နိုင်ငံအနှံ့ အအေးဓာတ်တွေ ဘယ်တော့ဝင်လာမှာလဲ၊ မိုးရွာနိုင်ချေတွေ ရှိသေးလား..

08/11/2022 16:20 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

လက်ရှိမှာတော့ မိုးအကုန်၊ ဆောင်းအကူးရာသီကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ဒါပေမဲ့ မုတ်သုံမျဉ်းက အီကွေတာ မြောက်ခြမ်းဘက်မှာပဲ ရှိနေသေးလို့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့ ကပ္ပလီပင်လယ်ပြင်တွေမှာ လေဖိအား နည်းရပ်ဝန်းအချို့ဖြစ်နိုင်ချေတွေတော့ ရှိနေသေးတယ်လို့ နိုင်ငံတကာမိုးလေဝသ ထုတ်ပြန်ချက်တွေကို ကိုးကားခန့်မှန်းပေးနေသူ ဦးဝင်းနိုင်က ပြောပါတယ်။

ဆိုတော့ အဲ့ဒီ လေဖိအားနည်းရပ်ဝန်းတွေက မြန်မာနိုင်ငံကို သက်ရောက်နိုင်ချေ ဘယ်လောက်ထိ ရှိနေသေးလဲ၊ မြန်မာပြည်အောက်ပိုင်းဒေသတွေမှာ ဘယ်တော့လောက်မှာ အအေးဓာတ်တွေ ဝင်လာမှာလဲဆိုတာတွေအပေါ် ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာတွေကို ဖော်ပြပေးလိုက်ပါတယ်။

မုတ်သုံရာသီ လုံးဝအဆုံးသတ်သွားပြီလား? မိုးရွာနိုင်ချေတွေ ရှိနေသးလား?

“ မြောက်လေတွေကတော့တိုက်နေပြီ။ မြောက်ပိုင်းမှာလည်း ဟိမဝန္တာတောင်ကြောဘက်က ဆင်းလာတဲ့ လေ အေးတွေ စဝင်နေပြီ။ အဲ့တော့ ဆောင်းကတော့ဝင်နေပြီ။ ဒါပေမဲ့ တောင်ဘက်ကို သွားနေတဲ့ မုတ်သုံလေဦး မျဉ်းက အီကွေတာကို မကျော်သေးဘူး။ ဆိုတော့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့ ကပ္ပလီ ပင်လယ်ပြင်မှာ က လေထုမငြိမ်မသက်ဖြစ်တာတို့၊ လေဖိအားနည်းရပ်ဝန်းဖြစ်တာတို့ ဖြစ်နိုင်သေးတယ်။ လာမယ့် ၁၆ ရက်၊ ၁၇ ရက်ဝန်းကျင်လောက်မှာ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းကနေစပြီးတော့ လေဖိအား နည်းရပ်ဝန်းတစ်ခု ဖြစ်ဖို့ရှိတယ်။ သို့သော် လတ္တီတွဒ် ၁၀ ဒီဂရီရဲ့အထက်ကို မတက်ဘူး။ မတက်ဘဲနဲ့ အနောက်ဘက်ကိုပဲရွေ့ပြီး တော့ သီရိလင်္ကာကျွန်းဘက်ကိုပဲရွေ့ပြီး ပျောက်ချင်လည်းပျောက်သွားမယ်။ သူနဲ့ပတ်သက်ပြီး ဖြစ်လာနိုင်တဲ့ သက်ရောက်မှုမှာတော့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း စသဖြင့် အောက်ပိုင်းဒေသတွေပေါ့။ အဲ့ဒီဒေသတွေမှာတော့ မိုးနည်းနည်းရွာနိုင်တယ်။ အထက်ဘက်ကိုတော့ မရောက်ဘူး။ အလွန်ဆုံး ပဲခူးတိုင်းပဲ။ ဒါတောင် မြောက်ဘက်ခြမ်းတွေ မပါနိုင်ဘူး။ ဒါ ဖြစ်ခဲ့သည်ရှိသော်ပေါ့” 

“ မုတ်သုံမျဉ်း အီကွေတာကို ကျော်သွားရင်တော့ မုတ်သုံရာသီသည် မြောက်ကမ္ဘာခြမ်းကနေ တောင်ကမ္ဘာ ခြမ်းကို ပြောင်းသွားပြီပေါ့။ ဆိုလိုချင်တာက မိုးရာသီတစ်ခုလုံးက တောင်ကမ္ဘာခြမ်းကို ရောက်သွားမှာပေါ့။ ခုတော့ တောင်ကမ္ဘာခြမ်းဘက်မှာကျ မုတ်သုံစဝင်တဲ့အခြေအနေမျိုးလေးတွေ လေဖိအားနည်းရပ်ဝန်းဖြစ်တာတို့ ဘာတို့ ဖြစ်နေတာပေါ့” 

နိုင်ငံအနှံ့ အအေးပိုလာနိုင်တာတွေ ဘယ်အချိန်လောက်မှာ ဖြစ်လာနိုင်မလဲ?

" နိုဝင်ဘာလကုန်လောက်မှဖြစ်မယ်။ အခု ညဘက် ၂ နာရီ ၃ နာရီကနေ မနက် ၆ နာရီအတွင်းတွေမှာတော့ အပူချိန်တွေ နည်းနည်းတော့ ကျနေပြီ။ ၂၅၊ ၂၆ လောက်ရှိတဲ့နေရာတွေဆို ခု ၂၁၊ ၂၂ လောက်တွေ ဖြစ်လာပြီ။ ချင်းပြည်နယ်ဘက်တွေဆိုရင်တော့ ၁၃၊ ၁၄ လောက်ထိ ဖြစ်လာတာပေါ့။ ဒီအရှိန်က မြစ်ဝကျွန်းပေါ်ဘက်တွေထိ ရောက်ဖို့ဆိုရင်တော့ သူကကျ ပင်လယ်နား နီးတော့ ပင်လယ်ဘက်ကနေတိုက်တဲ့လေပေါ့နော်။ အနွေးဓာတ်က ရနေသေးတော့ ကျွန်တော်တို့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတွေကတော့ မြောက်လေတိုက်တဲ့အား လုံးဝကို မြေပြင်မှာပါ ကောင်းသွားပြီဆိုတဲ့ အချိန်ကျတော့မှ အအေးဓာတ်က တက်လာမှာ။ အဲ့ဒီအချိန်ကျမှ အအေးလှိုင်းဖြတ်နိုင်သလား၊ ဝင်လာနိုင်သလား ဆိုတာတွေ စောင့်ကြည့်ရမယ်” 

အခု ဘယ်ဒေသတွေမှာ အပူချိန်ကျ၊ အေးတာတွေ ဖြစ်နေပြီလဲ?

“ ခုက မြောက်ဖျားပိုင်းတွေမှာတော့ အေးနေပြီ။ ဥပမာဆိုရင် ကချင်ပြည်နယ်ဆိုရင် မြောက်ဖျားအပိုင်း ချီဖွေတို့ ဘာတို့ အထက်ဘက်တွေဆိုရင် အခုအချိန်မှာကို ၁၀ ဒီဂရီလောက်ဖြစ်နေပြီ။ ခါကာဘိုရာဇီရှိတဲ့ အပေါ်ပိုင်းတွေ ဆိုရင် မနက် ၃၊ ၄ နာရီလောက်ဆို အနုတ် ၁၁ ဒီဂရီလောက်ထိ ကျနေပြီ။ ဒါကတော့ ရေခဲတောင်ကြီးတွေ ရှိတဲ့ နေရာပေါ့နော်။ နောင်မွန်းဘက်ဆိုရင်လည်း မနက်ဆို ၁၀ ဒီဂရီလောက်ထိကျနေပြီ။ ဆွမ်ပရာဘွမ်ဘက်ဆိုရင် တော့ ၁၄ ဒီဂရီ လောက်ထိ ရှိသေးတယ်။ ဗန်းမော်၊ မြစ်ကြီးနားအောက်ဘက်ကို ဆင်းလာရင်တော့ အပူချိန်က ရှိသေးတယ်” 

“ ဆောင်းဝင်မယ့်အခြေအနေကတော့ ၁၄ ရက်၊ ၁၅ ရက်လောက်ကျရင်တော့ အပေါ်က အအေးဓာတ်ကြီးက အောက်ဘက်ကို အတော်ဆင်းလာပြီ။ အာ့အချိန်ကျရင် ရှမ်းပြည်နယ် နမ့်စမ်တို့ဘာတို့ဆိုရင် ၁၃ ဒီဂရီလောက်ထိ ကျလာပြီ။ ဟားခါးတို့ဘာတို့ဆိုရင် ၉ ဒီဂရီလောက်ထိ ကျလာမယ်” 

#(ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)

Photos Crd_ U Win Naing

#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်