ပိုက်လှောင်အိမ်စနစ်ဖြင့် တီလားပီးယားငါးမွေးမြူနည်း (၂)

10/02/2023 15:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

 

သဘာဝရေကန်များ၊ ရေလှောင်ကန်ကြီးများ၊ ငါးမွေးမြူကန်များ၊ မြစ်များ၊ ရေထုတ်တူးမြောင်းများ၊ မြစ်ဝဒေသများနှင့် ကမ်းရိုးတန်း ပတ်ဝန်းကျင်ဒေသများ စသည်တို့တွင် ပိုက်လှောင်အိမ်စနစ်ဖြင့် တီလားပီးယားငါးများ မွေးမြူနိုင်ပါသည်။

ယင်းကဲ့သို့မွေးမြူရန် လိုအပ်ချက်များထဲမှ 'လှောင်အိမ်ထားရှိရန်နေရာရွေးချယ်ခြင်း' နှင့် 'လှောင်အိမ်ပုံစံဒီဇိုင်းထုတ်ခြင်းနှင့်တပ်ဆင်ခြင်း' အကြောင်းများကို အပိုင်း(၁) တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://greenwaymyanmar.com/posts/Tilapia_fish_farming_by_cage

ယခု အပိုင်း(၂) တွင်တော့ ဖောင်ပြုလုပ်နည်းများကို ဆက်လက်ဖော်ပြပေးသွားပါမည်။

(၁) ဝါးနှင့်ဖော့တုံးများ

ရေပေါ်ပေါ်သော ဖောင်တစ်ခုပြုလုပ်ရန်အတွက် ယခုနည်းလမ်းမှာ စျေးအသက်သာဆုံးနည်းလမ်းတစ်ရပ်ဖြစ်ပါသည်။ သို့သော် အဆိုပါဖောင်ပေါ်တွင် အလုပ်လုပ်ရန်တော့ သိပ်မကောင်းပါ။ လှေတစ်စီးကို အသုံးပြုရန် လိုအပ်မည်ဖြစ်ပါသည်။

ဖော့တုံးသည်စျေးသက်သာပြီး အတုံးလိုက်ဝယ်ယူနိုင်ပါသည်။ ဖော့တုံးများသည် သက်တမ်းအားဖြင့် တစ်နှစ်အောက်သာခံနိုင်ပြီး ပျက်စီးသွားသောဖော့တုံးငယ်များမှာ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားစေပါသည်။ ဖော့တုံးများ၏သက်တမ်း ပိုမိုခံနိုင်ရန်ဆိုပါက ဖော့တုံးကို ပလတ်စတစ်အိတ်အတွင်းထုပ်ပိုးပြီး ပြုလုပ်နိုင်ပါသည်။

အသားထူပြီး လုံးပတ်ကြီးသောဝါးများကို အတူတကွစုစည်း၍ ဖောင်ပြုလုပ်နိုင်ပါသည်။ ဝါးများကို ပိုမိုများပြားစွာအသုံးပြုလေ လှောင်အိမ်များတလျှောက် လမ်းလျှောက်နိုင်ရန် ပို၍လွယ်ကူလေ ဖြစ်ပါသည်။ သို့သော် အဆိုပါဝါးဖောင်သည် အလွန်လေးသဖြင့် ရေပေါ်ပေါ်နေစေရန်ဆိုပါက ဖော့တုံးများစွာ လိုအပ်မည်ဖြစ်သည်။

ဝါးများသည် ၄င်းတို့ကိုယ်တိုင် ရေပေါ်ပေါ်စေရန် အသုံးပြုနိုင်မည်ဖြစ်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဝါးများသည် ရေများစုပ်ယူ၍ ရေပေါ်ပေါ်နိုင်စွမ်း လျော့ကျလာပြီး လှိုင်းလုံးများကြောင့် ဖောင်များကိုရေလွှမ်းနိုင်သည့် ဘေးအန္တရာယ်တော့ အမြဲရှိနိုင်ပါသည်။

၂။ စတီးလ်ပိုက်များနှင့် စည်ပိုင်းများ

ဤပုံစံကို ထိုင်းနိုင်ငံတွင် အများစုအသုံးပြုကြပြီး ဒေသတွင်းရရှိနိုင်သောပစ္စည်းများဖြင့် ပြုလုပ်ကြပါသည်။ တစ်လက်မအရွယ်စတီးလ်ပိုက်များမှာ အတော်အသင့်စျေးချိုပြီး ရေမျက်နှာပြင်အထက်  ၃၀-၅၀ စင်တီမီတာအမြင့်တွင်ထားရှိ၍ ကြံ့ခိုင်တောင့်တင်းပြီး တည်ငြိမ်၍သံချေးမတက်သောဖောင်အဖြစ် ပြုလုပ်နိုင်ပါသည်။

ပိုက်လုံးများကို အစုံလိုက်ချပြီး ၄င်းတို့အား အတူတကွငြမ်းစင်အဆက်များဖြင့် ချိတ်ဆက်ပါသည်။စုံလိုက်ပိုက်များအကြားတွင် စည်ပိုင်းများကိုထားရှိ၍ ပိုမိုခိုင်မာစေရန် ကြားနေရာများ၌ ကန့်လန့်ဖြတ်ဘားတန်းများကို ထားရှိပါသည်။

ပျဉ်ပြားများ (သို့မဟုတ်)အလူမီနီယံအပြားများကို ပိုက်လုံးများနှင့် ချိတ်ဆက်၍ လျှောက်လမ်းပြုလုပ်ပြီး အသုံးပြုနိုင်ပါသည်။ 

စည်ပိုင်းများ အထူးသဖြင့် ပလတ်စတစ်စည်ပိုင်းသည် အမှန်တကယ်အားဖြင့် ဖောင်ပြုလုပ်ရာ၌ စျေးအကြီးဆုံးအပိုင်းဖြစ်ပြီး စည်ပိုင်းအနည်းဆုံးအသုံးပြုခြင်းဖြင့် အကောင်းဆုံး ဖောင်ဒီဇိုင်းတစ်ခုကိုလည်း ပြုလုပ်နိုင်ပါသည်။

များစွာသောလှောင်အိမ်များသည် တစ်ခုနှင့်တစ်ခုကြား ၃ မီတာမှ ၅ မီတာခြားပြီး လိုအပ်ပါက ပို၍ကြီးမားစွာ ပြုလုပ်နိုင်ပါသည်။ တနည်းအားဖြင့် ဖော့တုံးတစ်ခုကို စတီးလ်ဖရိန်အတွင်းထည့်ပြီး သံဓာတ်ပါသောအင်္ဂတေဖြင့် ပြုလုပ်ထားသည့်ဘောများကို အသုံးပြုနိုင်ပါသည်။

အချို့သော အရွယ်အစားကြီးမားသော သဘာဝရေကန်ကြီးများနှင့် ရေလှောင်ကန်ကြီးများတွင် လှိုင်းလေများတိုက်ခတ်မှုသည် အလွန်ပြင်းထန်နိုင်သဖြင့် အကြံပြုလိုသည်မှာ ဖောင်အတွက်ပိုထူသော စတီးလ်ပိုက်လုံးကြီးများကို အသုံးပြုခြင်းဖြင့်သော်လည်းကောင်း၊ တည်ဆောက်ဖွဲ့စည်းပုံဒီဇိုင်း၏အစိတ်အပိုင်းဖြစ်သော လျှောက်လမ်းများ ပိုမိုခိုင်မာစေရန်ပေါင်းစည်းခြင်းဖြင့်သော်လည်းကောင်း ၄င်းလှောင်အိမ်များကို ပိုမိုခိုင်မာကြံ့ခိုင်စေရေး ပြုလုပ်နိုင်ပါသည်။

မြစ်ကြီးများအတွင်း၌ ဖောင်များကို အတွဲလိုက်ပြုလုပ်ထားသဖြင့် အခြားသောအမှိုက်များသည် လှောင်အိမ်များကို ပိတ်ဆို့ပြီးဖျက်ဆီးနိုင်ပါသည်။ ထိုကဲ့သို့ဖြစ်ပါက ဖြေရှင်းနိုင်သည့်တစ်ချက်မှာ ဖောင်၏အစွန်းတစ်ဖက်တွင် ဗွီပုံသဏ္ဍာန်စတီးလ်ဖရိန်တစ်ခုထည့်ပြီး ဖြေရှင်းခြင်းဖြစ်ပါသည်။

ဤပုံစံကို မဲခေါင်မြစ်အတွင်း၌ လှောင်အိမ်ဖြင့် ငါးမွေးမြူကြသူများ ကောင်းစွာအသုံးပြုကြပါသည်။ ၄င်းတို့သည် လှောင်အိမ်ဖောင်များ၏ အစွန်းတစ်ဖက်တွင် အိမ်ငယ်တစ်လုံးတည်ဆောက်ပြီး ရွေ့လျားနိုင်အောင်ပြုလုပ်ထားကြပါသည်။

(၃) ရေပေါ်ပေါ်သော ပလတ်စတစ်ဖရိန်ဖောင်များ

ပလတ်စတစ်လှောင်အိမ် ကော်လာအမျိုးအစားအမျိုးမျိုးကို ရရှိနိုင်ပြီး ၄င်းတို့ကို အတူတကွအလွယ်တကူ တပ်ဆင်ခြင်းဖြင့် ကောင်းမွန်သော လျှောက်လမ်းတစ်ခုနှင့်အလုပ်လုပ်နိုင်မည့် ပတ်ဝန်းကျင်တစ်ရပ်ပြုလုပ်နိုင်ပါသည်။ ၄င်းတို့သည် အတော်အသင့်စျေးကြီးနိုင်ပြီး ဒေသ၌ ပုံမှန်အားဖြင့် အလွယ်တကူ မရရှိနိုင်ပါ။

(၄) စက်ဝိုင်းပုံ ရေပေါ်ပေါ်သော လှောင်အိမ်ဖရိန်များ 

ယင်းကဲ့သို့လှောင်အိမ်များကို များသောအားဖြင့် ပီဗွီစီပိုက်(၁-၃)လုံးကို ပေါင်းစည်းခြင်း(သို့မဟုတ်) အချင်းပိုကြီးသော HDPE ပိုက်များဖြင့် စက်ဝိုင်းပုံသဏ္ဍာန်အဝိုင်းဖရိန်တစ်ခုကို ပြုလုပ်ခြင်းများဖြင့် ဖန်တီးနိုင်ပါသည်။ ၄င်းဖရိန်အဝိုင်းများသည် အရွယ်အစားအားဖြင့် အချင်း(၁၀)မီတာမှ (၃၀)မီတာအထိ ကြီးနိုင်ပြီး မြင့်မားစွာကွေးနိုင်ဆန့်နိုင်သဖြင့် လှိုင်းဒဏ်ကို ကောင်းကောင်းခံနိုင်ပါသည်။

ပေါင်းစည်းချည်ထားသော စက်ဝိုင်းဖရိန်(၃)ခုမှာလည်း ရေပေါ်ပေါ်နိုင်မှုအလွန်အားကောင်းသဖြင့် လှောင် အိမ်အနက်များကို တပ်ဆင်အသုံးပြုနိုင်ပြီး လှိုင်းအမြင့် (၃.၅)မီတာအထိ ခံနိုင်ရည်ရှိပါသည်။

ယခုလိုအဝိုင်းပုံရေပေါ်လှောင်အိမ်များသည် နဂိုမူလမှာ ပင်လယ်ပြင်တွင် ဆယ်လ်မွန်ငါးများမွေးမြူရန်အတွက် ဒီဇိုင်းပုံဖော်ထုတ်ထားခြင်းဖြစ်သော်လည်း များစွာသောတိုင်းပြည်များ၌ မိုးသက်မုန်တိုင်းတိုက်ခတ်တတ်သောနေရာများဖြစ်သည့် သဘာဝရေကန်ကြီးများ၌ တီလားပီးယားမွေးမြူသောအခါတွင်လည်း အဆိုပါအဝိုင်းပုံရေပေါ်ပိုက်လှောင်အိမ်ကြီးများကို အသုံးပြုကြပါသည်။

၄င်းစက်ဝိုင်းပုံရေပေါ်လှောင်အိမ်များသည် မြစ်အတွင်း၌ မွေးမြူရန်အတွက်သင့်တော်မှု မရှိသော်လည်း ထိုင်းနိုင်ငံ၌ အသုံးပြုနေကြသေးပါသည်။ အကြောင်းကတော့ လူအချို့မှာ ၄င်းပုံစံ ရေပေါ်လှောင်အိမ်များကို တည်ဆောက်ရန် ဗဟုသုတရှိကြသလို အထူးပြုပစ္စည်းကိရိယာများကို အသုံးပြုနေကြသောကြောင့်ဖြစ်ပါသည်။

ယခုအခါ ငါးမွေးတောင်သူများသည် ၄င်းတို့၏ထုတ်လုပ်မှုအတိုင်းအတာကို မြှင့်တင်လာကြပြီး ကုန်ကျ စရိတ်များ လျှော့ချလာသဖြင့် ရှေ့လျှောက်အနာဂတ်တွင် ပြောင်းလဲလာကြလိမ့်မည်ဖြစ်ပါသည်။

အချင်း ၂ မီတာပတ်လည်ရှိပြီး ၅ မီတာအနက်ရှိသော ရေပေါ်ပိုက်လှောင်အိမ်ကြီးတစ်ခုဖြင့် မွေးမြူခြင်းသည် ထိုင်းပုံစံ အလျား (၅)မီတာ x အနံ (၅)မီတာ x အနက်(၂)မီတာရှိသော လှောင်အိမ်အလုံး(၃၀)၌ မွေးမြူနိုင်သည့်ငါးပမာဏအတိုင်း ထည့်သွင်းမွေးမြူနိုင်ပါသည်။ ၄င်းလှောင်အိမ်များတွင် အလိုအလျောက် အစာကျွေးစက်များ တပ်ဆင်အသုံးပြုနိုင်သဖြင့် အလုပ်သမားခကိုလည်း အနိမ့်ဆုံးလျှော့ချနိုင်ပါသည်။

(၅) လေးထောင့်ပုံ စတီးလ်ဖရိန်ဖြင့် ရေပေါ်လှောင်အိမ်တွဲများ

ဤပုံစံမှာ ဆယ်လ်မွန်ငါးမွေးမြူသူများမှ ပင်လယ်ပြင်တွင် အကာအကွယ်ရှိသောနေရာများ၌ အသုံးပြုကြသော နဂိုမူလပုံစံတစ်မျိုးဖြစ်ပါသည်။ ၄င်းလှောင်အိမ်ပုံစံမှာ အရွယ်အစားအားဖြင့် အတော်ကြီးမားပြီး (၁၀၀)မီတာပတ်လည်မှ (၆၂၅)မီတာပတ်လည်အထိ ကြီးမားပါသည်။

၄င်းဖရိန်ကိုသံချေးမတက်အောင် သွပ်ရည်ဖုံးထားသော စတီးလ်ပိုက်များဖြင့် တည်ဆောက်ကြပါသည်။ ခံနိုင်ဝန်ကြီးမားသောပုံစံဆိုပါက (၃)မီတာအမြင့်လှိုင်းလုံးများကို ခံနိုင်ရည်ရှိကြပြီး ခံနိုင်ဝန်နည်းသော ပုံစံများဆိုပါက လှိုင်းအမြင့် (၁.၅)မီတာကို ခံနိုင်ရည်ရှိပါသည်။

ရေပေါ်ပေါ်သော ဘလောက်တုံးများသည် ပလတ်စတစ်(သို့မဟုတ်)ဖိုင်ဘာဂလပ်စ်များကို ဖော့များဖြင့်ဖြည့်၍ပြုလုပ်ထားခြင်းဖြစ်ပြီး ဖောင်၏တည်ဆောက်ဖွဲ့စည်းပုံသည် ကျယ်ပြန့်သော လျှောက်လမ်းများဖြင့် လွန်စွာတည်ငြိမ်မှုရှိပြီး အမျိုးမျိုးပြောင်းသုံးနိုင်ပါသည်။ ၄င်းပုံစံရေပေါ်လှောင်အိမ်များကို စျေးကြီးသဖြင့် တီလားပီးယားမွေးမြူရာ၌ အသုံးမများကြပါ။ သို့သော် ရေရှည်အသုံးပြုနိုင်သဖြင့် ပေးရသည့်စျေးနှုန်းနှင့် ထိုက်တန်သည်ကိုတော့ ပြောစရာမလိုပေ။

လှောင်အိမ် ပုံသဏ္ဍာန် 

ဆလင်ဒါပုံသဏ္ဍာန်လှောင်အိမ်များသည် အလုပ်လုပ်ကိုင်ရန်အတွက် အကောင်းဆုံးဖြစ်ကြောင်း ပေါ်ထွက်လာပြီး ဆလင်ဒါပုံစံတွင် ငါးများတိုက်မိပြီး အနာတရဖြစ်နိုင်ရန်အတွက် ထောင့်ချိုးများလည်းမပါရှိပါ။ သေချာစွာတည်ဆောက်ပြီးပါက ၄င်းပုံစံလှောင်အိမ်သည် ငါးများပါရှိသည့်လှောင်အိမ်ကိုရေပေါ်သို့တစ်ဝက်လောက်ထိမတင်ရန်ပင် လူတစ်ယောက်အတွက် အတော်ပေါ့ပါးနေပါသေးသည်။

လှောင်အိမ်ပုံသဏ္ဌာန်နှင့် မသက်ဆိုင်ဘဲ ငါးများအထဲ၌ ရှိနေသောပိုက်လှောင်အိမ်ကို သေချာစွာထောက်ခံထားမှု မရှိလျှင် လှောင်အိမ်တစ်ခုလုံးကို ရေပေါ်သို့ မတင်ခြင်း မပြုလုပ်ရပါ။ပလတ်စတစ်များသည် များသောအားဖြင့် ချုပ်ရိုး၊ စပ်ကြောင်းများ၌ကျိုးပေါက်တတ်ပါသည်။ လေးထောင့်ကျကျပုံ(သို့မဟုတ်) စတုရန်းပုံသဏ္ဌာန်လှောင်အိမ်များကို အများအားဖြင့် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုကြသည်။

Ref; ငါးလုပ်ငန်းဦးစီးဌာန။

(အပိုင်း-၃ တွင် လှောင်အိမ်အရွယ်အစားနှင့် လုပ်ငန်းသုံးပစ္စည်းများအကြောင်းကို ဆက်လက်ဖော်ပြပေးပါမည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်