စိုက်/မွေးနယ်ပယ်မှာ အမျိုးသမီးတွေ ဘာကြောင့်အရေးကြီးသလဲ..?

23/05/2023 17:00 PM တွင် ဇင်ဘိုလွင် ဇင်ဘိုလွင် မှ ရေးသား

ကမ္ဘာပေါ်က ဆင်းရဲသားလူတန်းစား ၈၀ ရာခိုင်နှုန်းဟာ ကျေးလက်ဒေသတွေမှာ နေထိုင်ကြပြီး အဲ့ဒီထဲက အများစုကတော့ အသေးစားစိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကနေ ဝင်ငွေရှာဖွေရတာပါ။ 

ဒါပေမဲ့ ဒီအသေးစား စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေက လျှော့တွက်လို့တော့မရပါဘူး။ ကမ္ဘာ့စားနပ်ရိက္ခာ စုစုပေါင်းရဲ့ ၃ ပုံ ၁ ပုံကျော်ကို ဒီကနေထုတ်လုပ်ပေးနေတာဖြစ်လို့ပါပဲ။ နောက်ထပ်ထူးခြားချက်ကတော့ ဒီအလုပ်လေးတွေရဲ့ အများစုကို တာဝန်ယူလုပ်ကိုင်နေကြသူတွေဟာ အမျိုးသမီးတွေ ဖြစ်နေတယ်ဆိုတာပါပဲ။

ဆိုတော့ ဒီလိုမျိုး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေမှာ အမျိုးသမီးတွေ ဘာကြောင့်အရေးပါနေရတာလဲ၊ သူတို့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ စိန်ခေါ်မှုတွေက ဘာတွေလဲ၊ သူတို့ကိုသာ ပိုကောင်းတဲ့အခွင့်အလမ်းတွေ ဖန်တီး ပေးလိုက်မယ်ဆို ဘယ်လိုအပြောင်းအလဲတွေဖြစ်သွားမလဲ ဆိုတာတွေကို လေ့လာကြည့်ကြရအောင်...

စိုက်ပျိုးမွေးမြူရေးနယ်ပယ်ထဲက အမျိုးသမီးအခန်းကဏ္ဍ

ကမ္ဘာ့လူဦးရေရဲ့ လေးပုံတစ်ပုံဟာ ကျေးလက်ဒေသနေအမျိုးသမီးတွေပါ။ သူတို့ရဲ့အခန်းကဏ္ဍဟာလည်း ကမ္ဘာ့စားနပ်ရိက္ခာထုတ်လုပ်ရေးနဲ့ ဒွန်တွဲနေပြီး ခွဲခြားလို့ကိုမရပါဘူး။ နိုင်ငံတကာအလုပ် သမားအဖွဲ့အစည်းတွေရဲ့ ခန့်မှန်းချက်တွေအရတော့ ကမ္ဘာ့စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေရဲ့ ၄၁ ရာခိုင်နှုန်းအထိ အမျိုးသမီးတွေက တာဝန်ယူထားတယ်လို့ ဆိုပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာဆိုရင်တော့ ဒီအချိုးက ပိုများရင်တောင် များနိုင်ပါသေးတယ်။ တောင်အာရှနဲ့ ဆာဟာရတစ်ပိုင်းအာဖရိကဒေသတွေမှာဆိုရင်တော့ စိုက်ပျိုးမွေးမြူရေးနယ်ပယ်မှာ အမျိုးသမီးတွေပါဝင်လုပ်ကိုင်နေရမှုဟာ ၆၀ ရာခိုင်နှုန်းထိတောင် ရှိနေပါသတဲ့။

သူတို့လုပ်ရတဲ့အပိုင်းတွေကတော့ တစ်နိုင်ငံနဲ့တစ်နိုင်ငံကြားမှာ ကွဲပြားမှုရှိပါတယ်။ ဘယ်လိုပဲဖြစ်စေဦးတော့ စိုက်ပျိုးမွေးမြူရေးကဏ္ဍမှာ ကျေးလက်အမျိုးသမီးတွေ ပါဝင်ပတ်သက်နေမှုက တန်ဖိုးဖြတ်လို့မရနိုင်ပါဘူး။ သူတို့ဟာ မျိုးစေ့တွေချကြရပါတယ်၊ စိုက်ကြပျိုးကြရပါတယ်၊ ရိတ်ကြသိမ်းကြရပါတယ်။ လယ်ယာလုပ်ငန်းရဲ့ အခရာကျတဲ့သူတွေအနေနဲ့ သူတို့ဟာ မြေယာနဲ့သဘာဝအရင်းအမြစ်တွေ ရေရှည်တည်တံ့ရေး လုပ်ဆောင်ရပါတယ်။ ရာသီဥတုပြောင်းလဲမှုဒဏ် ခံနိုင်ရည်ရှိဖို့ ကြိုးစားရပါတယ်။ ဒါ့အပြင် သူတို့ခမျာ မိသားစုပြုစုပျိုးထောင်ရေးပါ တာဝန်ယူထားရတော့ လုပ်ခငွေကြေးမရတဲ့ အခမဲ့အလုပ်တွေ၊ အိမ်တွင်းမှုအလုပ်တွေကိုပါ တာဝန်ယူကြရပါသေးတယ်။

ဆိုတော့ ဒီလိုမျိုးအမျိုးသမီးတွေရဲ့အားထုတ်လုပ်ကိုင်မှုဟာ သူတို့ရဲ့မိသားစုနဲ့အသိုင်းအဝိုင်းတွေရဲ့ စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝရေးနဲ့ အစစအရာရာ အဆင်ပြေချောမွေ့ရေးတွေမှာ အရေးပါတဲ့သက်ရောက်မှုရှိနေတာပဲ ဖြစ်ပါတယ်။

စိုက်/မွေးနယ်ပယ်မှာ အမျိုးသမီးများ ရင်ဆိုင်နေရသည့်အခက်အခဲများ...

အရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်နေတယ်ဆိုပေမဲ့ အမျိုးသမီးတောင်သူတွေအနေနဲ့ အသုံး အဆောင်၊ ငွေရေးကြေးရေး၊ ဈေးကွက်နဲ့ ပညာရေးပိုင်းတွေမှာ အခွင့်အလမ်းနဲ့ပိုင်ဆိုင်မှု မျှမျှတတရရှိမှုပိုင်းမှာတော့ နည်းပါးနေပါသေးတယ်။ ဘယ်လိုလဲဆိုတော့ အိမ်မှုစရိတ်နဲ့ သူတို့လုပ်နေရတဲ့မြေနဲ့ပတ်သက်လို့ ပြောရေး ဆိုခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်ပိုင်းတွေမှာပါ။

အဓိကကတော့ နက်နက်ရှိုင်းရှိုင်းအရိုးစွဲနေတဲ့ဓလေ့ထုံးတမ်းတွေ၊ ရိုးရာတွေ လွှမ်းမိုးခံရတဲ့နေရာတွေမှာ တရားမျှတမှုမရရှိကြတာပါ။ ဓလေ့ထုံးတမ်းစံနှုန်းတွေဟာ စိုက်ပျိုးမွေးမြူရေးနယ်ပယ်မှာ အမျိုးသမီးတွေ အသစ်အသစ်တွေ စွန့်စားဖန်တီးခွင့်တွေကို ပိတ်ပင်ထားပါတယ်။ ဥပမာဆိုရရင် အာဖရိကတိုက် ယူဂန္ဒာနိုင်ငံမှာဆို အမျိုးသမီးတွေကို စိုက်ပျိုးရေးပဲလုပ်ခွင့်ပေးထားပြီး မွေးမြူရေးပိုင်းကိုတော့ အမျိုးသားတွေရဲ့အလုပ်အဖြစ်ပဲ သတ်မှတ်ထားပါတယ်။ တကယ်တော့ မွေးမြူရေးက စိုက်ပျိုးရေးထက်ဝင်ငွေပိုကောင်းတာပါ။ ပြီးတော့ နို့လိုမျိုးအာဟာရပြည့်ဝတဲ့အစားအစာမျိုးကလည်း မွေးမြူရေးကပဲ ရနိုင်တာမဟုတ်လား..။

ဒီလိုမမျှတမှုတွေက အမျိုးသမီးတွေအတွက် ကိုယ့်အားကိုယ်ကိုးရပ်တည်နိုင်ဖို့နဲ့ သူတို့စွမ်းနိုင်သလောက်ထိ ရောက်အောင်လျှောက်ဖို့အပိုင်းတွေမှာ သိသိသာသာကြီးကို ဆိုးကျိုးဖြစ်စေတာပါ။ ဒီလိုစိန်ခေါ်မှုတွေကြောင့်လည်း အမျိုးသမီးတွေလုပ်တဲ့စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေဟာ အမျိုးသားတွေဦးစီးလုပ်တာတွေထက်စာရင် အထွက်နှုန်း ၂၀ ကနေ ၃၀ ရာခိုင်နှုန်းထိ လျော့နည်းရတာဖြစ်တယ်လို့ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် လယ်ယာစိုက်ပျိုးရေးအဖွဲ့ (FAO) က ဆိုထားပါတယ်။

နောက်ထပ်သိသာတဲ့အတားအဆီးတစ်ခုကတော့ မြေယာပိုင်ဆိုင်ခွင့်ပါ။ ကမ္ဘာပေါ်မှာ အမျိုးသမီးတွေ မြေယာပိုင်ဆိုင်ခွင့်ဟာ ၁၅ ရာခိုင်နှုန်းအောက်မှာပဲရှိတယ်လို့ ဆိုပါတယ်။ ဒီအချက်က ဘာကိုပြောပြနေသလဲဆိုတော့ အမျိုးသမီးတောင်သူအများစုဟာ မြေယာတွေနဲ့ပတ်သက်လို့ ဘာစိုက်မယ်၊ ဘယ်လိုစိုက်မယ်၊ မြေရောင်းမလား ဝယ်မလားဆိုတာတွေမှာ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူးဆိုတာပါပဲ။ သူတို့ရဲ့ အိမ်ထောင်စုဝင်ငွေကို ဘယ်လိုသုံးစွဲမယ်ဆိုတဲ့အပိုင်းမှာလည်း ဆုံးဖြတ်ပိုင်ခွင့်နည်းတာမို့ သူတို့ရဲ့ လယ်ယာနဲ့မွေးမြူရေးခြံတွေမှာ ဘယ်လိုရင်းနှီးမြှုပ်နှံမှုတွေလုပ်မယ်၊ ဘယ်လိုသွင်းအားစုတွေဝယ်သုံးမယ်ဆိုတာမျိုးတွေမှာ လုပ်ချင်တိုင်း လုပ်ခွင့်မရကြပါဘူး။

စိုက်ပျိုးမွေးမြူရေးနယ်ပယ်မှာ အမျိုးသမီးတွေကို ဘာကြောင့် ပံ့ပိုးကူညီမှုတွေ လုပ်သင့်တာလဲ..

အမျိုးသမီးတွေဟာ အမျိုးသားတွေထက်စာရင် ဝင်ငွေတွေကို မိသားစုနဲ့အသိုင်းအဝိုင်းအကျိုးအတွက် ပိုပြီးအသုံးပြုကြပါတယ်တဲ့။ သူတို့ထုတ်လုပ်ထားတဲ့ပစ္စည်းတွေ၊ ဝင်ငွေတွေကို အမျိုးသမီးတွေကိုသာ ထိန်းချုပ်သုံးစွဲခွင့်ပေးကြည့်လိုက်။ သူတို့မိသားစုနဲ့အသိုင်းအဝိုင်းအတွက် ပိုကောင်းတဲ့အစားအစာတွေ၊ ပညာရေးတွေ၊ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ဖန်တီးပေးသွားပါလိမ့်မယ်။ စိုက်ပျိုးမွေးမြူရေးနယ်ပယ်ကြီးဟာ ကြီးမားလှသလို သူနဲ့ပတ်သက်တဲ့စီးပွားရေးနယ်ပယ်ဟာလည်း ပိုပိုကြီးလာနေတာဆိုတော့ ကမ္ဘာ့အသိုင်းအဝိုင်းအတွက်လည်း အလားတူအကျိုးကျေးဇူးတွေရသွားနိုင်တာပေါ့။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Programme) ရဲ့ ခန့်မှန်းချက်အရဆို အမျိုးသမီးတောင်သူတွေသာ အမျိုးသားတွေနဲ့ရင်ဘောင်တန်းအခွင့်အရေးမျိုးသာရရင် ကမ္ဘာ့စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တွေဟာ ၂.၅ ကနေ ၄ ရာခိုင်နှုန်းထိ မြင့်တက်သွားနိုင်ပါတယ်တဲ့။ ဒီတိုးတက်ထုတ်လုပ်နိုင်နှုန်းဟာ ပေါ့သေးသေးမဟုတ်ပါဘူး။ ကမ္ဘာပေါ်က အာဟာရချို့တဲ့လူဦးရေ ၁၂ ကနေ ၁၇ ရာခိုင်နှုန်းထိ လျော့ကျစေနိုင်ပါတယ်။ အရေအတွက်နဲ့ပြောမယ်ဆိုရင်တော့ ငတ်မွတ်ခေါင်းပါးမှုနဲ့ဆင်းရဲမွဲတေမှုဒဏ်ခံစားနေရတဲ့ လူဦးရေ သန်း ၁၅၀ လောက်ထိကို လျော့ကျသွားစေနိုင်တာပါ။ ဆိုတော့ ကျေးလက်အမျိုးသမီးတွေကို ပံ့ပိုးကူညီမှုတွေပေးခြင်းဟာ ငတ်မွတ်ခေါင်းပါးမှုနဲ့ဆင်းရဲမွဲတေမှုကို အဆုံးသတ်ဖို့ ကြိုးစားတာနဲ့ အတူတူပဲပေါ့။

ဆိုတော့ နိဂုံးချုပ်ပြောရမယ်ဆိုရင် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးမှာအဓိကကျတဲ့ စိုက်ပျိုးမွေးမြူရေးနယ်ပယ်မှာ အမျိုးသမီးတွေ တန်းတူအခွင့်အရေးရဖို့၊ ဒီအတွက် ကူညီပံ့ပိုးမှုတွေ ပြုလုပ်ပေးဖို့က မဖြစ်မနေလိုအပ်နေတဲ့ အရာတစ်ခုဖြစ်နေပါပြီ။ ဒီလိုအခွင့်အရေးတွေသာ ပြည့်စုံသွားမယ်ဆိုရင် သူတို့အတွက်ချည်းပဲမဟုတ်ဘဲ ကမ္ဘာ့လူဦးရေအားလုံးအတွက် အကျိုးရှိနိုင်တယ်ဆိုတာကို လေ့လာမှုတွေက ဖော်ပြနေပါတယ်။ 

ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် လယ်ယာစိုက်ပျိုးရေးအဖွဲ့ (FAO) က မကြာသေးခင်ကမှ ထုတ်ပြန်ထားတဲ့ “လယ်ယာကုန်ထုတ်လုပ်မှုစနစ်အတွင်းရှိ အမျိုးသမီးများအခန်းကဏ္ဍ” အစီရင်ခံစာမှာဆိုရင်လည်း "လယ်ယာကုန်ထုတ်လုပ်ငန်းအတွင်း ကျားမမခွဲခြားမှုနဲ့ လုပ်အားခကွာဟချက်တွေကို ပပျောက်အောင် ဆောက်ရွက်နိုင်မယ်ဆိုရင် ကမ္ဘာ့ဂျီဒီပီ တစ်ရာခိုင်နှုန်း၊ တနည်းအားဖြင့် အမေရိကန်ဒေါ်လာ တစ်ထရီလီယံနီးပါးအထိ တိုးတက်သွားစေပါလိမ့်မယ်" လို့ ထည့်သွင်းရေးသားထားပါတယ်။ 

ဒီတော့ ငတ်မွတ်ခေါင်းပါးမှုနဲ့ဆင်းရဲမွဲတေမှုကို အဆုံးသတ်ဖို့ အမျိုးသမီးတွေကို ကူညီပံ့ပိုးမှုတွေလုပ်ကြပါစို့လို့ တိုက်တွန်းလိုက်ပါရစေ။

(ဝန်ခံချက် - ကျားမတန်းတူညီမျှမှုရှိရေး ဆောင်ရွက်နေသည့်အဖွဲ့အစည်းတစ်ခုဖြစ်သော Heifer International အဖွဲ့၏ဆောင်းပါးကို မှီငြမ်းဖော်ပြခြင်းဖြစ်ပါသည်)

Ref: https://www.heifer.org/blog/why-are-women-important-in-farming.html

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်