တူရကီနဲ့ ဆီးရီးယားကငလျင် လူအသေအပျောက် ဘာကြောင့် ဒီလောက်များသွားသလဲ

10/02/2023 11:00 AM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

ဖေဖော်ဝါရီ ၆ ရက် နံနက်လင်းကြက်တွန်ချိန်လောက်မှာ ဧရာမငလျင်ကြီးတစ်ခုက တူရကီတောင်ပိုင်းနဲ့ ဆီးရီးယားမြောက်ပိုင်းဒေသကို လှုပ်ခတ်ဖျက်ဆီးခဲ့ပါတယ်။ အိုးအိမ်တိုက်တာ ထောင်ပေါင်းများစွာ ပြိုကျပြီး လူပေါင်းများစွာလည်း အုတ်ကျိုးအုတ်ပဲ့ပုံတွေအောက် ပိတ်မိခဲ့ပါတယ်။ နောက်ဆက်တွဲငလျင်များစွာလည်း လှုပ်ခတ်ခဲ့ပြီး အဲဒီထဲက တစ်လုံးဆိုရင် ပင်မငလျင်လောက်နီးနီး ပြင်းအားကြီးခဲ့ပါတယ်။

ဒီစာရေးနေချိန်မှာတောင် ငလျင်ကြောင့်သေဆုံးသူ လူ ၁၅၀၀၀ ကျော် ရှိနေပြီး (နောက်ဆုံးသတင်းတွေအရ ၂၁၀၀၀ ကျော်သွားပြီဖြစ်) များစွာ ဒဏ်ရာရရှိထားကြောင်း သိထားရပါတယ်။ သေဆုံး/ဒဏ်ရာရစာရင်း ဒီထက်ပိုပြီး မြင့်တက်လာဦးမှာလည်း အသေအချာပါပဲ။

တူကရီသမ္မတ Recep Tayyip က တူရကီဟာ "ရာစုနှစ်အတွင်း အပြင်းထန်ဆုံး သဘာဝဘေးဆိုးနဲ့ ကြုံတွေ့လိုက်ရတာ" လို့ ပြောထားပါတယ်။ ဒါပေမယ့် ဒီငလျင်ဟာ ဘာကြောင့် ဒီလောက် လူ အသေအပျောက် များစေခဲ့တာလဲ။ ဒီလိုအဖြစ်မဆိုးအောင် ဘာတွေ လုပ်ဆောင်လို့ ရနိုင်ခဲ့ပါသလဲ။

ငလျင်တွေဟာ မြေအောက် ကျောက်ထုလွှာ (tectonic plates) တွေ ပွတ်တိုက်ရွေ့လျားရာကနေ ဖြစ်ပေါ်တာပါ။ ကမ္ဘာလုံးအကာပိုင်း ဧရာမကျောက်ထုလွှာကြီးတွေဟာ အောက်မှာရှိတဲ့ ကမ္ဘာ့ကြားလွှာအတွင်းက အပူစီးကြောင်းတွေကြောင့် နေရာရွေ့ကြပါတယ်။ ကျောက်ထုလွှာကြီးတွေဟာ အရွယ်အစား အမျိုးမျိုး ရှိပါတယ်။

အမေရိကန်အနောက်မြောက် ကမ်းရိုးတန်းအောက်က ဂျူအန်ဒီဖူကာ (Juan de Fuca plate) ကျောက်ထုလွှာကြီးဟာ အနီးနားက အော်ရီဂွန်ပြည်နယ်လောက်ထိ ကျယ်ပြောပါတယ်။ ပစိဖိတ်ကျောက်ထုလွှာကြီးဆိုရင် ကမ္ဘာမြေရဲ့ ငါးပုံတစ်ပုံနီးပါးအထိ လွှမ်းခြုံကျယ်ဝန်းပါတယ်။ ဒီကျောက်ထုလွှာကြီးတွေ ဆုံတဲ့နေရာကို ပြတ်ရွေ့ကြောတွေလို့ ခေါ်ပြီး အဲဒီနေရာတွေမှာ ကျောက်ထုလွှာ တစ်ခုနဲ့တစ်ခု တွန်းတိုက်မှုတွေ ဖြစ်ပေါ်ပါတယ်။ တွန်းတိုက်မှုအား အလွန်အမင်း ကြီးလာတဲ့အခါ ကျောက်ထုလွှာတွေ ချော်ထွက်ပြီး တစ်ခုအ‌ပေါ် တစ်ခု မေးတင်သွားကာ တူရကီနဲ့ ဆီးရီးယားမှာ ကြုံရတဲ့ ငလျင်ကြီးမျိုးတွေ ဖြစ်ပေါ်စေတာဖြစ်ပါတယ်။

တူရကီဟာ ငလျင်အလှုပ်များတဲ့နိုင်ငံဖြစ်ပါတယ်။ နိုင်ငံ‌ဒေသအတော်များများဟာ အနာတိုလီယန်ကျောက်ထုလွှာ (Anatolian plate) အပေါ်မှာ တည်ရှိနေပါတယ်။ အဲဒီကျောက်ထုလွှာကို အခြားကျောက်ထုလွှာလေးခုက ဝန်းရံညှပ်ပိတ်ထားတာပါ။

သူ့ရဲ့ အရှေ့တောင်ဘက်က အာရေဗျ‌ကျောက်ထုလွှာ (Arabian plate) ဟာ အနောက်မြောက်ဘက်ဆီ တွန်းကန်နေတယ်။ ပိုပြီး ကြီးမားကျယ်ပြောလှတဲ့ မြောက်ဘက်က ယူရေးရှန်းကျောက်ထုလွှာ (Eurasian plate) က  အရှေ့တောင်ဘက်ဆီကို ရွေ့လျားနေပါတယ် (ပုံတွင်ရှု)။

ပုံမှန်အားဖြင့် ငလျင်တွေက အနာတိုလီယန်ကျောက်ထုလွှာရဲ့ မြောက်ဘက်ခြမ်းပြတ်ရွေ့ကြောမှာ ဖြစ်လေ့ရှိတာပါ။ အဲဒီပြတ်ရွေ့ကြောဟာ ယူရေးရှန်း ကျောက်ထုလွှာနဲ့ ထိစပ်နဲ့နေရာမှာရှိပြီး မြို့တော်အစ္စတန်ဘူလ်နဲ့လည်း အလွန်နီးကပ်ပါတယ်။ ခုနောက်ဆုံး လှုပ်ခတ်လိုက်တဲ့ ငလျင်ကြီးကတော့ တခြားပြတ်ရွေ့ကြောပေါ်မှာပါ။ အာရေဗျကျောက်ထုလွှာနဲ့ ဆုံတွေ့ရာ အနာတိုလီယန် အရှေ့ဘက်ခြမ်း ပြတ်ရွေ့ကြောမှာ ဖြစ်ပါတယ်။

ဒီငလျင်ရဲ့ ဖျက်ဆီးမှုစွမ်းအားကို ပိုကြီးစေခဲ့တဲ့ အကြောင်းများစွာ ရှိပါတယ်။ တစ်ချက်က ငလျင်ရဲ့ ပြင်းအားပါ။ ပင်မငလျင်ပြင်းအားဟာ ၇ ဒသမ ၈ ရှိပြီး နောက်ဆက်တွဲလှုပ်တဲ့ ငလျင်တွေထဲက အားအပြင်းဆုံးတစ်ခုဆိုရင် ၇ ဒသမ ၅ အထိ ရှိခဲ့ပါတယ်။ ပျမ်းမျှအားဖြင့် ကမ္ဘာမှာ တစ်နှစ်ကို ပြင်းအား ၇ ထက် ပိုများတဲ့ ငလျင် ၁၅ ခုလောက် လှုပ်လေ့ရှိပါတယ်။ (ဒီပြင်းအားအတိုင်းအတာကိန်းဂဏန်းဟာ လော်ဂရစ်သမ်နည်းကို အခြေခံထားတာဖြစ်ပြီး ပြင်းအားတစ်ယူနစ်တိုးတိုင်း ငလျင်က ထုတ်လွှတ်တဲ့ စွမ်းအင်ပမာဏ ၃၂ ဆတိုးတယ်လို့ မှတ်ယူရပါတယ်။) ဒီငလျင်မှာ ဗဟိုပြုလှုပ်ခတ်ရာ မြေအောက်အနက်ကလည်း အခြားငလျင်တွေထက် တိမ်လွန်းတာကြောင့် မြေမျက်နှာပြင်ပေါ်မှာ သက်ရောက်တဲ့အားကို ပိုပြီး ကြီးမား‌စေခဲ့ပုံရပါတယ်။

(ကနဦးခန့်မှန်းချက်တွေအရ မြေအောက် ၁၁ မိုင်အနက်မှာ ဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း သိရပါတယ်။) 

မြေပြင်ပေါ်မှာ ရှိနေတဲ့ အကြောင်းရင်းခံတွေကလည်း အခြေအနေကို ပိုပြီးဆိုးစေခဲ့ပါတယ်။ ပင်မငလျင်ဟာ လူတွေ နေအိမ်တွင်း အိပ်မောကျနေတဲ့ ညအချိန်မှာ လှုပ်ခတ်ခဲ့တာကြောင့် ထွက်ပြေးလွတ်မြောက်ဖို့ အခွင့်အလမ်းနည်းစေခဲ့ပါတယ်။ ဆောင်းရာသီရဲ့ အအေးဒဏ်ကလည်း အိမ်ပြိုအိမ်ပျက်တွေကြား ပိတ်မိနေသူတွေ အသက်ဆက်နိုင်ရေး မလွယ်ကူအောင်လုပ်နေပါတယ်။ ဆီးရီးယားမှာဆိုရင် နှစ်များစွာ ဖြစ်ပွားလာတဲ့ စစ်ပွဲကြောင့် နိုင်ငံက ဖွတ်ဖွတ်ညက်ညက်ကြေနေတော့ တာဝန်ရှိသူတွေအနေနဲ့ ထိထိရောက်ရောက် တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ ခဲယဉ်းပါလိမ့်မယ်။

ဟာရီကိန်းမုန်တိုင်းနဲ့ ရေဘေးလို သဘာဝဘေးတွေကို မိုးလေဝသပညာရှင်တွေက ကောင်းကောင်း ကြိုတင်ခန့်မှန်းနိုင်ပေမယ့် မြေငလျင်ပညာရှင်တွေကတော့ ငလျင်နဲ့ပတ်သက်လို့ အလားတူ ခန့်မှန်းနိုင်စွမ်း မရှိသေးပါဘူး။ (ဒီအတွက် ကြိုးစားလေ့လာနေကြရဆဲပါ။)

လက်ရှိအနေအထားမှာ သူတို့ လုပ်ပေးနိုင်သမျှကတော့ မြေကြီး သိမ့်သိမ့်တုန်စေတဲ့ ပင်မငလျင်လှိုင်းကြီးတွေမလာခင် အရင်ရောက်တတ်တဲ့ ရှေ့ပြေးလှိုင်းတွေကို ဖမ်းယူနိုင်‌အောင် ကိရိယာတွေ တပ်ဆင်ပေးတာပါ။ ဒါပေမဲ့ ဒီငလျင်သတိပေးချက်ဟာလည်း တကယ့်ငလျင်ကြီးမလှုပ်မီ တစ်မိနစ်လောက်သာ ကြိုသိရတာ ဖြစ်ပြီး ဒီကိရိယာတွေကို ထိန်းသိမ်းရတာလည်း အလွန်အအမင်း ကုန်အကျများပါတယ်။

အခုတော့ ငလျင်နဲ့ပတ်သက်လာရင် လုပ်နိုင်တာက အဆိုးဆုံးအခြေအနေအတွက် ပြင်ဆင်ထားခြင်းဖြစ်ပါတယ်။ တူရကီလို ငလျင်အန္တရာယ်မြင့်မားတဲ့နိုင်ငံတွေမှာ အဆောက်အအုံတွေကို ငလျင်ဒဏ် ခံနိုင်အောင် တည်ဆောက်ဖို့ စည်းမျဉ်းထုတ်ထားလေ့ရှိပါတယ်။

ဒါပေမဲ့ တူရကီမှာ အဆောက်အအုံအများစုဟာ စည်းမျဉ်းတွေ မထွက်ခင်ကတည်းက ဆောက်ထားတာတွေ ဖြစ်ပါတယ်။ နောက်ပြီး အကျင့်ပျက်ခြစားမှုနဲ့အတူ ဆောက်လုပ်ရေးသမားတွေက စည်းမျဉ်းတွေကို လျစ်လျူရှုတာလည်း ရှိပါတယ်။

ဒါ့အပြင် အန္တရာယ်ဇုန်တွေမှာတောင် အမှန်တကယ် အထိအခိုက်အပျက်အစီးများတဲ့ ငလျင်ကြီး‌တွေ လှုပ်ခဲတာကြောင့် ပြင်ဆင်မှုပိုင်းမှာ ပေါ့ဆတာတွေ ရှိပါတယ်။ အခုဖြစ်ပွားတဲ့ အနာတိုလီယန် အရှေ့ဘက်ခြမ်းပြတ်ရွေ့ကြောမှာ ငလျင်မှတ်တမ်းတွေ စတင်ခဲ့တဲ့ ရာစုနှစ်တစ်ခုကျော်ကာလအတွင်းမှာ ခုလိုငလျင်ကြီးမျိုး တစ်ခါမှ မလှုပ်ခဲ့ဖူးပါဘူး။ ■

ဝေယံဟိန်း (B.Ag)

Ref: What made the earthquake in Turkey and Syria so deadly? - The Economist

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်