ကမ္ဘာ့ကြီးအသက်ရှည်ပြီး လှပကျန်းမာသော သဘာဝပတ်ဝန်းကျင်ဆီသို့..

05/06/2023 11:45 AM တွင် စုသီရိထွေး စုသီရိထွေး မှ ရေးသား

၁၉၅၀ ကနေ ၂၀၁၇ ကြား ၆၇ နှစ်တာကာလအတွင်း လူသားတွေထုတ်လုပ်သုံးစွဲခဲ့ကြတဲ့ ပလတ် စတစ်ပမာဏဟာဆိုရင်.. တန်ချိန်သန်းပေါင်း ၉၂၀၀ (၉.၂ ဘီလျံ) ထိ ရှိပါသတဲ့။

အဲ့ဒီထဲကနေ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေဖြစ်ပြီး ပတ်ဝန်းကျင်ညစ်ညမ်းစေမှုဖြစ်သွားတဲ့ ပလတ် စတစ်က တန်ချိန် သန်းပေါင်း ၇၀၀၀ ( ၇ ဘီလျံ)။ ‘ကုလသမဂ္ဂသဘာဝပတ်ဝန်းကျင်အစီအစဉ်’ ကနေ ထုတ်ပြန်ထားတဲ့အချက်အလက်တွေပါ။ တကယ့်ကို ကြောက်စရာကောင်းလှတဲ့ပမာဏပါပဲ။

သမုဒ္ဒရာတွေထဲကို တစ်မိနစ်တိုင်းမှာ သွန်ချပစ်နေတဲ့ ပလတ်စတစ်ပမာဏဟာ ထရပ်ကားတစ်စီး စာ ပမာဏလောက်ထိကို ရှိနေတာပါတဲ့။ 

ဆိုတော့ ဒီလိုအကြောင်းတရားတွေနဲ့အတူဖြစ်ပေါ်လာတဲ့ အကျိုးတရားတစ်ခုကတော့..

‘ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းလာမှု’ ဆိုတာပါပဲ။

မြို့ပြလူနေမှုစနစ်ဖွံ့ဖြိုးလာမှု၊ စက်မှုလုပ်ငန်းထွန်းကားလာမှုတွေနဲ့ စွမ်းအင်အလွန်အကျွံ ထုတ်ယူ သုံးစွဲလာမှု၊ ရေထုညစ်ညမ်းလာမှု၊ လေထုညစ်ညမ်းလာမှု စတာတွေကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင်ကို လက်ရှိကမ္ဘာကြီး ရင်ဆိုင်နေရပါတယ်။

လူသားတွေကို ရှင်သန်နေထိုင်ခွင့်ပေးထားတဲ့ ကမ္ဘာကြီး အကျည်းတန်ပျက်စီးသွားစေဖို့ လုပ်ပစ်နိုင်၊ လုပ်နေကြတာ လူသားတွေပါပဲ။ ဒီတော့ ဆန့်ကျင်ဖက်အနေနဲ့ ကမ္ဘာကြီး ကျန်းခံ့သာလို့ မာစေဖို့၊ အသက်ရှည်စေဖို့ ပြန်လည်စွမ်းဆောင်ကုစားပေးဖို့ဆိုတာဟာလည်း လူသားတွေရဲ့တာဝန် ဖြစ်လာပါတော့တယ်။

ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့...

ဒီအတွက် သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းဖို့ ကုလသမဂ္ဂက ကြိုးပမ်းလာခဲ့ပြီး ၁၉၇၂ ခုနှစ် ဇွန်လ ၅ ရက်နေ့မှာတော့ ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာညီလာခံတစ်ခု (Stockholm conference on human environment) ကို စတင်ပြုလုပ်ခဲ့ပြီး  World Environment Day (ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့) ကို သတ်မှတ်ကာ လှုံ့ဆော်မှုတွေပြုလုပ်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နေ့ရက်ကိုတော့ ညီလာခံစတင်ရာ ဇွန် ၅ ရက်ကို သတ်မှတ်ခဲ့ပါတယ်။

ရည်ရွယ်ချက်ကတော့ ကျွန်မတို့ရှင်သန်နေထိုင်နေတဲ့ ကမ္ဘာမြေကြီးကို ထိန်းသိမ်းဖို့နဲ့ ထိန်းသိမ်းရန် လိုအပ်ကြောင်း အမြဲအမှတ်ရနေကြစေဖို့ပါ။

ဒီလိုနဲ့ပဲ ၁၉၇၄ ခုနှစ် ဇွန်လ ၅ ရက်မှာတော့ ပထမဆုံး World Environment Day ကို ကျင်းပခဲ့ပြီး ဆောင်ပုဒ်ကတော့ ‘သဘာဝနဲ့ ရေရှည်သဟဇာတဖြစ်စွာနေထိုင်ရေး’ ကို အခြေခံထားတဲ့ (Only On Earth) ဆိုတာပဲဖြစ်ပါတယ်။ 

အဲ့ဒီနောက် နှစ်စဉ်နှစ်တိုင်း World Environment Day ကို ကျင်းပလာခဲ့ပြီး ၁၉၈၇ ခုနှစ်မှာတော့ အလှည့်ကျစနစ်ဖြင့် အိမ်ရှင်နိုင်ငံသတ်မှတ်ကျင်းပတာမျိုး စတင်ပြုလုပ်ခဲ့ပါတယ်။ ယခု ၂၀၂၃ ခုနှစ်မှာတော့ အိုင်ဗရီကို့စ်နဲ့ နယ်သာလန်နိုင်ငံတွေက ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပတာဖြစ်ပါတယ်။

ယခုနှစ်အတွက် ဆောင်ပုဒ်ကတော့ Beat Plastic Pollution ( ပလတ်စတစ် ညစ်ညမ်းမှု အန္တရာယ် ကာကွယ်တိုက်ဖျက်ကြ) ဆိုတာပါ။ ဒီတော့ ပလတ်စတစ်ဟာ လူသားတွေကို ဘယ်လောက်အထိ အန္တရာယ်ဖြစ်စေနေပြီလဲဆိုတာကို လေ့လာကြည့်ကြရအောင်..။

ပလတ်စတစ်သုံးစွဲမှု အန္တရာယ်

ကျွန်မတို့ကမ္ဘာပေါ်မှာရှိတဲ့လူသားတွေရဲ့ လူမှုစီးပွားရေးတိုးတက်ကောင်းမွန်မှုနဲ့ သာယာဝပြော ရေးဟာ ကောင်းမွန်ပြီး သန့်ရှင်းတဲ့ ပတ်ဝန်းကျင်အခြေအနေပေါ်မှာ မူတည်နေတာပဲဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်တွေဟာ ကျွန်မတို့လူသားတွေ အသက်ရှင်ရပ်တည်နိုင်ဖို့ အခြေခံ လိုအပ်တဲ့ အစားအစာ၊ ကုန်ကြမ်းပစ္စည်း၊ အသုံးအဆောင်ပစ္စည်း၊ ဆေးဝါး၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လို လောင်စာပစ္စည်းမျိုးတွေကို အခမဲ့ ပံ့ပိုးပေးနေတာပါ။

ကမ္ဘာ့လူဦးရေဟာ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာတာနဲ့အမျှ မြို့ပြနဲ့စက်မှုလုပ်ငန်းတွေ ပိုမိုဖွံ့ ဖြိုးလာပါတယ်။ ဒါနဲ့အတူ စွန့်ပစ်ပစ္စည်းထွက်ရှိမှုဟာလည်း ပိုမိုများပြားလာတဲ့အတွက် ကျွန်မတို့ရဲ့ ကမ္ဘာမြေကြီးဟာ ညစ်ညမ်းပျက်စီးမှုကို ရင်ဆိုင်လာရပါတယ်။ 

ပလတ်စတစ်ကို ကမ္ဘာပေါ်မှာ ၁၉၅၀ ပြည့်နှစ်လောက်ကစပြီး စတင်အသုံးပြုလာခဲ့ကြတာဖြစ် ပါတယ်။ ဒီကနေ့ ကျွန်မတို့သုံးစွဲနေကြတဲ့ ပလတ်စတစ်ပစ္စည်းတွေရဲ့ ၅၀ ရာခိုင်နှုန်းခန့်ဟာ တစ်ခါ သုံး ပလတ်စတစ်ပစ္စည်းတွေပါ။ တစ်ခါသုံး ပလတ်စတစ်ဆိုတာ တစ်ကြိမ်တစ်ခါပဲသုံးဖို့ ရည်ရွယ် ထုတ်လုပ်ထားတဲ့ ပလတ်စတစ်အိတ်တွေ၊ ပလတ်စတစ်ပိုက်တွေ၊ ပလတ်စတစ်ပုလင်းတွေနဲ့ အစားအစာထုတ်ပိုးရာမှာ အသုံးပြုတဲ့ ပလတ်စတစ်ပစ္စည်းမျိုးစုံတွေကို ဆိုလိုတာပါ။

အဲ့ဒီပလတ်စတစ်အိတ်တွေထဲမှာ အများဆုံးပါဝင်တဲ့ ကြွပ်ကြွပ်အိတ်တွေကို မီးရှို့ဖျက်စီးရင်လည်း အီသိုင်လင်းအောက်ဆိုဒ်နဲ့ ဒိုင်အောင်ဇင်လိုမျိုး လူတွေကို အန္တရာယ်ဖြစ်စေတဲ့ ဓာတ်ငွေ့တွေ ထွက်ရှိ စေနိုင်တဲ့အတွက် လေထုညစ်ညမ်းမှုကိုဖြစ်စေတဲ့အပြင် အဲ့ဒီအငွေ့တွေကိုရှူရှိုက်မိတဲ့အခါမှာလည်း ရှူရှိုက်မိတဲ့ လူရဲ့လူရဲ့သွေးနဲ့ ဆီးထဲကို ရောက်ရှိပြီး ကင်ဆာရောဂါဖြစ်စေနိုင်ပါတယ်။

ဒါ့အပြင် ကြွပ်ကြွပ်အိတ်တွေမှာ ခဲဓာတ်နဲ့ အဆိပ်ဓာတ်တွေပါဝင်တဲ့ ဓာတုပစ္စည်းတွေနဲ့ အရောင် ဆိုးဆေးတွေကြောင့် ပူလောင်တဲ့စားစရာတွေကိုထည့်လိုက်ရင်လည်း ကြွပ်ကြွပ်အိတ်မှာပါတဲ့ အဆိပ်ဓာတ်တွေဟာ အစားအစာတွေထဲကိုရောက်ရှိသွားပြီး စားမိတဲ့လူကို များစွာအန္တရာယ်ရှိစေ နိုင်ပါတယ်။

ဆိုတော့ ဒီကနေ့ ကျွန်‌မတို့တွေ ရင်ဆိုင်နေကြရတဲ့ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေထဲမှာ ပလတ် စတစ်ညစ်ညမ်းမှုဟာ အကြီးမားဆုံးပြဿနာတွေထဲက တခုဖြစ်နေတာပါ။ လူသားတွေရဲ့ စည်းကမ်းမဲ့ စွန့်ပစ်လိုက်တဲ့ ပလတ်စတစ်အမှိုက်တွေဟာ ရေမြောင်းတွေကတစ်ဆင့် နောက်ဆုံးမှာ ပင်လယ်သမုဒ္ဒရာထဲကိုရောက်ရှိသွားပြီး အဏ္ဏဝါညစ်ညမ်းမှုကိုလည်း ဖြစ်ပေါ်စေလျက်ရှိပါတယ်။

ကျွန်မတို့ နေ့စဉ်စွန့်ပစ်လိုက်တဲ့ ပလတ်စတစ်တွေဟာ ပင်လယ်သမုဒ္ဒရာထဲကို အမှိုက်သရိုက်တွေ အဖြစ် မျောပါ‌ရောက်ရှိသွားကြတာကြောင့်ဖြစ်ပြီး အဲ့ဒီပလတ်စတစ်တွေကြောင့် ပင်လယ်၊ သမုဒ္ဒရာထဲက ရေနေသတ္တဝါမျိုးစိတ်ပေါင်း ၆၃၃ မျိုးရဲ့ နေထိုင်မှုပုံစံကို အန္တရာယ်ရှိလာ‌စေကာ အကြီးမားဆုံးသော ပတ်ဝန်းကျင်ဆိုင်ရာ ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာနေပါတယ်တဲ့။

ဒီကနေ့ ပင်လယ်သမုဒ္ဒရာတွေရဲ့ တစ်စတုရန်းမိုင်(တစ်မိုင်ပတ်လည်) တိုင်းမှာ ပလတ် စတစ် အပိုင်းအစ ၄၆၀၀၀ ခန့် မျောပါလျက်ရှိတယ်လို့ ပညာရှင်တွေက ခန့်မှန့်ထားကြပါတယ်။ ဒီပလတ် စတစ်အပိုင်းအစ (Microplastics) တွေကို ပင်လယ်ရေနေသတ္တဝါတွေက သူတို့ရဲ့အစာအဖြစ် မှားယွင်းစားသုံးမိကြလို့ ပင်လယ်လိပ်တွေရဲ့ ၈၆ ရာခိုင်နှုန်းခန့်ထိ သေဆုံးခဲ့ကြရပြီး တခြားသော ရေနေသတ္တဝါတစ်သိန်းဟာလည်း ပလတ်စတစ်ညစ်ညမ်းမှုကြောင့် နှစ်စဉ်သေဆုံးလျက်ရှိနေရ တယ်လို့ သိရပါတယ်။

သူတို့ချည်းပဲ ထိခိုက်တာလားဆိုရင်တော့ မဟုတ်ပါဘူး။ အစာကွင်းဆက်ကြောင့် ပလတ်စတစ် ညစ်ညမ်းမှုတွေဟာ နောက်ဆုံးမှာ ကျွန်မတို့လူသားတွေဆီ ပြန်လည်ရောက်ရှိလာမှာပါ။ ဒီလိုဆိုရင်တော့ လူသားတွေရဲ့ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်သွားမှာဖြစ်ပါတယ်။

ဒီတိုင်းသာဆက်သွားနေမယ်ဆို ၂၀၅၀ ခုနှစ်ကျရင် ပင်လယ်သမုဒ္ဒရာတွေထဲမှာ ငါးသယံဇာတထက် ပလတ်စတစ်အမှိုက်တွေ ပိုများနေလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

မြေကြီးထဲမှာဆိုရင်လည်း ပလတ်စတစ်အမှိုက်တွေဟာ နှစ်ပေါင်း ၅၀၀ ကနေ ၁၀၀၀ ခန့် ကြာမြင့်တဲ့အထိ မပျက်စီးဘဲ တည်မြဲနေနိုင်တဲ့အတွက် စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းတွေကိုလည်း များစွာထိခိုက်စေနိုင်ပါတယ်။ သေးငယ်တဲ့ပလတ်စတစ်အပိုင်းအစတွေအဖြစ် (Microplastics) ပြိုကွဲပျက်စီးသွားသည့်တိုင် သူတို့ရဲ့ဂုဏ်သတ္တိကတော့ ပျက်ပြယ်မသွားပဲ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။

ပလတ်စတစ်ထုတ်လုပ်သုံးစွဲမှု လျှော့ချရေး  အလေးပေးပြီးပါဝင်ပေး

တစ်ခါသုံးပလတ်စတစ်ပစ္စည်းသုံးစွဲမှုကိုလျော့ချနိုင်ပြီး ပလတ်စတစ်ညစ်ညမ်းမှုကိုထိန်းချုပ်နိုင်ဖို့ အတွက် ကမ္ဘာပေါ်မှာရှိတဲ့လူသားတစ်ဦးချင်းစီက အလေးထားပြီး တာဝန်ယူ ဖြေရှင်းဆောင်ရွက် သွားကြရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လူတိုင်းအလွယ်တကူ လိုက်ပါဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေဖြစ်တဲ့ ပလတ်စတစ်အမှိုက်ထွက်ရှိမှုတွေကို..

(၁) လျှော့ချခြင်း (Reduce)

(၂) ပြန်လည်သုံးစွဲခြင်း (Reuse) နဲ့ 

(၃) Recycle (ပြန်လည်ပြုပြင်ထုတ်လုပ်သုံးစွဲခြင်း)

ဆိုတဲ့နည်းလမ်းတွေကို အားလုံးအတူတကွ လိုက်နာဆောင်ရွက်သွားကြရမှာပဲ ဖြစ်ပါတယ်။

UN habitat Myanmar ရဲ့ ၂၀၂၃ ထုတ်ပြန်ချက်အရဆို မြန်မာနိုင်ငံ ပလတ်စတစ်သုံးစွဲမှုရဲ့ ၅၀ ရာခိုင်နှုန်းခန့်ဟာ သဘာဝပတ်ဝန်းကျင်ထဲကို စိမ့်ဝင်ရောက်ရှိနေပြီး ၁၃ ရာခိုင်နှုန်းကိုသာ Recycle အပြစ် ပြန်လည်ပြုပြင်ထုတ်လုပ်သုံးစွဲနိုင်သေးတယ်လို့ ဆိုပါတယ်။

ကျွန်မတို့မြန်မာလူမျိူးတွေဟာ ရှေးယခင်ကဆိုရင် ပစ္စည်းတွေထုတ်ပိုးတဲ့အခါမှာ ပစ္စည်း အမျိုး အစားအလိုက် ဆွေးမြည့်လွယ်တဲ့ အင်ဖက်၊ ဗန်ဒါရွက်၊ ပိန်းရွက်၊ ငှက်ပျောရွက်နဲ့ ကြာရွက်၊ စတာ တွေကိုပဲ အသုံးပြုခဲ့ကြပါတယ်။ ဒါပေမဲ့ ယနေ့ခေတ်မှာတော့ သယ်ယူရလွယ်ကူတဲ့ ပလတ် စတစ်တွေကို နေ့စဉ်ပမဏများစွာ လွယ်လင့်တကူ သုံးစွဲလာကြတာဟာ အလေ့အထတခုလို ဖြစ်လာပါတယ်။ 

ဒါကြောင့် တချိန်က ကျွန်မတို့လူမျိုးတွေရဲ့ ပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ ကောင်းမွန်တဲ့ အလေ့ အထကောင်းတွေကို အတတ်နိုင်ဆုံး ကျယ်ပြန့်စွာ ပြန်လည်ကျင့်သုံးပြီး မိမိတို့သဘာဝပတ်ဝန်းကျင် ကို ပြန်လည်ကုစားဖို့ တိုက်တွန်းလိုပါတယ်။ တဖက်မှာလည်း ပလတ်စတစ်သုံးစွဲမှုကို လျှော့ ချခြင်း(Reduce)၊ ပြန်လည်သုံးစွဲခြင်း (Reuse) နဲ့ ပြန်လည်ပြုပြင်သုံးစွဲခြင်း(Recycle) စတဲ့ စွန်ပ့စ်ပစ္စည်း စီမံခန့်ခွဲမှုနည်းလမ်းတွေကို အသုံးပြုပြီး တခါသုံးပလတ်စတစ်ပစ္စည်းတွေရဲ့ ကြီးမား လှတဲ့အန္တရာယ်ကို ကျွန်မတို့အားလုံး အတူတကွ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် တခါသုံးပလတ်စတစ်ပစ္စည်းတွေကြောင့်ဖြစ်ပေါ်လာရတဲ့ အန္တရာယ်တွေကနေကင်းဝေးပြီး ကောင်း မွန်တဲ့ ဂေဟစနစ်တစ်ခုကို အတူတကွပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။

သားသမီးတွေ ဒုက္ခရောက်တော့ မိဘတွေရဲ့ ရင်ထဲ နာကျင်ခံစားရသလိုမျိူး သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာတဲ့အခါမှာလည်း ကျွန်မတို့သဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးသူတွေက နာကျင် ခံစားကြရတာပဲ မဟုတ်ပါလား။ ဒါတင်မကပါဘူး။ ဂေဟစနစ်ကြီးပျက်စီးလာမှုနဲ့အတူ သဘာဝဘေး၊ ရောဂါဘေး စတဲ့ ကပ်ဘေးမျိုးစုံတွေကို ပိုမိုရင်ဆိုင်လာကြရမှာပါ။

ဒါ‌ကြောင့်မို့ ကျွန်မတို့အားလုံး အမိကမ္ဘာမြေကို ကာကွယ်စောင့်ရှောက်ဖို့ နေ့စဉ်နေ့တိုင်း World Environment Day အဖြစ် နှလုံးသွင်းရင်း နိုင်ရာတာဝန်နဲ့ ကမ္ဘာကြီးကိုကယ်တင်ဖို့ ပါဝင်ဆင်နွှဲ ကြရအောင်လားရှင်။ 

စုသီရိထွေး(စိုက်ပျိူးရေးတက္ကသိုလ်)

#WorldEnvironmentDay 

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်