ကမ္ဘာ့ဆန်ဈေးကွက်ကို အိန္ဒိယ ဘာကြောင့် အဆုံးအဖြတ်ပေးနိုင်တာလဲ

17/06/2022 11:00 AM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

 

ဂျုံတင်ပို့မှုကို မထင်မှတ်ဘဲ တားမြစ်ပိတ်ပင်လိုက်တဲ့ အိန္ဒိယရဲ့ အံ့အားသင့်ဖွယ် ဆုံးဖြတ်ချက်ကြောင့် အိန္ဒိယအနေနဲ့ ဆန်တင်ပို့မှုအပေါ်မှာပါ ကန့်သတ်ချက် လုပ်လာမလားဆိုပြီး စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ 

ဒါကြောင့် ကုန်သည်တွေဟာ ဆန်အဝယ် မြှင့်တင်ခဲ့ကြပြီး ကာလအကြာကြီးနေမှ ပေးပို့ရမယ့် မမှာစဖူး မှာယူမှုမျိုးတွေကိုပါ ပြုလုပ်လာကြပါတယ်။

ကမ္ဘာ့ဆန်တင်ပို့မှုအများဆုံး အိန္ဒိယနိုင်ငံရဲ့ အစိုးရနဲ့ ကုန်သွယ်ရေးဌာနဝာာဝန်ရှိသူတွေကတော့ ပြည်တွင်းဆန်ဈေး နိမ့်ကျနေသလို ဆန်ဂိုဒေါင်တွေထဲမှာ ရောင်းကုန် အလျှံပယ်ရှိနေသေးတာကြောင့် လောလောဆယ်အနေအထားအရ ဆန်တင်ပို့မှုကို ပိတ်ပင်ဖို့ အစီအစဉ်မရှိသေးကြောင်း ပြောဆိုထားပါတယ်။

ဒီလိုဆိုတော့ စားသောက်ကုန်စားရိတ် ကြီးမြင့်မှုနဲ့ နပန်းလုံးနေရတဲ့ သွင်းကုန်အားပြုနိုင်ငံတွေအတွက် စိတ်သက်သာစရာပါ။ ဒါပေမဲ့ အိန္ဒိယအဓိကစပါးရာသီဟာ ရှေ့လတွေမှ ကျရောက်မှာဖြစ်ပြီး စပါးထွက်နှုန်းအလားအလာ အပြောင်းအလဲတစ်စုံတစ်ရာ ဖြစ်ပေါ်တာနဲ့ ဆန်တင်ပို့မှုအပေါ် အိန္ဒိယရဲ့ ရပ်တည်ချက်ကလည်း ပြောင်းလဲသွားနိုင်ပါတယ်။

မုတ်သုံမိုးဟာ အိန္ဒိယစပါးသီးနှံ စိုက်ပျိုးမှုအတိုင်းအတာကို အဆုံးအဖြတ်ပေးပြီး ယခုနှစ်မှာ မိုးကောင်းခဲ့ရင်တော့ အိန္ဒိယအနေနဲ့ ကမ္ဘာ့ဆန်ဈေးကွက်အလယ် ပြိုင်ဘက်ကင်းအနေအထားအတိုင်း တင့်တင့်တယ်တယ် ဆက်လက်ရပ်တည်သွားနိုင်ပါလိမ့်မယ်။

မိုးက ကွက်တိကွက်ကြား ဖြစ်ခဲ့ရင်တော့ သီးနှံ ဖြစ်ထွန်းမှု ထိခိုက်ကာ ထွက်နှုန်း နိမ့်ကျလာပါမယ်။ အဲဒီကနေ နိုင်ငံတော် အရန်ဆန်စာရင်း ကျဆင်းမှု ဖြစ်ပေါ်လာနိုင်ကာ အိန္ဒိယလူဦးရေ ၁ ဒသမ ၄ ဘီလျံအတွက် ဆန်လောက်ငစေဖို့ ပို့ကုန်တားမြစ်ရတာမျိုးအထိ ရှိလာနိုင်ပါတယ်။

 

 

 

ကမ္ဘာ့ဆန်ရောင်းအားမှာ အိန္ဒိယ ဘာကြောင့် အင်မတန် အရေးပါတာလဲ

အိန္ဒိယရဲ့ ၂၀၂၁ ခုနှစ်အတွင်း ဆန်တင်ပို့မှုဟာ စံချိန်တင်ပမာဏအဖြစ် တန်ချိန် ၂၁ ဒသမ ၅ သန်းအထိ ရောက်ရှိခဲ့ပါတယ်။ ဒါဟာ ဆန်တင်ပို့မှုထိပ်သီးစာရင်းမှာ အိန္ဒိယနောက်က လေးနိုင်ငံဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန်နဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ လေးနိုင်ငံပေါင်း တင်ပို့မှုထက်ကို ပိုများပါတယ်။

တရုတ်နိုင်ငံပြီးရင် ဆန်စားသုံးမှု အများဆုံးဖြစ်တဲ့ အိန္ဒိယဟာ ကမ္ဘာ့ဆန်ကုန်သွယ်ရေးဈေးကွက်မှာ ဈေးကွက်ဝေစု ၄၀ ရာခိုင်နှုန်းကျော်အထိ ရှိနေပါတယ်။

အိန္ဒိယမှာ ဆန်ကုန်လက်ကျန် များနေတာနဲ့ ပြည်တွင်းဈေး နိမ့်ကျနေတာတို့ကြောင့် ပြီးခဲ့တဲ့နှစ်နှစ်အတွင်း အိန္ဒိယက ဆန်ကို ဈေး အလွန်အမင်း သက်သာစွာနဲ့ ရောင်းချနိုင်ခဲ့တာပါ။ ဒါက ကြီးမြင့်တဲ့ ဂျုံဈေးကြောင့် အခက်ကြုံတွေ့နေရတဲ့ အာရှနဲ့ အာဖရိကတိုက်ရှိ ဆင်းရဲတဲ့နိုင်ငံတွေကို အထောက်အကူ ဖြစ်စေခဲ့ပါတယ်။

အိန္ဒိယဟာ ကမ္ဘာ့နိုင်ငံ‌ပေါင်း ၁၅၀ ကျော်ထံ ဆန်တင်ပို့နေပြီး ၎င်းတို့ပို့ကုန်ကို လျှော့ချလိုက်တာနဲ့တပြိုင်နက် စားသောက်ကုန်ဈေးမြင့်တက်မှုကို မီးလောင်ရာလေပင့် ဖြစ်စေပါလိမ့်မယ်။ ဆန်ဟာ ကမ္ဘာ့လူဦးရေ သန်းသုံးထောင်အတွက် အခြေခံစားသောက်ကုန်သီးနှံ ဖြစ်ပြီး ၂၀၀၇ ခုနှစ်တုန်းက အိန္ဒိယ ဆန်တင်ပို့မှု ပိတ်ပင်လိုက်ချိန်မှာ ကမ္ဘာ့ဆန်ဈေးတွေ မကြုံစဖူး အတိုင်းအတာအထိ မြင့်တက်ခဲ့ဖူးပါတယ်။

အိန္ဒိယက ဆန်ပို့ကုန် ကန့်သတ်လိုက်ရင် ဘယ်သူတွေ အထိခိုက်ဆုံးဖြစ်မလဲ

အိန္ဒိယဆန်တင်ပို့မှုကို ကန့်သတ်တဲ့ ဘယ်လိုလုပ်ဆောင်မှုမျိုးကမဆို ဆန်တင်သွင်းနေရတဲ့နိုင်ငံ အားလုံးနီးပါးကို ထိခိုက်စေပါလိမ့်မယ်။ ပြိုင်ဘက်ဆန်တင်ပို့နိုင်ငံတွေ ဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်တို့ဟာ နဂိုကတည်းက အိန္ဒိယဆန်ထက် ၃၀ ရာခိုင်နှုန်းကျော် ကြီးမြင့်ပြီးသား ဆန်ဈေးကို ထပ်မံ မြှင့်တင်လာကြပါလိမ့်မယ်။

အိန္ဒိယဟာ တရုတ်၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်တို့လို အာရှဆန်ဝယ်လက်တွေကို ရောင်းပေးနေတဲ့အပြင် တိုဂို၊ ဘီနင်၊ ဆီနီဂေါနဲ့ ကင်မရွန်းတို့လို နိုင်ငံတွေဆီကိုလည်း တင်ပို့ရောင်းချနေပါတယ်။

အိန္ဒိယမုတ်သုံရဲ့ အရေးပါမှုက ဘယ်လိုရှိလဲ

အိန္ဒိယ မိုးစပါးဟာ တစ်နိုင်ငံလုံး တစ်နှစ်တာ စိုက်ပျိုးထုတ်လုပ်မှုအနက် ၈၅ ရာခိုင်နှုန်းကျော် ပါဝင်ပါတယ်။ ၂၀၂၂ ဇွန်လအထိ ကြာမြင့်တဲ့ ပြီးခဲ့တဲ့သီးနှံရာသီအတွင်း ထုတ်လုပ်မှုကတော့ တန်ချိန် ၁၂၉ ဒသမ ၆၆ သန်းအထိ စံချိန်တင်မြင့်တက်ခဲ့တာပါ။

လယ်သမားသန်းပေါင်းများစွာဟာ အိန္ဒိယနိုင်ငံကို မုတ်သုံ စဝင်တဲ့ ဇွန်လအတွင်းမှာ မိုးစပါးကို စတင်စိုက်ပျိုးကြပါတယ်။ တစ်နှစ်တာ မိုးရေချိန်ရဲ့ ၇၀ ရာခိုင်နှုန်း ရွာသွန်းပေးနေကျ မုတ်သုံရာသီဟာ ရေလိုအပ်ချက် များတဲ့ စပါးသီးနှံအတွက် လွန်စွာ အရေးပါလှပါတယ်။

အိန္ဒိယလယ်သမားတွေဟာ သွင်းရေ မရရှိတဲ့ နိုင်ငံထဲက လယ်မြေ ထက်ဝက်ခန့်အတွက် မုတ်သုံမိုးကို အားပြု စိုက်ပျိုးနေကြရပါတယ်။ ၂၀၂၂ ခုနှစ်အတွင်း အိန္ဒိယဟာ မုတ်သုံမိုးရေချိန် ရွာမြဲအတိုင်း ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ လေးလတာ မုတ်သုံရာသီ စတင်တဲ့ ဇွန်လ ၁ ရက်နေ့ကနေ ယခုအချိန်အထိ ရွာသွန်းထားတဲ့ မိုးရေချိန်ဟာ ပျမ်းမျှအောက် ၄၁ ရာခိုင်နှုန်း လျော့နည်းနေပါတယ်။

ဇွန်လလယ်မှာ မိုးရွာသွန်းမှု ပိုများလာမယ်လို့ ခန့်မှန်းထားတာကြောင့် စပါးစိုက်ပျိုးမှု အားပိုကောင်းလာဖို့တော့ ရှိပါတယ်။ ပြီးခဲ့တဲ့ သုံးနှစ်အတွင်း မိုးရေချိန် ပျမ်းမျှနဲ့ အထက် ရရှိခဲ့သလို ခေတ်မီစိုက်ပျိုးရေးနည်းပညာတွေ အသုံးပြုမှုကြောင့် အိန္ဒိယစပါးအထွက်နှုန်း မြှင့်တင်နိုင်ခဲ့ပါတယ်။

အိန္ဒိယအစိုးရအနေနဲ့ ဆန်ရောင်းအားအပေါ် စိုးရိမ်စရာ ရှိသလား

လောလောဆယ် အိန္ဒိယနိုင်ငံမှာ ဆန်လက်ကျန် လိုတာထက် ပိုများနေသလို ပြည်တွင်းဈေးနှုန်းကလည်း အစိုးရက တောင်သူဆီကနေ အခြေခံဈေး သတ်မှတ်ပေးချေဝယ်ယူတဲ့ နှုန်းထက်တောင် နိမ့်ကျနေပါတယ်။

တင်ပို့ဆန်ဈေးနှုန်းဟာလည်း ငါးနှစ်ကျော်အတွင်း အနိမ့်ဆုံးနှုန်းဝန်းကျင်မှာ အရောင်းအဝယ် ဖြစ်နေပါတယ်။

လက်ရှိ အစိုးရရဲ့ စပါးကျီတွေထဲမှာ ဆန်နဲ့ စပါး စုစုပေါင်းတန်ချိန် ၅၇ ဒသမ ၈၂ သန်း ရှိနေတာကြောင့် အစိုးရရဲ့ အရန်ဆန်မျှော်မှန်းချက် တန်ချိန် ၁၃ ဒသမ ၅၄ သန်းထက် လေးဆကျော်လောက် ပိုများနေပါတယ်။

ရုရှားက ယူကရိန်းကို ဖေဖော်ဝါရီလအတွင်း ကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း ဂျုံဈေးတွေ တက်လာနေပေမဲ့ အဲဒီအတွက်ကြောင့် ဆန်တင်ပို့မှု ထောင်တက်လာလိမ့်မယ်လို့ အိန္ဒိယက မျှော်လင့်မထားပါဘူး။ ရုရှား၊ ယူကရိန်းတို့ ပါဝင်တဲ့ ပင်လယ်နက်ဒေသဟာ ဆန်အဓိကထုတ်လုပ်သူလည်းမဟုတ်၊ စားသုံးသူလည်း မဟုတ်တာကြောင့်ပါ။

Ref: Why India Holds the Key to Global Rice Market Outlook

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

--


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်