ထိုင်းနဲ့ညှိပြီး ဆန်ဈေးမြှင့်တင်ဖို့ သဘောတူမထားကြောင်း ဗီယက်နမ် ပြောလာပြန်

23/09/2022 14:30 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

ဗီယက်နမ်နိုင်ငံအနေနဲ့ ထိုင်းနိုင်ငံနဲ့ ညှိနှိုင်းပြီး ဆန်ဈေးမြှင့်တင်သွားဖို့ကိစ္စ သဘောတူညီထားတာမရှိဘူးလို့ ဗီယက်နမ်စိုက်ပျိုးရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၂ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

နှစ်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာနတွေဟာ သာမန်ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်တွေကိုသာ လုပ် ဆောင်ခဲ့တာဖြစ်တယ်လို့ ဗီယက်နမ်စိုက်ပျိုးရေးဝန်ကြီး Le Minh Hoan က ဟနွိုင်းမြို့ အစိုးရအစည်းအဝေးအတွင်း ထုတ်ပြန်ချက်မှာ ပြောဆိုပါတယ်။

ထိုင်း၊ ဗီယက်နမ် နှစ်နိုင်ငံဟာ ကမ္ဘာ့ဈေးကွက်အတွင်း ဆန်ဈေးကို ညှိနှိုင်းမြှင့်တင်ကြဖို့ သဘောတူညီလိုက်ပြီဆိုတဲ့အကြောင်း ထိုင်းအစိုးရတာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုပြီးနောက် တစ်လမပြည့်ခင်မှာ ဗီယက်နမ်ဘက်က ဒီကိစ္စနဲ့ ပတ်သက်လို့ ပထမဆုံး ထုတ်ပြန်လာတာဖြစ်ပါတယ်။

နှစ်နိုင်ငံဟာ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ မေလအတွင်းက ဆွေးနွေးမှုတွေ စလုပ်ခဲ့ပါတယ်။ ရည်ရွယ် ချက်ကတော့ ကမ္ဘာ့ဆန်ဈေးကွက်အပေါ် ထိန်းချုပ်နိုင်စွမ်းပိုကောင်းလာရေးနဲ့ တောင်သူ လယ်သမားတွေရဲ့ ဝင်ငွေတိုးမြင့်စေရေးတို့ ဖြစ်တယ်လို့ အဲဒီအချိန်တုန်းက ထိုင်းဘက်က ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောဆိုခဲ့ပါတယ်။

ဒီနှစ်နိုင်ငံပေါင်းဟာ ကမ္ဘာ့ဆန် စုစုပေါင်းအနက် ၁၀ ရာခိုင်နှုန်းဝန်းကျင် ထုတ်လုပ်နေပြီး ကမ္ဘာ့တင်ပို့မှုရဲ့ ၂၆ ရာခိုင်နှုန်းခန့် ရောင်းချပေးနေတယ်လို့ အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ထိုင်းပို့ကုန်လုပ်ငန်းရှင်တွေကတော့ ဆန်ဈေးညှိနှိုင်းမြှင့်တင်မယ့်ကိစ္စဟာ လက်တွေ့မဖြစ်နိုင်ဘဲ ထိုင်းနဲ့ ဗီယက်နမ်ဆန်တွေ ဈေးကွက်မယှဉ်ပြိုင်နိုင် ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

ဗီယက်နမ်ဆန်တင်ပို့မှုဟာ အရင်နှစ်တုန်းက တန်ချိန် ၆ ဒသမ ၂၄ သန်း ရှိခဲ့ရာကနေ ဒီနှစ်မှာတော့ အားကောင်းတဲ့ ဝယ်လိုအားကြောင့် တန်ချိန် ၆ ဒသမ ၃ သန်းကနေ ၆ ဒသမ ၅ သန်းအထိ မြင့်တက်လာနိုင်မယ်လို့ မျှော်လင့်ကြောင်း ဗီယက်နမ်စားနပ်ရိက္ခာအဖွဲ့ချုပ်က ပြီးခဲ့တဲ့လမှာ ထုတ်ပြန်ထားပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: Vietnam says not in deal with Thailand to jointly raise rice prices - Reuters

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်