‘ မိုးလေဝသ ခန့်မှန်းပညာ’ နဲ့ ကိုယ်တိုင်လေ့လာနိုင်စေဖို့..

30/09/2022 18:00 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

ဒီနေ့ခေတ် တိုးတက်လာတဲ့ အိုင်တီခေတ်ကြီးထဲမှာ ဖုန်းတွေပေါ်ကဖြစ်စေ ကွန်ပျူတာပေါ်ကဖြစ်စေ မိုးလေဝသသတင်းတွေကို လွယ်လွယ်ကြည့်လို့ ရနိုင်မယ့် Application တွေက အများကြီးပေါ်နေပါပြီ။ 

အရေးကြီးတာက ဘယ် application သည် ဘယ်လောက်အထိ မှန်သလဲ၊ ဘယ် application ရဲ့ ခန့်မှန်းချက်တွေက ဘယ်လောက်အထိ updated ဖြစ်နေသလဲဆိုတာပါပဲ။ 

နာဂစ်မတိုင်ခင်ကတည်းက မြေပြင်မိုးလေဝသ chart(weather chart)တွေကို ထိုင်းမိုးလေဝသဌာနက တင်ပေးတယ်။ စပြီးလေ့လာကာစမို့လို့ ကျနော်မကြည့်တတ်ပါဘူး။ နာဂစ်နောက်ပိုင်းမှာတော့ မိုးလေဝသပညာရှင် ဆရာကြီးများဖြစ်တဲ့ ဆရာကြီးဦးထွန်းလွင်၊ ဆရာကြီးဦးချစ်ကျော်တို့ကိုလည်း မေးဖြစ်တယ်။ ဆရာကြီးတွေ weather chart အပေါ်ကိုးကားပြီး တင်ပေးတဲ့ မိုးလေဝသ အခြေအနေ တင်ပြပုံတွေကိုလဲ အသေးစိတ် လေ့လာကြည့် ဖတ်ကြည့်ဖြစ်လာပါတယ်။ 

ပညာရှင်ဆရာကြီးများရဲ့ ကျွမ်းကျင်မှု၊ အတွေ့အကြုံနဲ့ သတင်းတင်ပြပုံတွေဟာ မှတ်သားလေ့လာလို့ မကုန်နိုင်တာကြောင့် မိုးလေဝသပညာရပ်တွေကို စိတ်ဝင်တစားလေ့လာနေတဲ့ ကျနော့်အတွက်တော့ တကယ့်ကျေးဇူးရှင်ကြီးတွေပါပဲ။ 

အရင်ကတော့ မြေပြင်မိုးလေဝသ chart တွေ ရနိုင်ဖို့အတွက် မိုးပျံပူပေါင်းတွေ လွှတ်တင်ပြီး လေထု အလွှာအလိုက် လေစီးကြောင်းတိုက်ခတ်တဲ့အခြေအနေနဲ့ လေထုစိုထိုင်းဆအခြေအနေ၊ တိမ်ထုသိပ်သည်းမှုနဲ့ အပူချိန် ငွေ့ရည်ဖွဲ့အမှတ်တွေကို ပြည်နယ်နဲ့တိုင်း အသီးသီးမှာရှိကြတဲ့ မိုးလေဝသ station တွေက တိုင်းတာပေးပို့တာတွေ စတဲ့အချက်အလက်တွေပေါ်မူတည်ပြီး Weather chart တွေဆွဲ လိုအပ်တဲ့ ခန့်မှန်းချက်တွေ လုပ်ကြရတယ်လို့ သိရပါတယ်။ 

နောက်ပိုင်းခေတ်မီတိုးတက်လာတဲ့ သတင်းနဲ့နည်းပညာခေတ်ကြီးမှာတော့ Weather Chart တွေဆွဲတာ တစ် နေရာက တစ်နေရာပေးပို့တာတွေကို ဂြိုလ်တုနဲ့ မိုးလေဝသရေဒါတွေက ရတဲ့ အချက်အလက်တွေပေါ် မူတည်ပြီး ကွန်ပျူတာတွေနဲ့ ပုံဖော်ရေးဆွဲနိုင်နေပြီလို့ သိရပါတယ်။ 

Online မှာတော့ ထိုင်းမိုးလေဝသဌာနက ၆ နာရီတစ်ကြိမ် တင်ပေးနေတဲ့ မြေပြင်မိုးလေဝသ chart ကိုပဲ အားကိုးပြီး ကြည့်နေရပါတယ်။ အဲ့သလိုနဲ့ Weather Chart တွေရဲ့ အရေးပါပုံကို တဖြည်းဖြည်း နားလည်လာတယ်။ မျက်စေ့နဲ့ မမြင်ရတဲ့ မုတ်သုံမျဉ်းတွေ လေစီးကြောင်းမျဉ်းတွေကို မြင်တတ်လာတယ်။ ဂြိုလ်တုတိမ်ပုံတွေနဲ့ မြေပြင်မိုးလေဝသ chart တွေ တွဲကြည့်တာ၊ ဖြစ်လာနိုင်မယ့် မိုးလေဝသ အခြေအနေတွေ ကို ခန့်မှန်းတာ သဘောပေါက်လာပါတယ်။ 

အရေးအကြီးဆုံးကတော့ မိုးအခြေအနေနဲ့ပတ်သက်ပြီး မြေပြင်က အခြေအနေသတင်းတွေသိရရင် ကိုယ်ကောက်ချက်ဆွဲပြီး ခန့်မှန်းပေးလိုက်တာတွေက ဘယ်လောက်အထိ တိကျမှန်ကန်မှုရှိမလဲဆိုတာ ပြန်သုံးသပ်ပြီး မှားနေတဲ့ မတိကျတဲ့ခန့်မှန်းချက်တွေကို ဘယ်လိုပြင်ရမလဲဆိုတာ သိလာပါတယ်။ မိုးလေဝသ အခြေအနေနဲ့ ရာသီဥတုအခြေအနေတွေကို ကြိုတင်ခန့်မှန်းရာမှာ Application တစ်ခု၊ Information Source တစ်ခုတည်းကို ကိုးကားနေလို့တော့ မဖြစ်ပါဘူး။ ကမ္ဘာ့မိုးလေဝသခန့်မှန်းရေး model တွေထဲက ဘယ် model က ပိုပြီး တိကျသလဲ၊ update တွေ အချိန်တိုအတွင်းရနိုင်အောင် ဘယ်လို လုပ်ရမလဲဆိုတာတွေပါ လေ့လာရ စုဆောင်းရ၊ သုံးသပ်ရပါတယ်။ 

အရှေ့တောင်အာရှဒေသမှာ မုန်တိုင်းအများဆုံးဖြစ်တတ်တဲ့ ဖိလစ်ပိုင်နိုင်ငံနဲ့ ပစိဖိတ်သမုဒ္ဒရာ အနောက် မြောက်ပိုင်းက ဂျပန်နိုင်ငံတို့မှာ မုန်တိုင်းသတင်းတွေနဲ့ မုန်တိုင်းသတိပေးချက်တွေကို ဘယ်လိုတင်တယ်၊ တက်လာတဲ့သတင်းတွေပေါ်အခြေခံပြီး ပြည်သူလူထု မုန်တိုင်းအန္တရာယ်က လွတ်ကင်းအောင် ဘယ်လို အစီအမံတွေချမှတ်လုပ်ဆောင်နေကြတယ်။ သဘာဝဘေးအန္တရာယ်တစ်ခု ကျရောက်ပြီးတဲ့အချိန်မှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ချက်ချင်းလုပ်နိုင်အောင် ဘယ်လိုပြင်ဆင်ထားကြတယ် စသည်ဖြင့် အတော်ကိုနှံ့စပ်‌အောင်ရှာဖွေလေ့လာနိုင်မှသာ ပြည်လူထုအတွက်ထိရောက်တဲ့ အကျိုးရှိလာမှာဖြစ်ပါတယ်။

ပြည်သူတွေအနေနဲ့လည်း ခေတ်မီနည်းပညာတွေကို အသုံးချပြီး ကိုယ်နေတဲ့ ဒေသ၊ မြို့/ရွာမှာ မိုးရွာနိုင်/မရွာနိုင် ကိုယ်တိုင်ခန့်မှန်းနိုင်အောင် ကြိုးစားကြည့်ကြစေချင်ပါတယ်။

မုန်တိုင်း သတင်း/မိုးလေဝသသတင်းမှားတွေကိုလဲ နှိုင်းယှဉ်ချင့်ချိန်တတ်လာကြမှာပဲ ဖြစ်ပါတယ်။

ဥပမာအနေနဲ့ အလွယ်တကူနဲ့ အခမဲ့ရနိုင်တဲ့ "Windy App - ECMWF Model" နဲ့  မိမိရပ်ရွာဒေသအတွင်း မိုးရွာနိုင်မယ့် အခြေအနေရှိ/မရှိခန့်မှန်းနည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

  • (၁) တိမ်ထုဖြစ်ပေါ်မှုအခြေအနေကို အရင်ကြည့်ပါ။ (Rain, Thunder)
  • (၂) သိလိုသည့်နေရာ Detail Forecast တွင် "Meteog" ကိုပြောင်းပါ၊ ပြီးရင်Clouds, rain("in" - လက်မ သိုမဟုတ် "mm" မီလီမီတာ)တိုင်ထိပ်အပြာရောင်ဖြစ်နေသည့်ပုံနေရာနှင့် Temperature - Dew Point နီးစပ်သည့် ရက်/အချိန်တို့တွင် မိုးရွာနိုင်ပါမယ်။ 

နမူနာအနေနဲ့  စက်တင်ဘာ ၂၉ ရက် ညနေပိုင်း လှည်းကူးမြို့နဲ့ အနီးတဝိုက်အတွက် မိုးရွာနိုင်မယ့် ရက်အချိန်ကို  ပုံထဲမှာ ပြပေးထားပါတယ်။

သတိပြုရမှာကတော့.. ဒီကြိုတင်ခန့်မှန်းချက်က အများဆုံး ၃ ရက်၊ ၄ ရက်လောက်အထိသာ သေချာနိုင်တယ်ဆိုတာပါပဲ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်