WFP က စားနပ်ရိက္ခာအကူအညီအတွက် စက်တင်ဘာလအတွင်းမှာလည်း ဆက်လက်ကူညီသွားဖို့ရှိ

06/09/2021 12:30 PM တွင် ဂျာနူး ဂျာနူး မှ ရေးသား

    စားနပ်ရိက္ခာအကူအညီလိုအပ်နေတဲ့သူတြေကို WFP ကအကူအညီတွေပေးနေပြီး စက်တင်ဘာလအတွင်းမှာလည်း ဆက်လက်ကူညီသွားဖို့ရှိပါတယ်။ ဒီအကြောင်းအရာတွေကို WFP ကမြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr Stephen Ander son နှင့်မေးမြန်းထားသည်များကို ကောက်နှုတ်တင်ဆက်လိုက်ပါတယ်။ 

ရူပါအောင်ဝင်း

WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr Stephen Anderson မှဖြေကြားသည်။

၁။ WFP  အနေနဲ့ ဩဂုတ်လ နောက်ပိုင်းမှာ မြို့ပေါ်က ထိခိုက်လွယ်ပြီး နေရာအတည်တကျမရှိတဲ့သူတွေကို စာနာထောက်ထားပြီး စားနပ်ရိက္ခာတွေ ထပ်ပြီးလှူဒါန်းသွားဖို့ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီမှာ ဘယ်လိုအစီအစဉ်တွေပါဝင်ပါသလဲ။

    ကျွန်တော်တို့ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အနေနဲ့ စားနပ်ရိက္ခာမလုံလောက်မှုဒဏ်ကို အတော်လေးခံစားနေရတဲ့ ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ လူဦးရေ (၂) သန်းကို ထောက်ပံ့ပေးနိုင်ဖို့အတွက်ရည်ရွယ်ပြီး မေလကတည်းက မြို့ပြစားနပ်ရိက္ခာ အ‌ထောက်အပံ့စီမံချက်တစ်ခုကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ အခုအချိန်ထိ ရန်ကုန်တိုင်းဒေသကြီး  လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်းမြို့နယ်နဲ့ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေ၊ အောင်မြေသာဇံမြို့နယ်မှာရှိတဲ့ ဆင်းရဲနွမ်းပါးဆုံးဒေသတွေက ထိခိုက်လွယ်သူ လူဦးရေပေါင်း ၉၀၀,၀၀၀ ခန့်ကို လစဉ် စားနပ်ရိက္ခာတွေ ကူညီပံ့ပိုးပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ အကျိုးခံစားခွင့်ရှိသူတွေတော့  မိခင်တွေ၊ ကလေးငယ်တွေ၊ မသန်စွမ်းသူတွေနဲ့ သက်ကြီးရွယ်အိုတွေ အများစုပါဝင်ပါတယ်။ အခုစက်တင်ဘာလအတွင်းမှာ WFP အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး ဒလနဲ့ ရွှေပြည်သာမြို့နယ်တွေက ထိခိုက်လွယ်သူမိသားစုတွေကို အထောက်အပံ့တွေ စတင်ပေးအပ်သွားဖို့ ဆောင်ရွက်နေပါတယ်။ကျွန်တော်တို့အနေနဲ့ အခုရရှိထားတဲ့  အရင်းအမြစ်တွေအပေါ် မူတည်ပြီးတော့ ရန်ကုန်နဲ့ မန္တလေးက အခြားဆင်းရဲနွမ်းပါးတဲ့ မြို့နယ်တွေမှာလည်း အခုလို မြို့ပြစားနပ်ရိက္ခာ အ‌ထောက်အပံ့စီမံချက်တွေကို တိုးချဲ့လုပ်ကိုင်သွားနိုင်ဖို့ အစွမ်းကုန်ကြိုးစားနေပါတယ်။

၂။ လူဦးရေ ဒါမှမဟုတ် အိမ်ထောင်စု ဘယ်လောက်ကို လှူဒါန်းသွားဖို့ရှိပါလဲ။ နောက်ဆုံး အကူအညီပေးခဲ့တဲ့ရက်စွဲကိုလည်းသိပါရစေ။

    ဒီနေ့အချိန်အထိ WFP အနေနဲ့ ရန်ကုန်နဲ့ မန္တလေးက စားနပ်ရိက္ခာမလုံလောက်မှုဒဏ်ကို ခံစားနေရတဲ့ လူဦးရေ ၉၀၀,၀၀၀ ကျော်ကို စားနပ်ရိက္ခာများ ထောက်ပံ့‌ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကချင်၊ ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်မှာ ပဋိပက္ခဖြစ်ပွားမှုဒဏ်ကိုခံနေရတဲ့ လူဦးရေပေါင်း ၃၆၀,၀၀၀ တို့ကို စားနပ်ရိက္ခာနဲ့/ ဒါမှမဟုတ် ငွေသားအထောက်အပံ့တွေကို ဆက်လက်ပေးအပ်လျက် လည်းရှိပါတယ်။ ဒါ့အပြင် ကျွန်တော်တို့အနေနဲ့ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ အခြေအနေမငြိမ်သက်မှုတွေကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့နေရာတွေမှာလည်း အသက်ကယ်ဆယ်ရေး စားနပ်ရိက္ခာအထောက်အပံ့တွေကို အလျင်အမြန် အကူအညီပေးသွားဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ WFP ရဲ့စားနပ်ရိက္ခာအထောက်အပံ့တွေဟာ စဉ်ဆက်မပြတ် ပေးအပ်တာမျိုး ဖြစ်ပါတယ်။ အကျိုးခံစားခွင့်ရှိသူတွေဟာ ကျွန်တော်တို့ဆီက အကူအညီမလိုအပ်တော့ဘဲ ကိုယ့်ကိုယ်ကို အားကိုးရပ်တည်လာနိုင်တဲ့အချိန်အထိ ကျွန်တော်တို့အနေနဲ့ လစဉ် စားနပ်ရိက္ခာနဲ့ ဒါမှမဟုတ် ငွေသားအထောက်အပံ့တွေကို ဆက်လက်ပေးအပ်သွားဖို့ ကတိကဝတ်ပြုထားပါတယ်။

၃။ အဓိက မေးချင်တာက အခုလိုအကူအညီတွေပေးခဲ့တဲ့အခါမှာ အများပြည်သူရဲ့ ရှေ့ ဆက် စားနပ်ရိက္ခာလိုအပ်မှုအခြေအနေကို ဘယ်လိုသုံးသပ်ပေးချင်ပါသလဲ။

    မြန်မာနိုင်ငံအတွင်းမှာ စားနပ်ရိက္ခာအခက်အခဲကို ရင်ဆိုင်နေရတဲ့လူဦးရေဟာ ၂၀၂၁ ခုနှစ် မေလကနေ အောက်တိုဘာလအတွင်းမှာ ၃.၄ သန်းအထိ တိုးများလာနိုင်တယ်လို့  ကျွန်တော်တို့ WFP က ဧပြီလမှာ ခန့်မှန်းခဲ့ပါတယ်။ ဒါဟာ လက်ရှိနိုင်ငံရေးပဋိပက္ခ မဖြစ်ပွားခင်ကတည်းက ရှိနှင့်နေခဲ့တဲ့ စားနပ်ရိက္ခာအခက်အခဲရင်ဆိုင်နေရတဲ့ လူဦးရေ ၂.၈ သန်းအပြင် ထပ်ပြီးတိုးများလာတာ ဖြစ်ပါတယ်။ အခုအချိန်မှာ အခြေအနေတွေဟာ ပိုမိုဆိုးရွားနေတယ်ဆိုတာကို လွန်ခဲ့တဲ့လတွေက ဆောင်ရွက်ခဲ့တဲ့ WFP ရဲ့ နောက်ဆက်တွဲစောင့်ကြည့်စစ်တမ်းတွေမှာ တွေ့ရှိခဲ့ပါတယ်။ အထူးသဖြင့် မြို့ပြဒေသ ဆင်းရဲတဲ့မြို့နယ်တွေနဲ့ ကျူးကျော်ရပ်ကွက်တွေမှာရှိတဲ့ မိသားစုဝင်တွေဟာ အကျဉ်းအကျပ်ထဲရောက်တာ ပိုမိုများပြားလာပြီး၊ မိသားစုထမင်းဝိုင်းအတွက် အခြေခံအကျဆုံး အစားအစာတွေ ရရှိနိုင်ဖို့ကိုတောင် ရုန်းကန်နေကြရပါတယ်။ မိဘတွေအနေနဲ့ ကိုယ့်ကလေးတွေကို ကျွေးမွေးနိုင်ဖို့အတွက် ငွေချေးတာ၊ အန္တရာယ်အလွန်များတဲ့ အလုပ်တွေလုပ်ကိုင်တာ၊ အစားလျှော့စားတာ၊ ဒါမှမဟုတ် အစားမစားဘဲနေပြီး ဝမ်းရေးအတွက် ဖြေရှင်းနေတာကို ကျွန်တော်တို့တွေ့မြင်နေရပါတယ်။ မကြာသေးမီကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ စစ်ပွဲတွေကြောင့် နိုင်ငံတစ်ဝန်းမှာ လူပေါင်း ၁၇၀,၀၀၀ ကျော်ဟာ အိုးအိမ်စွန့်ခွာခဲ့ရပါတယ်။ သူတို့အနေနဲ့လည်း ရနိုင်သမျှအကူအညီတွေကို အရေးတကြီးလိုအပ်လျက်ရှိပါတယ်။

၄။ မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာနဲ့ ဆက်စပ်လိုအပ်ချက်များကိုဖြည့်ဆည်းပေးဖို့ ဂျပန်နဲ့ ကိုရီးယားသမ္မတနိုင်ငံတို့လို အခြားအကူအညီပေးမယ့်နိုင်ငံများ ရှိလာပါပြီလား။

    မြန်မာနိုင်ငံက စားနပ်ရိက္ခာမဖူလုံမှုကို ဖြေရှင်းနိုင်ဖို့ဆောင်ရွက်နေတဲ့ ကျွန်တော်တို့ရဲ့လုပ်ငန်းတွေကို ပံ့ပိုးပေးတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့အကူအညီကိုလည်း ကျွန်တော်တို့အနေနဲ့ အထူးပဲကျေးဇူးတင်ပါတယ်။ ကနေဒါ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဂျပန်၊ ဂျာမနီ၊ ယူကေ၊ ဆွစ်ဇာလန်၊ အမေရိကန်၊ ဥရောပသမ္မဂနဲ့ သြစတေးလျ စတဲ့ အလှူရှင်နိုင်ငံတွေရဲ့ ကာလကြာရှည်ပံ့ပိုးကူညီမှုတွေကြောင့်သာ ထိခိုက်လွယ်တဲ့ မြန်မာပြည်သူပြည်သားတွေရဲ့ အရေးပေါ်လိုအပ်ချက်တွေကို ကျွန်တော်တို့ ဖြည့်ဆည်းပေးနိုင်တာဖြစ်ပါတယ်။

၅။ စားနပ်ရိက္ခာလှူဒါန်းဖို့ အခြားအစီအစဉ်များရှိရင်လည်း ပြောပြစေချင်ပါတယ်။

    WFP ရဲ့ အဓိကဦးစားပေး လုပ်ငန်းစဉ်အနေနဲ့ကတော့ ပဋိပက္ခဖြစ်ပွားမှုဒဏ်ကိုခံစားနေရတဲ့ ကချင်၊ ချင်းပြည်နယ်တောင်ပိုင်း၊ ရခိုင်နဲ့ ရှမ်းမြောက်ဒေသတွေက လက်ရှိ WFP ရဲ့ အကျိုးခံစားခွင့်ရှိသူ ၃၆၀,၀၀၀ ကို ဆက်လက်ထောက်ပံ့သွားနိုင်ဖို့နဲ့ ၊ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ အခြေအနေမငြိမ်သက်မှုတွေကြောင့် အထူးသဖြင့် ကရင်၊ ကယား၊ ကချင်၊ ချင်း၊ စစ်ကိုင်း၊ မကွေးနဲ့ ရှမ်း စတဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေက အိုးအိမ်စွန့်ခွာခဲ့ရသူတွေကို စားနပ်ရိက္ခာ အလျင်အမြန်ထောက်ပံ့ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အရင်းအမြစ်ရရှိမှုအပေါ်မူတည်ပြီး မြို့ပြဒေသရှိ စားနပ်ရိက္ခာအခက်အခဲ ကြုံတွေ့ခံစားနေရတဲ့ လူဦးရေ (၂) သန်းအတွက် အထောက်အပံ့တွေကို တိုးမြှင့်ပေးအပ်သွားနိုင်ဖို့ကိုလည်း ကြိုးပမ်းလျက်ရှိပါတယ်။ တစ်ချိန်တည်းမှာပဲ အကူအညီလိုအပ်နေတဲ့သူ အားလုံးအနေနဲ့ အခက်အခဲမရှိ ရေရှည်အထောက်အပံ့တွေရနိုင်ရေးအတွက် WFP အနေနဲ့ တိုက်တွန်းနှိုးဆော်လျက်ရှိပါတယ်။

၆။ WFP Myanmar အနေနဲ့ အခြားပြောပြစရာရှိရင်လည်း ပြောပြစေချင်ပါတယ်။

    အခုချိန်မှာ မြန်မာပြည်သူပြည်သားတွေဟာ သူတို့ရှင်သန်ခဲ့တဲ့ ကာလတစ်လျှောက် တော်တော်လေးကို ခက်ခဲကြပ်တည်းတဲ့အခိုက်အတန့်ကို ရင်ဆိုင်နေကြရပါတယ်။ အခုဆိုရင် မြန်မာပြည်သူပြည်သားတွေဟာ ကျွန်တော်တို့ရဲ့ အကူအညီအထောက်အပံ့တွေကို အရင်ကကြုံတွေ့ဖူးသမျှထက် ပိုမိုပြီးလိုအပ်နေပါတယ်။ WFP ဟာ  ၁၉၉၄ ခုနှစ်ကတည်းက မြန်မာပြည်သူပြည်သားတွေရဲ့ စားနပ်ရိက္ခာဖူလုံရေးနဲ့ အာဟာရပြည့်ဝရေးအတွက် အစဉ်အဆက် ပံ့ပိုးပေးလျက်ရှိပြီး၊ ဆက်လက်ကူညီထောက်ပံ့သွားဖို့လည်း ကတိကဝတ်ပြုထားပါတယ်။

ကျေးဇူးတင်ပါတယ်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်