ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံးခိုကျင်းမှသည် မြေအောက်စိုက်ခင်းဆီသို့

14/12/2022 15:00 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

မြေအောက်ရထားတွေအပေါ်က ဖြတ်သန်းသွားလာနေသံ တဂျုန်းဂျုန်းကြားနေရတဲ့ လန်ဒန်မြို့က ဒုတိယကမ္ဘာစစ်လက်ကျန် ‌‌လေကြောင်းတိုက်ခိုက်မှုအကာအကွယ် မြေအောက်ခန်းကြီးထဲမှာ နံနံပင်လေးတွေဟာ ပန်းရောင် LED မီးလုံးတွေရှိတဲ့ဘက်ကို တိမ်းညွှတ်နေကြပါတယ်။ ဒါဟာ အနာဂတ်မှာ တွေ့မြင်လာရနိုင်တဲ့ စိုက်ပျိုးခင်းတစ်ခုရဲ့ ပုံရိပ်လွှာလည်း ဖြစ်ပါတယ်။

Zero Carbon Farms လုပ်ငန်းဟာ သမားရိုးကျစိုက်ပျိုးရေး လုပ်ကိုင်ဖို့ နေရာလွတ်မရှိတဲ့ လန်ဒန်မြို့တောင်ပိုင်းက လူဦးရေသိပ်သည်းရာ ကလက်ဖမ်ခရိုင်ထဲမှာ ဟင်းခတ်အမွှေးအကြိုင်ပင်နဲ့ ကုန်စိမ်းပင်တွေ စိုက်ပျိုးနေပါတယ်။ မြေအောက် မီတာ ၃၀ အနက်မှာ ရှိပြီး စုစုပေါင်း တစ်ကီလိုမီတာ ရှည်လျားတဲ့ ဥမင်လိုဏ်ခေါင်းတွေအတွင်းမှာ နည်းပညာကို အသုံးချပြီး စိုက်ပျိုရေးကို တကယ်ဖြစ်ဖြစ်မြောက်မြောက် လုပ်ကိုင်နေတာပါ။

ကုမ္ပဏီရဲ့ အဦးအဖျားဆုံးသီးနှံကို လွန်ခဲ့တဲ့ ခုနစ်နှစ်အကြာက ရိတ်သိမ်းနိုင်ခဲ့တာဖြစ်ပြီး ယခုတော့ စိုက်ခင်းဧရိယာကို နှစ်ဆ ချဲ့ထွင်သွားတော့မှာဖြစ်ပါတယ်။ Marks & Spencer လိုမျိုး ဗြိတိန်ရဲ့ လက်လီလုပ်ငန်းကြီးတွေနဲ့ စားသောက်ဆိုင်တွေဆီက ပဲညွန့်၊ အာရူဂူလာရွက်နဲ့ ကန်စွန်းရွက်တွေ မှာယူမှု များလာတာကြောင့် ယခုလို လုပ်ငန်းချဲ့ထွင်လာရတာပါ။

ဖောက်သည်တွေဟာ ဒီစိုက်ခင်းက ထွက်တဲ့ကုန်စိမ်းတွေရဲ့ လတ်ဆတ်မှုကို အလွန် သဘောကျကြပါတယ်။ ဒီအသီးအရွက်တွေဟာ ခူးဆွတ်ပြီး နှစ်နာရီအတွင်း ထမင်းစားစားပွဲပေါ် ရောက်ရှိလာနိုင်တဲ့အပြင် မြို့တွင်းထွက် ကုန်စည်ဖြစ်တာကြောင့် လေကြောင်းကုန်းကြောင်းတွေကနေ ခရီးအရှည်ကြီးနှင်၊ ဓာတ်ငွေ့ဆိုးထုတ်လွှတ်မှုတွေ အဖြစ်ခံပြီး သယ်ဆောင်လာစရာ မလိုတော့ပါဘူး။

"ဒီလုပ်ငန်းရဲ့ အနာဂတ်ဟာ အင်မတန်မှ လင်းလက်နေပါတယ်။ လုပ်ငန်းတိုးတက်မှုအတွက် အခြေခံအကျဆုံးအချက်ကတော့ နည်းပညာကို မှန်မှန်ကန်ကန် အသုံးချနိုင်မှု ဖြစ်မယ်ထင်ပါတယ်" လို့ စိုက်ခင်းရဲ့ စိုက်ပျိုးရေးခေါင်း Tommaso Vermeir က ပြောပါတယ်။

ထိန်းချုပ်ပတ်ဝန်းကျင်တစ်ခုမှာ သီးနှံတွေကို ဆင့်စီစိုက်ပျိုးတဲ့ ဒေါင်လိုက်စိုက်ပျိုးရေးနည်းပညာ (Vertical farming) ဟာ တဖြည်းဖြည်း ကျယ်ပြန့်လာတဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှာ ဒီလုပ်ငန်းအပေါ် ဒေါ်လာဘီလျံနဲ့ချီ ရင်းနှီးမြှုပ်နှံလာကြပါတယ်။

လူဦးရေတိုးပွားလာမှုကြောင့် စားနပ်ရိက္ခာဖူလုံရေးစိုးရိမ်လာရချိန်နဲ့ ရာသီဥတုအပြောင်းအလဲနဲ့ ပထဝီဝင်နိုင်ငံရေးတွေက သီးနှံရောင်းအားကို ခြိမ်းခြောက်လာချိန်မှာ ဒီနည်းက ပြဿနာရဲ့ အဖြေ တစ်စိတ်တစ်ဒေသ ဖြစ်လာနိုင်ပါတယ်။

ဒါပေမဲ့ အလင်းရောင်ကို လူက ဖန်တီးပေးပြီး စိုက်ပျိုးတာဖြစ်တဲ့အတွက် သမားရိုးကျစိုက်ပျိုးရေးထက် လျှပ်စစ်စွမ်းအင်သုံးစွဲရမှု ပိုများပါတယ်။ အဲဒီလို စရိတ်စကကြီးမြင့်တာက တစ်ကမ္ဘာလုံးက ဒေါင်လိုက်စိုက်ခင်းတွေအတွက် စိန်ခေါ်ချက်အဖြစ် ရှိနေပါတယ်။

"ဒီလုပ်ငန်းက ဘာကြောင့် စိတ်ဝင်စရာကောင်းတာလဲဆိုတော့ ဘယ်သူမှ ဒါကို အောင်အောင်မြင်မြင် လုပ်မထားနိုင်သေးလို့ပါ" လို့  Zero Carbon Farm ရဲ့ စီးပွားရေးဒါရိုက်တာ Olivia O'Brien က ပြောပါတယ်။

စိုက်ခင်းက မြေအောက်မှာ တည်ရှိနေတဲ့အတွက် အအေးဒဏ်ကနေ အလိုအလျောက် ကာကွယ်ပြီးသား ဖြစ်စေပါတယ်။ ကုမ္ပဏီဟာ လိုအပ်တဲ့ လျှပ်စစ်စွမ်းအင်အချို့ကို ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်တွေဆီကနေ  ရယူတယ်လို့လည်း ဆိုပါတယ်။ ဒီနှစ်ထဲမှာ လျှပ်စစ်စွမ်းအင်ဈေးနှုန်းတွေ မြင့်တက်ခဲ့ပေမဲ့ ကုမ္ပဏီဟာ Octopus Energy လုပ်ငန်းဆီက လျှပ်စစ်ကို ရယူတဲ့အတွက် အခြားနေရာတွေထက် ဈေးပိုသက်သာတယ်လို့ Vermeir က ပြောပါတယ်။

ဒီစိုက်ခင်းဟာ ပုံမှန်စိုက်ပျိုးရေးလုပ်ငန်းနဲ့ယှဉ်ရင် ရေသုံးစွဲမှု ၇၀ ကနေ ၉၀ ရာခိုင်နှုန်းနဲ့ ဓာတ်မြေသြဇာသုံးစွဲမှု ၉၅ ရာခိုင်နှုန်း လျော့နည်းပါတယ်။ သီးနှံပင်တွေကို တစ်နှစ်ပတ်လုံး စိုက်ပျိုးပြီး ပုံမှန်ထက်လည်း ကြီးထွားဖြစ်ထွန်းမှု မြန်ဆန်တယ်လို့ သိရပါတယ်။

Zero Carbon Farms ဟာ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိထားပြီး ရေရှည်တည်တံ့ခိုင်မြဲမှုကိုလည်း ထည့်သွင်းစဉ်းစားတာကြောင့် ဗြိတိန်မှာ ရှိတဲ့ တခြားသော ဒေါင်လိုက်စိုက်ခင်းစီမံကိန်းတွေထက် သာလွန်ကြောင်း၊ စိုက်ခင်းသစ် ချဲ့ထွင်တဲ့အခါ အထွက်နှုန်းတွေ ပိုတိုးလာမယ်လို့ ယုံကြည်ကြောင်း ဆိုပါတယ်။

မျိုးစေ့တွေကို ကော်ဇောပေါ်မှာသာ စိုက်ပျိုးရပြီး စိုက်ခင်းမှာ မြေကြီးကို အသုံးပြုခြင်းမရှိပါဘူး။ ဒါပေမဲ့ ခြံလုပ်သားတွေကတော့ လည်ရှည်ဖိနပ်အပါအဝင် တောင်သူဝတ်စုံပြည့် ဝတ်ဆင်ကာ လုပ်ကိုင်ကြပါတယ်။

ခြံဝန်ထမ်း ၃၅ ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ခြံကြီးကြပ်ရေးမှူး Riley Anderson က ဒါဟာ လန်ဒန်မြို့မှာ တွေ့ရခဲတဲ့အလုပ်ဖြစ်တယ်လို့ ဓားကြီးတစ်ချောင်းနဲ့ ကုန်စိမ်းရွက်တွေကို လိုက်လံရိတ်သိမ်းရင်း ပြောပါတယ်။

"ကျွန်တော်က ရုံးခန်းထဲမှာ အလုပ်လုပ်ရတာမကြိုက်ဘူး။ ပုံစံမတူတာတစ်မျိုးမျိုး လုပ်ချင်နေတာနဲ့ အခုအလုပ်နဲ့ အံကိုက်ပဲ" လို့ သူက ပြောပြပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: Food of the future: London air raid shelter to underground farm - Reuters

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်