို နှောင့်နှေးစေပြီး အချိန်မမှန်ဘဲ ပန်းပွင့်ခြင်းနှင့် အသီးသီးခြင်းတို့ ဖြစ်စေသောကြောင့် ထိုမြေများတွင် မစိုက်ပျိုးသင့်ပါ။
  • လက်ဖက်သည် မြေစေးကို မနှစ်သက်ပါ။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်