မုန်တိုင်းလမ်းကြောင်း ဘာတွေအပြောင်းအလဲရှိသွားလဲ? (ဆရာဦးဝင်းနိုင်ထံ ဆက်သွယ်မေးမြန်းချက်)

08/05/2023 16:02 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ စတင်ဖြစ်ပေါ်နေတဲ့ INVEST – 91B ဟာ ဒီနေ့ညနေပိုင်းဆိုရင် လေဖိအားနည်းရပ်ဝန်းဖြစ်လာတော့မှာဖြစ်ပါတယ်။ ဒီကနေတစ်ဆင့် ဖြစ်ပေါ်လာနိုင်တဲ့ အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်းဟာ မုန်တိုင်းတွေရဲ့သဘောသဘာဝအရ တစ်နေ့ချင်းစီ ခန့်မှန်းလမ်းကြောင်းအပြောင်းအလဲ အနည်းငယ်စီဖြစ်နေပေမဲ့ မြန်မာနိုင်ငံကို ဖြတ်ကျော်ဝင်ရောက်နိုင်ခြေရှိနေဆဲအခြေအနေကတော့ မပြောင်းလဲသေးပါဘူး။

ဒီအတွက် နိုင်ငံတကာမိုးလေဝသမိုဒယ်ထုတ်ပြန်ချက်တွေအရ မုန်တိုင်းလမ်းကြောင်းနောက်ဆုံးအခြေ အနေဟာ ဘယ်လိုတွေဖြစ်နေပြီလဲ၊ မြန်မာနိုင်ငံကို ဖြတ်ကျော်ဝင်ရောက်ချိန်မှာ ဘယ်လောက်ပြင်းထန်နိုင်တဲ့အခြေအနေရှိနေလဲ၊ ဘယ်ဒေသတွေကို သက်ရောက်နိုင်မဲ့အခြေအနေရှိနေသလဲ၊ ဘာတွေအပြောင်းအလဲဖြစ်သွားနိုင်လဲ စတာတွေကို နိုင်ငံတကာမိုးလေဝသမိုဒယ်တွေရဲ့ထုတ်ပြန်ချက်တွေကို ကိုးကားပြီး မိုးလေဝသခန့်မှန်းပေးနေသူ ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။

နောက်ဆုံးလမ်းကြောင်းထုတ်ပြန်ချက်တွေမှာ ဘာတွေအပြောင်းအလဲရှိသွားလဲဆရာ?

“ အရင်တုန်းကပြောခဲ့ပြီးသားလမ်းကြောင်းပဲ။ လေဖိအားနည်းရပ်ဝန်းကတော့ မေလ ၈ ရက် ညနေ ၅ နာရီဆိုတော့ ဒီနေ့ညနေမှာဖြစ်မယ်လို့ ECMWF ရဲ့ အခြေအနေအရ တွေ့ရတယ်။ ပြီးတော့မှ ၉ ရက်နေ့ ညနေ ၄ နာရီဆိုရင် မုန်တိုင်းငယ်ဖြစ်မယ်။ ဒီမှာ လေဖိအားနည်းရပ်ဝန်းဖြစ်ပြီးလို့ မုန်တိုင်းငယ်ဖြစ်မယ့်ကြားမှာ အနောက် မြောက်ဘက်ကို ရွေ့မယ်ဗျ။ အဲ့ဒါ ထူးခြားသွားတယ်။ အရင်တုန်းကတော့ မြောက်ဘက်ပဲသွားမယ်ဆိုပြီး မိုဒယ်တွေက ပြခဲ့တာ။ အခု ECMWF Update မှာကျတော့ အနောက်မြောက်ဘက်ကိုသွားတယ်။ သွားပြီးတော့ မေလ ၁၁ ရက် မနက် ၉ နာရီအထိ အနောက်မြောက်ဘက်ကိုပဲသွားနေတုန်းပဲ။ အဲ့ဒီအချိန်မှာ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်တယ်။ အိန္ဒိယနိုင်ငံ ချနိုင်းရဲ့ အရှေ့ဘက်တည့်တည့်လောက်မှာရှိတဲ့ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ကို ရောက်တယ်။ ပြီးရင် သူက အနောက်မြောက်ဘက်ကိုပဲ ဆက်ပြီးတော့ ရွေ့တယ်။ ပြီးတော့ မေလ ၁၂ ရက် မနက် ၈ နာရီမှာ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ကိုရောက်လာတယ်" 

" အဲ့ဒီဆိုင်ကလုန်းမုန်တိုင်းဖြစ်ပြီးရင် ချနိုင်းရဲ့အရှေ့ဘက်တည့်တည့် ခန့်မှန်းခြေ မိုင် ၃၀၀ ကျော်လောက်ဖြစ်မယ်။ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းကနေပြီးတော့မှ အရှေ့မြောက်ဘက်ကြီးကို ချိုးချသွားတယ်။ ၁၂ ရက် ည ၇ နာရီ၊ ၁၄ ရက် ည ၇ နာရီ တောက်လျှောက်ချိုးတယ်။ အဲ့ဒီ ၁၄ ရက် ည ၇ နာရီကျတော့ စစ်တွေရဲ့ အနောက်ဘက် မိုင် ၂၀၀ ကျော်၊ ၃၀၀ လောက်ကို ရောက်လာပြီ။ အဲ့ဒီမှာလည်း အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းအဆင့်နဲ့ တောက်လျှောက်သွားနေတာ။ သွားနေပြီးတော့မှ ၁၄ ရက်နေ့ ညပိုင်းမှာပဲ ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာနယ်စပ် စစ်တကောင်းထိရောက်တယ်။ ၁၅ ရက်နေ့ မနက် ၃ နာရီမှာ ဗဟိုချက်က ကုန်းတွင်းကို ဖြတ်ပြီးသားဖြစ်သွားမယ်။ အဲ့ဒီကနေပြီးတော့မှ အရှေ့မြောက်ဘက်ကိုပဲ ဆက်ပြီးတော့ ရွေ့တယ်။ ဗမာပြည်ထဲကိုမဝင်ဘူး။ မြန်မာပြည်အနောက်မြောက် ချင်းနယ်စပ်ကနေ ၁၄ ရက်ည ၉ နာရီအထိကို ကုန်းပေါ် မှာသွားတယ်။ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းဖြစ်သွားတယ်ပေါ့။ ပြီးတော့မှ အဲ့ဒီကနေတောက်လျှောက် အရှေ့မြောက်ဘက်ကိုသွားလိုက်တာ ကချင်ပြည်နယ်ထဲကို ဝင်ပြီးတော့ သူက အားပျော့သွားတယ်။ ဒါက ECMWF ရဲ့ ဒီနေ့မနက် ကြိုတင်ခန့်မှန်းဖြစ်သွားပြီ" 

ဒါဆို ဧရာဝတီကိုဖြတ်နိုင်တဲ့အခြေအနေက ဘယ်လိုဖြစ်သွားပြီလဲ?

" ဧရာဝတီကတော့ လွတ်သွားပြီ။ သို့သော် သူက အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်းဖြစ်တဲ့အတွက် သူက မြန်မာ ပြည်ဘက်နဲ့နီးလာလေလေ သူ့ရဲ့မုန်တိုင်းအရှေ့ခြမ်းက လေပြင်းတွေက တောက်လျှောက်တိုက်လေလေဆိုတော့ ရခိုင်ကမ်းရိုးတန်းကြီးတစ်ခုလုံး၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းတစ်ခုလုံး အဲ့ဒီနေရာတွေမှာတော့ လေပြင်းတွေတိုက်မယ်၊ မိုးတွေများမယ်။ မုန်တိုင်းတိုက်ရိုက်ဖြတ်မှာတော့မဟုတ်ဘူး။ သို့သော် သူက ညာဘက်ခြမ်းမှာရှိနေတာလေ"

ဆိုတော့ လေပြင်းတိုက်မယ့် နောက်ဆုံးအခြေအနေတွေက ဘယ်လိုဖြစ်သွားပြီလဲ?

" Gust Wind (ရုတ်တရက်ဆောင့်တိုက်သည့်လေပြင်း) အနေနဲ့ပြောမယ်ဆိုရင် ၁၄ ရက် နေ့လယ် ၁၂ နာရီလောက် ကစပြီးတော့ ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ မိုင် ၃၀ ကျော်ထိ တိုက်နိုင်တယ်။ တောင်ဘက်ကနေပြီးတော့။ ရခိုင် ကမ်းရိုးတန်းဘက်မှာတော့ မိုင် ၄၀ ထိ တိုက်နိုင်တယ်။ ဒါက မုန်တိုင်းချဉ်းကပ်လာတဲ့အချိန်ပေါ့။ ၁၄ ရက် ညနေ ၃ နာရီလောက်ကျတော့ မြစ်ဝကျွန်းပေါ်ဘက်က လေတိုက်နှုန်းက ၃၅ မိုင်လောက်ထိ ဖြစ်လာတယ်။ ပြီးတော့ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်လုံးက တစ်နာရီ မိုင် ၅၀ ကနေ ၅၅ မိုင်လောက်ထိ ဖြစ်လာတယ်" 

" ဆက်ပြီးတော့သွားရင် မုန်တိုင်းကုန်းတွင်းကိုစဝင်တဲ့အချိန်ဆိုရင် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်လုံးက မိုင် ၇၀ ကျော်သွားပြီ။ ဧရာဝတီမြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းနဲ့ ဧရာဝတီတိုင်းထဲမှာတော့ တစ်နာရီကို ၂၅ မိုင်လောက်ထိ ကျသွားမယ်။ နောက်ပြီးတော့ မုန်တိုင်းရဲ့ညာဘက်ခြမ်းဖြစ်နေတဲ့ အလယ်ပိုင်းဒေသတွေပေါ့။ ပဲခူးတိုင်းမြောက်ပိုင်း ပြည်၊ နေပြည်တော်ရဲ့အထက် တောက်လျှောက် မိတ္ထီလာ၊ မန္တလေးထိက ကုန်းတွင်း လေတိုက်နှုန်းက တစ်နာရီ မိုင် ၃၀ လောက် ရှိတယ်။ အဲ့ဒါက လေတိုက်နှုန်းတွေပေါ့"

" တစ်ခုကျန်တာက မုန်တိုင်းကုန်းတွင်းဝင်ခါနီးအချိန် မုန်တိုင်းရဲ့ဗဟိုလေတိုက်နှုန်းပေါ့။ မေလ ၁၄ ရက် ည ၁၀ နာရီဝန်းကျင်လောက်မှာ တစ်နာရီကို ၁၄၂ မိုင်လောက်ရှိတယ်။ အဲ့တော့ ဒီနေရာမှာ တစ်ခုထည့်ပြီးပြောရမှာက အခု ဒါက INVEST-91B ဆိုပြီး စဖြစ်လာပြီးတော့ လေဖိအားနည်းရပ်ဝန်းမဖြစ်ခင်ကြားထဲမှာ ECMWF ရဲ့ နောက်ဆုံးမိုဒယ် Update ပေါ့"

" အဲ့တော့ သတိထားရမှာက ရှေ့မှာ ကျွန်တော်တို့ ကြိုတင်ခန့်မှန်းချက်တွေ လုပ်ခဲ့တုန်းကအနေအထားအရဆို ဒီလမ်းကြောင်းသည် တောင်ဘက်ကိုဆင်းတတ်တယ်။ မြောက်ဘက်ကို မသွားဘူး။ ဒီ Pressure pattern တွေ၊ High Pressure ထုကြီးရဲ့ အနေအထားတွေ၊ ပင်လယ်ရေမျက်နှာပြင် အပူချိန် ဒါတွေကြောင့်မို့လို့ သူသည် အရှေ့မြောက်ဘက်ကို ရွေ့ရင်းကနေ တကယ်လို့များ လမ်းကြောင်း တောင်ဘက်ကိုပြောင်းသွားရင် အခုပြောခဲ့တဲ့ မုန်တိုင်းဗဟိုချက် ၁၄၂ မိုင်နှုန်းနဲ့ အားကောင်းတဲ့ဆိုင်ကလုန်း မုန်တိုင်းဟာ ရခိုင်ကမ်းရိုးတန်းတစ်နေရာရာကို တိုက်ရိုက်ဝင်သွားနိုင်တယ်။ အဲ့ဒါတစ်ခုတော့ ထည့်ပြောရ လိမ့်မယ်။ တကယ်လို့များ အောက်ကိုကျလာခဲ့ရင်တော့။ အရင်ကြိုတင်ခန့်မှန်းချက်တွေတုန်းကလည်း အဲ့လို ဖြစ်တတ်တာကို ကျွန်တော်တို့တွေ့ခဲ့ပြီးပြီ။ တကယ်လို့ အဲ့လိုမျိုးများဖြစ်သွားလို့ ရခိုင်ကမ်းရိုးတန်းတစ်နေရာ ရာကို တည့်ဝင်လာပြီဆိုရင်တော့ ရန်ကုန်တိုင်းတို့၊ ဧရာဝတီတိုင်းတို့မှာလည်း သက်ရောက်မှုတွေ ပိုလာနိုင်တယ်" 

ဘယ်လိုပဲဖြစ်ဖြစ် မိုးကတော့ တစ်နိုင်ငံလုံး ရွာသွားနိုင်တဲ့အနေအထား ဖြစ်သွားမှာလား?

“ ကျိန်းသေပေါက်မိုးကတော့ရွာမှာ။ နောက်လာမယ့် ၃ ရက်ကနေ ၅ ရက်အတွင်းဆိုရင် နေပြည်တော်နဲ့ပတ်ဝန်းကျင်မှာက မိုးရေချိန်က ၃ လက်မခွဲလောက်ရွာမယ်။ ဟိုးအောက်ဘက် ဧရာဝတီ၊ ရန်ကုန်လည်း အတူတူပဲ။ အဲ့ဒီ ဝန်းကျင်ပဲ။ နောက်ပြီးတော့ ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတွေလည်း ရွာနိုင်တယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းကတော့ နည်းနည်း နည်းတယ်။ နောက် မန္တလေးတိုင်းမှာတော့ မိုးရေချိန် ၂ လက်မ လောက်ထိ ရွာနိုင်တယ်။ ဆိုတော့ မုန်တိုင်းစပြီးချဉ်းကပ်လာတဲ့အချိန်ကတည်းက မိုးတွေရွာမှာပေါ့" 

" မုန်တိုင်းဝင်မယ့် နောက် ၅ ရက်ကနေ ၁၀ ရက်အတွင်းဆိုရင်တော့ ခုနပြောခဲ့တဲ့မိုးရေချိန်တွေရဲ့ နှစ်ဆ ဖြစ်သွားပြီ။ မန္တလေးတိုင်းမြောက်ပိုင်းဆိုရင် ၅ လက်မလောက်ထိသွားတယ်။ နေပြည်တော်ဆိုရင် ၆ လက်မ လောက်ထိဖြစ်လာတယ်။ ရန်ကုန်တို့၊ ဧရာဝတီတို့ဆိုရင် ၄ လက်မ၊ ၅ လက်မလောက်ထိသွားတယ်။ တနင်္သာရီ တိုင်းတစ်ခုလုံး ၇ လက်မကနေ ၈ လက်မလောက်ထိရွာမယ်။ ကရင်၊ မွန် ၆ လက်မလောက်ထိ ရွာနိုင်တယ်။ ရခိုင်ပြည်နယ်ကတော့ မုန်တိုင်းဝင်မယ့်နေရာတွေမှာ မိုးဒီလောက်များတာမတွေ့ဘူး။ သူက ရခိုင်ရိုးမပေါ်မှာ သွားများမယ်။ အဲ့မှာ ၇ လက်မလောက်ထိ သွားရှိတယ်" 

မိုးမရွာနိုင်တဲ့နေရာကတော့ မရှိသလောက်ပဲ။ မိုးနည်းမယ့်နေရာတွေလောက်ပဲရှိမယ်။ အလယ်ပိုင်း ညောင်ဦး၊ မုံရွာ၊ ရေနံချောင်း၊ ချောက် အဲ့ဒီနေရာတွေမှာတောင်မှ ၁ လက်မခွဲလောက်ရွာနိုင်တယ်။ 

(မှတ်ချက်။  ။ မုန်တိုင်းများ၏သဘောသဘာဝအရ နေ့စဉ်လမ်းကြောင်းပြောင်းလဲသွားမှုများ အနည်းငယ်ရှိတတ်ပါသည်။ Green Way_အစိမ်းရောင်လမ်းအနေဖြင့် ယင်းကဲ့သို့နေ့စဉ်ပြောင်းလဲမှုများရှိမရှိအပေါ် ဆရာဦးဝင်းနိုင်ထံ ဆက်သွယ်မေးမြန်းပြီး ဆက်တိုက်ဖော်ပြပေးသွားမည်ဖြစ်ပါသည်။)

Photos Crd_U Win Naing

#(ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)

#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်