ယူကရိန်းက စစ်ပွဲလက်ကျန် အဆိပ်သင့်မြေဆီလွှာများ (၁)

07/03/2023 11:00 AM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

ယူကရိန်းက ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ ခါဆန်မြို့ကို ရုရှားဆီက ပြန်ရပြီးတဲ့နောက် တောင်သူ  Andrii Povod တစ်ယောက် သူ့ယာ‌တောကို ပြန်လာကြည့်တဲ့အခါ ရစရာမရှိအောင် ပျက်စီးနေတာကို တွေ့လိုက်ရပါတယ်။ ထွန်စက်နှစ်စင်းလည်း ပျောက်၊ စိုက်ထားတဲ့ဂျုံတွေလည်း ကုန်တဲ့အပြင် သီးနှံနဲ့ စက်ယန္တရားတွေ ထားရှိရာ ဂိုဒေါင် ၁၁ လုံးစလုံးလည်း ဗုံးထိမှန်ကာ မီးလောင်ပြာကျနေနှင့်ပါပြီ။

ယာမြေတွေပေါ်မှာ ရုရှား ဗုံးဆန်အမြောက်ဆန် ဒဏ်ရာဒဏ်ချက်တွေ ပြည့်နှက်နေသလို မပေါက်ကွဲသေးတဲ့ ခဲယမ်းတွေက ယာခင်းပြင်တွေကို ဆန်ခါပေါက်လို ဖြစ်နေစေပါတယ်။ ဒါပေမဲ့ စစ်ပွဲတစ်နှစ်တာအပြီး အပျက်အယွင်းတွေထဲကမှ အကောင်းပကတိပြန်ဖြစ်အောင် ပြင်ဆင်ရအခက်ခဲဆုံးဟာ မြေဆီဩဇာကောင်းလွန်းလို့ နာမည်ကြီးခဲ့တဲ့ ယူကရိန်းရဲ့မြေဆီလွှာတွေပဲ ဖြစ်ပါလိမ့်မယ်။

ယူကရိန်းအရှေ့မြောက်ပိုင်းက ပြန်သိမ်းပိုက်နယ်မြေ ခါကိဗ်နယ်ထဲကနေ ရယူထားတဲ့ မြေနမူနာတွေကို သိပ္ပံပညာရှင်တွေ စစ်ဆေးကြည့်တဲ့အခါ စစ်ပွဲသုံးခဲယမ်းမီးကျောက်နဲ့ လောင်စာဆီတွေကြောင့် မာကျူရီနဲ့ အာဆင်းနစ်လို အဆိပ်အတောက်တွေ မြေဆီလွှာအတွင်း ပမာဏမြင့်မားစွာ ညစ်ညမ်းပါဝင်နေတာကို တွေ့ခဲ့ကြပါတယ်။

စစ်ပွဲကြောင့် ယူကရိန်းမှာရှိတဲ့ စိုက်ပျိုးမြေယာ ဟက်တာ ၁၀ ဒသမ ၅ သန်းထက်မနည်း နိမ့်ကျပျက်စီးခဲ့တယ်လို့ ယူကရိန်းမြေဆီလွှာသိပ္ပံနဲ့ စိုက်ပျိုးရေးဓာတုဗေဒသုတေသနဌာနက မြေနမူနာနဲ့ ဂြိုလ်တုဓာတ်ပုံတွေကို အသုံးပြုပြီး ခန့်မှန်းထားကြောင်း ရိုက်တာသတင်းဌာနက ကြည့်ရှုခွင့်ရတဲ့ သုတေသနတစ်ခုအရ သိရပါတယ်။

ဒါဟာ ဥရောပတိုက်ရဲ့ ပေါင်မုန့်ဖိုဒေသကြီးလို့ တင်စားကြတဲ့ ယူကရိန်းရဲ့ စိုက်ပျိုးမြေတွေအနက် လေးပုံတစ်ပုံနဲ့ညီမျှပြီး အဲဒီထဲမှာ ရုရှားတပ်တွေ သိမ်းပိုက်ထားဆဲ နယ်မြေတွေ အပါအဝင် ဖြစ်ပါတယ်။

"ကျွန်တော်တို့ဒေသအတွက် အလွန်အမင်း ကြီးမားတဲ့ပြဿနာပါ။ ဒီလိုမြေကောင်းယာကောင်းတွေကို ပြန်မွေးယူလို့မရတော့ဘူး" လို့ အသက် ၂၇ နှစ်ရှိ Povod က ရှေ့တန်းစစ်မြေပြင်တစ်နေရာ ဒီနီပရိုမြစ်နဲ့ ခြောက်မိုင်ခန့်အကွာ ယူကရိန်းအရှေ့တောင်ပိုင်း ဘီလိုဇာကာမြို့အနီးက သူ့ယာတောမှာ လမ်းလျှောက်နေရင်း ပြောပြပါတယ်။

ဥရောပပေါင်မုန့်ဖိုဒေသကြီးမှာ မြေဆီလွှာညစ်ညမ်းမှုပြုပြင်ရေး၊ မိုင်းရှင်းလင်းရေးနဲ့ ပျက်စီးအခြေခံအဆောက်အအုံပြန်လည်တည်ဆောက်ရေး အပါအဝင် အပျက်အယွင်းတွေကို ပြုပြင်ဖို့ ဆယ်စုနှစ်များစွာ အချိန်ယူရနိုင်ပြီး ကမ္ဘာ့ကောက်ပဲသီးနှံရောင်းအားအကျပ်အတည်း နောက်နှစ်များစွာ ဆက်ကြုံရဦးမှာဖြစ်ကြောင်း ရိုက်တာက တွေ့ဆုံမေးမြန်းခဲ့တဲ့ မြေဆီလွှာပညာရှင်၊ တောင်သူလယ်သမား၊ သီးနှံလုပ်ငန်းရှင်ရှင်နဲ့ သုတေသီတို့ ပါဝင်တဲ့ ကျွမ်းကျင်ပညာရှင် နှစ်ဒါဇင်လောက်က ‌ပြောကြပါတယ်။

လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေဟာ မြေသားကို နိုက်ထရိုဂျင်လို အပင်အာဟာရတွေအဖြစ် ပြောင်းလဲပေးနေတဲ့ အဏုဇီဝသက်ရှိတွေရဲ့ အထိမခံဂေဟစနစ်တွေကို ကမောက်ကမဖြစ်စေပါတယ်။ တစ်ခါ တင့်ကားတွေ ဖြတ်သန်းမောင်းနှင်မှုကလည်း မြေသားကို ကျပ်သိပ်သွားစေကာ အပင်အမြစ်တွေ ကြီးထွားရှင်သန်ဖို့ ပိုမိုခက်ခဲသွားစေကြောင်း သိပ္ပံပညာရှင်တွေက ပြောပါတယ်။

အချို့နေရာတွေမှာ မိုင်းအလွန်အမင်း ထိထားသလို ကတုတ်ကျင်းတွေနဲ့ လက်နက်ကြီးထိမှန်ထားတဲ့ ကျင်းချိုင့်တွေကြောင့် မြေမျက်နှာသွင်ပြင် ပြောင်းလဲသွားပြီး ပထမကမ္ဘာစစ်လက်ကျန် စစ်တလင်းနေရာတွေလို သီးနှံစိုက်ပျိုးထုတ်လုပ်လို့ရတဲ့အခြေအနေကို ဘယ်တော့မှ ပြန်ရောက်လာနိုင်ဖွယ်မရှိဘူးလို့ ပညာရှင်အချို့က ပြောပါတယ်။

မြေဆီသြဇာဆုံးရှုံးမှု

စစ်မဖြစ်မီတုန်းက ယူကရိန်းဟာ ကမ္ဘာမှာ ပြောင်းတင်ပို့မှု စတုတ္ထအများဆုံးနဲ့ ဂျုံတင်ပို့ရောင်းချမှု ပဉ္စမအများဆုံးအဖြစ် ရပ်တည်ခဲ့ပြီး တင်သွင်းသီးနှံအပေါ် မှီခိုနေကြရတဲ့ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းဒေသနိုင်ငံတွေဆီ သီးနှံပင်တိုင်ရောင်းချပေးနေတဲ့နိုင်ငံ ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က ရုရှားကျူးကျော်စစ် စတင်လာအပြီးမှာတော့ ယူကရိန်းသီးနှံ တင်ပို့နေကျ ပင်လယ်နက်ဒေသဆိပ်ကမ်းတွေ ပိတ်သွားတာကြောင့် သီးနှံဈေးတွေ ထောင်တက်သွားခဲ့ပြီး ကမ္ဘာတစ်ဝန်းက ကုန်ဈေးနှုန်းမြင့်တက်မှုကို အရှိန်မြင့်စေခဲ့ပါတယ်။

စစ်ပွဲရဲ့ သက်ရောက်မှုကြောင့် ယူကရိန်းနှစ်စဉ် ကောက်ပဲသီးနှံထုတ်လုပ်မှု တန်ချိန် ၁၀ သန်းကနေ သန်း ၂၀ ခန့် ကျဆင်းသွားနိုင်ပါတယ်။ တနည်းအားဖြင့် စစ်မတိုင်ခင်က နှစ်စဉ် ထုတ်လုပ်နေကျ တန်ချိန် သန်း ၆၀ ကနေ ၈၉ သန်းလောက် ရှိခဲ့ရာကနေ အဲဒီရဲ့ သုံးပုံတစ်ပုံပမာဏလောက် ကျဆင်းသွားနိုင်တယ်လို့ မြေဆီလွှာသုတေသနဌာနရဲ့ ဒါရိုက်တာ Sviatoslav Baliuk က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

သီးနှံစိုက်ပျိုးဧရိယာ၊ ရာသီဥတုပြောင်းလဲမှု၊ ဓာတ်မြေသြဇာအသုံးပြုမှုနဲ့ စိုက်ပျိုးရေးနည်းပညာသစ်တွေ ကျင့်သုံးမှု စတဲ့ တခြားအချက်တွေဟာလည်း သီးနှံထုတ်လုပ်မှုအလားအလာအတွက် အရေးကြီးလှပါတယ်။

ယူကရိန်းစိုက်ပျိုးရေးဝန်ကြီးဌာနကတော့ စစ်ပွဲကြောင့် မြေဆီလွှာညစ်ညမ်းမှုနဲ့ စိုက်ပျိုးရေးလုပ်ငန်းအပေါ် ရေရှည်ဆိုးကျိုးသက်ရောက်နိုင်မှုနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

ယူကရိန်းတောင်သူတွေဟာ မြေဆီလွှာထိခိုက်ပျက်စီးမှုအပြင် ယာခင်းတွေအတွင်း မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ဆန်တွေ ကျန်ရှိနေတာ၊ ရေမြောင်းတွေ၊ သီးနှံကျီတွေနဲ့ သင်္ဘောဆိပ်တွေ ပျက်စီးတာနဲ့ပတ်သက်ပြီးလည်း အခက်အခဲရင်ဆိုင်နေကြရပါတယ်။

ယူကရိန်း အကြီးဆုံးကောက်ပဲသီးနှံကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Nibulon ရဲ့ အမှုဆောင်အရာရှိချုပ် Andriy Vadaturskyi က မိုင်းရှင်းလင်းရေးတစ်ခုတည်းတင် နှစ်ပေါင်း ၃၀ လောက်အချိန်ယူရနိုင်တယ်လို့ မျှော်လင့်ထားပြီး ယူကရိန်းတောင်သူတွေ လုပ်ငန်းခွင်ထဲ ပြန်ရောက်အောင် အရေးပေါ်ဘဏ္ဍာရေးအကူအညီတွေ လိုအပ်နေကြောင်း ပြောဆိုပါတယ်။

"ဒီနေ့ဖြစ်နေတာက စားသောက်ကုန်ဈေး ကြီးမြင့်တဲ့ပြဿနာပါ။ စားသောက်ကုန်တွေက ဈေးကွက်ထဲမှာ ရှိပါတယ်။ ဒါပေမဲ့ နောက်တစ်နှစ်ကြာကာလလောက်မှာ ဖြေရှင်းစရာမရှိတဲ့အခြေအနေ၊ သီးနှံလုံးဝပြတ်တောက်သွားတဲ့အခြေအနေ ဖြစ်လာနိုင်ပါတယ်" လို့ Vadaturskyi က အင်တာဗျူးတစ်ခုမှာ ပြောပါတယ်။

ယူကရိန်းရဲ့ မြေဆီသြဇာအကောင်းဆုံး 'Chernozem' လို့ ခေါ်တဲ့ မြေမည်းတွေဟာ ထိခိုက်မှုအခံရဆုံးဖြစ်ကြောင်း သုတေသနဌာနက တွေ့ရှိခဲ့ပါတယ်။ ဒီမြေမည်းတွေဟာ အခြားမြေဆီလွှာတွေထက် အာဟာရပိုကြွယ်ဝပြီး မြေဆွေး၊ ဖော့စဖရပ်နဲ့ နိုက်ထရိုဂျင်တွေ ပိုမိုပါဝင်ကာ အနက် တစ်မီတာခွဲလောက်အထိ မြေသားကောင်းမွန်ကြောင်း သိရပါတယ်။

စစ်ပွဲဒဏ်ချက်တွေဟာ စိုးရိမ်ဖွယ်ရာ မြေဆီမြေသားဆုံးရှုံးမှုကို ဦးတည်စေနိုင်မယ်လို့ သုတေသနဌာနဒါရိုက်တာ Baliuk က ပြောဆိုပါတယ်။

မြေကြီးအတွင်း အဆိပ်အတောက်ဓာတ် များလာတာနဲ့ အဏုဇီဝသက်ရှိတွေ လျော့နည်းလာတာတွေကြောင့် ပြောင်းမျိုးစေ့တွေ အညှောက်ပေါက်ဖို့အတွက် စွမ်းအင်ထုတ်လုပ်နိုင်မှုကို ခန့်မှန်းခြေ ၂၆ ရာခိုင်နှုန်းလောက် လျော့ကျစေကာ အကျိုးဆက်အနေနဲ့ သီးနှံထွက်နှုန်းကျဆင်းစေခဲ့တယ်လို့ ဌာနရဲ့ သုတေသနပြုချက်ကို ကိုးကားပြီး ၎င်းက ပြောဆိုပါတယ်။

ဆက်လက်ဖော်ပြပါမည်။

ဝေယံဟိန်း (B.Ag)

Ref: Soils of war: The toxic legacy for Ukraine's breadbasket

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်