မရှိမဖြစ် ပြည်သူ့ကျန်းမာရေးလုပ်သား၊ တိရစ္ဆာန်ဆေးကုဆရာဝန်များ

27/04/2024 10:42 AM တွင် Khaing Kyi Thit Khaing Kyi Thit မှ ရေးသား

၂၀၂၄ ခုနှစ် ဧပြီလ ၂၇ ရက်ဟာ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးနေ့ (World Veterinary Day) ဖြစ်ပါ တယ်။ လူ့အဖွဲ့အစည်းတစ်ရပ်လုံးရဲ့ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိရစ္ဆာန်ဆေးကုပညာရပ်နဲ့ တိရစ္ဆာန်ဆေးကုဆရာဝန်တွေရဲ့ စွမ်းဆောင်မှုတွေနဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြု ဂုဏ်ပြုနိုင်ဖို့ ရည်ရွယ်ပြီး ကမ္ဘာ့တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း (World Veterinary Association - WVA) က၂၀၀၀ ပြည့်နှစ်ကတည်းကစတင်ပြီး နှစ်စဉ်ဧပြီလရဲ့ နောက်ဆုံးပတ် စနေနေ့ကို ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးနေ့ အဖြစ်သတ်မှတ်ထားခဲ့တာပါ။ နှစ်စဉ်ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးနေ့ အခမ်းအနားတွေကို ကျင်းပရာမှာလည်း ဆောင်ပုဒ် (theme) တစ်ခုစီသတ်မှတ်ပြီး ကျင်းပလေ့ ရှိကြပါတယ်။ ဒီနှစ်အတွက် ဆောင်ပုဒ်ကတော့ “မရှိမဖြစ် ပြည်သူ့ကျန်းမာရေးလုပ်သား၊ တိရစ္ဆာန်ဆေးကုဆရာဝန်များ (Veterinarians are essential health workers.)” ရယ်လို့ ဖြစ်ပါတယ်။ 

ဒီကနေ့ကမ္ဘာမှာ “ကျန်းမာရေး (Health)” လို့ ပြောကြတဲ့အခါ လူသားတွေရဲ့ ကျန်းမာရေးကိုသာ ကွက်ကွက်ကလေး ပြောလို့မရတော့ဘဲ လူသားတွေရဲ့ကျန်းမာရေး (Human Health)၊ တိရစ္ဆာန်တွေရဲ့ ကျန်းမာရေး (Animal Health) နဲ့ ပတ်ဝန်းကျင်ရဲ့ ကျန်းမာရေး (Environmental Health) တွေကိုပါ ထည့်သွင်းစဉ်းစားလာကြရပါတယ်။ အဲဒီကျန်းမာရေး သုံးမျိုးစလုံးကလည်း တစ်ခုနဲ့တစ်ခု ဆက်စပ်လို့ နေပြန်ပါတယ်။ ဒါကြောင့် လူ၊ တိရစ္ဆာန် နဲ့ ပတ်ဝန်းကျင်တို့ရဲ့ ကျန်းမာရေးသုံးမျိုးကို တစ်ခုစီ ခွဲခြားပြီး စဉ်းစားလို့မရတော့ဘဲ တစ်စုတစ်စည်းတည်း စဉ်းစားကြရပါတယ်။ ဒါကြောင့်လည်း “တစ်စုတည်းသော ကျန်းမာရေး (One Health)” ဆိုတဲ့ အယူအဆကို ကမ္ဘာပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးချလာကြရတာ ဖြစ်ပါတယ်။ ဒါကြောင့် တိရစ္ဆာန်ကျန်းမာရေးနဲ့ တိရစ္ဆာန်ဆေးကုပညာဟာ သီးခြားဘာသာရပ် တစ်ခုအနေနဲ့ မဟုတ်ဘဲ တစ်စုတည်းသောကျန်းမာရေး (One Health) ရဲ့ အဓိကအစိတ်အပိုင်းတစ်ရပ် ဖြစ်လာပါတယ်။

တစ်ဖက်မှာလည်း တိရစ္ဆာန်ဆေးကုသရေးပညာရပ်ဟာ တိရစ္ဆာန်တွေရဲ့ ကျန်းမာရေးနဲ့ သက်သာ ချောင်ချိရေးကိုသာမကဘဲ လူသားတွေရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း ကျန်းမာရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်ကောင်းမွန်ရေးတွေအတွက်ပါ အသုံးချနိုင်တာကို တွေ့ရမှာပါ။ တိရစ္ဆာန်ဆေးကုဆရာဝန်များနဲ့ ဆက်စပ်ပညာသည်များဟာလည်း တစ်စုတစ်စည်းတည်းရှိနေတဲ့ One Health ရဲ့ ကျန်းမာရေးလုပ်သားတွေ ဖြစ်လာနေပါတယ်။

တိရစ္ဆာန်ဆေးကုဆရာဝန်တွေဟာ မရှိမဖြစ် ကျန်းမာရေးလုပ်သားတွေအဖြစ် ဘယ်လိုတာဝန်တွေကို ထမ်းဆောင်နေကြပါသလဲ။ 

စားနပ်ရိက္ခာထုတ်လုပ်ရေး

လူရယ်လို့ဖြစ်လာရင် စား၊ ဝတ်၊ နေ ရေးဆိုတဲ့ အရေးသုံးပါးဟာ အရေးအကြီးဆုံးနဲ့ အခြေခံအကျဆုံး လိုအပ်ချက်တွေပဲ ဖြစ်ပါတယ်။ အဲဒီထဲကမှ စားရေးဟာ ထိပ်ဆုံးကနေ ပါဝင်နေတာပါ။ ကမ္ဘာ့ပြည်သူလူထုရဲ့ စားနပ်ရိက္ခာအတွက် မရှိမဖြစ်လိုအပ်တဲ့ တန်ဖိုးမြင့်အသားဓာတ် ထုတ်လုပ်ရေးမှာ တိရစ္ဆာန်ဆေးကုဆရာဝန်တွေက အရေးကြီးကဏ္ဍတစ်ရပ်အနေနဲ့ ပါဝင်နေပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ရဲ့ ခန့်မှန်းချက်တွေအရ လက်ရှိကမ္ဘာပေါ်မှာ နှစ်စဉ် အသား၊ ငါး၊ နို့၊ ဥ အစရှိတဲ့ တိရစ္ဆာန်ထွက် အသားထုတ်ကုန် တန်ချိန်ပေါင်း သန်း ၃၅၀ ကျော် ထုတ်လုပ်နေရပါတယ်။ အဲဒီစားနပ်ရိက္ခာပမာဏကို ထုတ်လုပ်ဖို့အတွက် မွေးမြူရေးလုပ်ငန်းတွေ အကျယ်အပြန့်လိုအပ်ပါတယ်။ မွေးမြူရေး လုပ်ငန်းတွေ ရောဂါဒဏ်မခံစားရဘဲ ထုတ်လုပ်မှုကောင်းမွန်ဖို့နဲ့၊ အရည်အသွေးမြင့်မားတဲ့ ထုတ်ကုန်တွေ ထုတ်လုပ်နိုင်ဖို့ တိရစ္ဆာန်ဆေးကုဆရာဝန်တွေက တာဝန်ယူထားပါတယ်။ ဒါကြောင့် ကမ္ဘာ့ပြည်သူလူထု တွေ အာဟာရပြည့်ဝစွာ စားသုံးနိုင်ပြီး ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့ တာဝန်ယူထားတာ ဖြစ်ပါတယ်။ 

လူမှုစီပွားဘဝ

မွေးမြူရေးလုပ်ငန်းတွေကို လုပ်ဆောင်တာက ပြည်သူလူထုအတွက် စားနပ်ရိက္ခာတွေ ထုတ်လုပ်ပေးနိုင်သလို အခြားတစ်ဖက်မှာ မွေးမြူသူတွေနဲ့ အခြားဆက်စပ်သူတွေရဲ့ လူမှုစီးပွားဘဝကို ဖွံ့ဖြိုးတိုးတက်စေပါတယ်။ တစ်ကမ္ဘာလုံးရဲ့ အသားထုတ်လုပ်ရေးကဏ္ဍဟာ တန်ဖိုးအားဖြင့် ၂၀၂၁ ခုနှစ်မှာ အမေရိ ကန်ဒေါ်လာ ၈၉၇ ဘီလီယံရှိပြီး ၂၀၂၇ ခုနှစ်မှာ ၁၃၅၄ ဘီလီယံ အထိ မြင့်တက်လာမယ်လို့ ခန့်မှန်းထား ကြပါတယ်။ ဒါ့အပြင် ကမ္ဘာ့လူဦးရေ အနည်းဆုံး ၁.၃ ဘီလီယံဟာ မွေးမြူရေးနဲ့ ဆက်စပ်လုပ်ငန်းတွေကို မှီခိုပြီး အသက်မွေးဝမ်းကျောင်းနေကြတာ ဖြစ်ပါတယ်။ လူမှုစီးပွားဘဝ ပြည့်စုံကောင်းမွန်ခြင်းဟာ ကျန်းမာရေးကောင်းမွန်ဖို့အတွက် အခြေခံအကျဆုံး အချက်တစ်ချက်ဖြစ်ပါတယ်။ တိရစ္ဆာန်ဆေးကုဆရာဝန်တွေဟာ မွေးမြူရေးလုပ်ငန်းတွေဖွံ့ဖြိုးဖို့ ကူညီပေးရင်း သွယ်ဝိုက်တဲ့နည်းလမ်းနဲ့ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝနဲ့ ကျန်းမာရေးအဆင့်အတန်း မြင့်မားလာအောင် ကြိုးပမ်းဆောင်ရွက်ပေးနေပါတယ်။ 

ကူးစက်ရောဂါထိန်းချုပ်ရေး

လူသားတွေအတွက် ကူးစက်ရောဂါတွေဟာ အင်မတန်ကြီးမားတဲ့ အန္တရာယ်တွေပဲ ဖြစ်ပါတယ်။ အချို့ ကူးစက်ရောဂါတွေဟာ အချိန်မီ မထိန်းချုပ်နိုင်ရင် လူသားမျိုးနွယ်တစ်ခုလုံးကိုတောင် ဒုက္ခပေးနိုင်တဲ့ ရောဂါတွေ ဖြစ်ပါတယ်။ လူသားတွေမှာ ဖြစ်ပွားတဲ့ ကူးစက်ရောဂါ အမျိုးအစားပေါင်းမြောက်များစွာထဲက ၆၀ ရာခိုင်နှုန်းခန့်ဟာ တိရစ္ဆာန်တွေကနေတဆင့် လူသားတွေဆီကို ကူးစက်လာတဲ့ ရောဂါတွေဖြစ် နေတာကို တွေ့ရပါတယ်။ ဒါ့အပြင် အသစ်ထပ်တွေ့လာတဲ့ကူးစက်ရောဂါအသစ်တွေထဲက ၇၅ ရာခိုင်နှုန်းဟာလည်း တိရစ္ဆာန်ကနေ လူကို ကူးစက်တတ်တဲ့ ရောဂါတွေ ဖြစ်နေပြန်ပါတယ်။ ကမ္ဘာတလွှားမှာ တိရစ္ဆာန်ကနေ လူကို ကူးစက်တတ်တဲ့ရောဂါတွေကြောင့် နှစ်စဉ် နာမကျန်းမှုပေါင်း ၂.၅ ဘီလီယံ ခန့် ရှိနေပြီး လူပေါင်း ၂.၇ သန်း လောက် သေဆုံးနေရတယ်လို့ ဆိုပါတယ်။ တကယ်လို့သာ တိရစ္ဆာန်တွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်ပေးမယ့် တိရစ္ဆာန်ဆေးကုဆရာဝန်တွေ၊ တိရစ္ဆာန်ကူးစက်ရောဂါတွေကို ထိန်းချုပ်ပေးမယ့် တိရစ္ဆာန်ဆေးကုဆရာဝန်တွေသာ မရှိခဲ့ရင် ကူးစက်ရောဂါတွေကြောင့် သေဆုံးကြရမယ့် လူနာတွေဟာ အဆပေါင်းများစွာ ပိုတိုးလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် တိရစ္ဆာန်ဆေးကုဆရာဝန်တွေဟာ တိရ စ္ဆာန်တွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်ပေးနေတဲ့ မရှိမဖြစ် ပြည်သူ့ကျန်းမာရေးလုပ်သားတွေ ဖြစ်တယ် လို့ ဆိုရတာပါ။ 

ဆေးသုတေသန

တိရစ္ဆာန်ဆေးကုသရေးနယ်ပယ်က သုတေသနပညာရှင်များဟာ လူသားတွေရဲ့ ကျန်းမာရေးအတွက် ဆေးဝါးသစ်တွေ ဖော်ထုတ်ရာမှာ အကူအညီတွေ အများကြီး ပေးနေပါတယ်။ လူသားတွေအတွက် ထုတ်လုပ်တဲ့ ဆေးဝါးအသစ် အားလုံးနီးပါးဟာ တိရစ္ဆာန်တွေမှာ စမ်းသပ်သုတေသနပြုကြည့်ပြီးမှ လူတွေ မှာ စမ်းသပ်ရတာပါ။ 

အချို့သော ရောဂါကာကွယ်ဆေးတွေ သုတေသနပြု ရှာဖွေဖော်ထုတ်ရာမှာ တိရစ္ဆာန်ဆေးကုဆရာဝန် သုတေသီတွေဟာ အခြားသော ပညာရပ်နယ်ပယ်တွေက ပညာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေ ကြပါတယ်။ ဥပမာ နိုဘယ်လ်ဆုရ တိရစ္ဆာန်ဆေးကုဆရာဝန် ဒေါက်တာ Peter C. Dohorty ရဲ့ ခုခံအား စနစ်နဲ့ ပတ်သက်တဲ့ သုတေသနပြု ရှာဖွေတွေ့ရှိချက်တွေဟာ လူသားတွေအတွက် ကျန်းမာရေးစောင့် ရှောက်မှုမှာ အင်မတန် အရေးပါ ခဲ့ပါတယ်။ 

တိရစ္ဆာန်ဆေးကုသရေးနယ်ပယ်က အချို့သော ရောဂါဗေဒဆိုင်ရာ တွေ့ရှိချက်တွေဟာ လူသားတွေရဲ့ကျန်းမာရေးအတွက် သတိပြုနိုင်ဖို့ ကြီးကြီးမားမား အထောက်အကူပြုပါတယ်။ ဥပမာအနေနဲ့ တိရစ္ဆာန်အစာတွေထဲမှာ မှိုဆိပ် (Mycotoxin) ဟာ တိရစ္ဆာန်တွေရဲ့ ကျန်းမာရေးကို ထိခိုက်စေကြောင်း အင်္ဂလိပ် တိရစ္ဆာန်ဆေးကုဆရာဝန် ဒေါက်တာ ဝီလျံဘလန့် (William Percy Blount) စတင်တွေ့ရှိခဲ့ပြီး သူ့ရဲ့ တွေ့ရှိချက်ဟာ နောက်ပိုင်းမှာ မှိုဆိပ်ရဲ့ ဒုက္ခပေးပုံကို ပိုမိုဂရုပြုမိလာစေခဲ့ပါတယ်။ လူသားတွေမှာ မှိုဆိပ်ရဲ့ ဆိုးကျိုးကို ရှောင်ရှားနိုင်ဖို့အတွက် လမ်းဖွင့်ပေးခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ 

 ပတ်ဝန်းကျင်ထိန်းသိမ်းရေး

မွေးမြူရေးလုပ်ငန်းတွေ တိုးတက်လာတာနဲ့အမျှ မွေးမြူရေးကဏ္ဍက စွန့်ထုတ်တဲ့ ဖန်လုံအိမ်အာနိသင်တွေ၊ စွန့်ပစ်အညစ်အကြေးတွေက သဘာဝဝန်းကျင်ကို ထိခိုက်လာစေနိုင်ပါတယ်။ တိရစ္ဆာန်ဆေးကုဆရာဝန်တွေဟာ မွေးမြူရေးကဏ္ဍကနေ ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တဲ့ သက်ရောက်မှုတွေကို အနည်းဆုံးအခြေအနေအထိ လျှော့ချနိုင်ဖို့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ထိန်းသိမ်းတာမျိုး ဆောင်ရွက်ပေးရသလိုအခြားတစ်ဖက်မှာလည်း အဲဒီသက်ရောက်မှုတွေကို လျှော့ချနိုင်မယ့် နည်းပညာတွေကို သုတေသနပြု ရှာဖွေဖော်ထုတ်ပေးလျက်ရှိပါတယ်။ 

ဂေဟစနစ်တွေ ကောင်းကောင်းမွန်မွန်လည်ပတ်နိုင်ဖို့ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးလုပ်ငန်းတွေဟာလည်း မရှိမဖြစ် အရေးပါပါတယ်။ ဒီအတွက်လည်း တိရစ္ဆာန်ဆေးကုဆရာဝန်တွေက ရှေ့ဆုံးကနေ တာဝန်ယူပေးနေရတာပါ။ 

သဘာဝဘေးအန္တရာယ်တွေကျရောက်လာချိန်မှာ၊ ပြည်သူလူထုအတွက်၊ တိရစ္ဆာန်တွေအတွက်၊ ပတ်ဝန်းကျင်အတွက် လိုအပ်တဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုတွေ လုပ်ဆောင်ဖို့ လိုအပ်ပြီး အဲဒီလုပ်ငန်းတွေမှာ တိရစ္ဆာန်ဆေးကုဆရာဝန်များဟာ အခြားပညာရပ်နယ်ပယ်တွေနဲ့အတူ ရှေ့တန်းကပါဝင်ပြီး ဆောင်ရွက်နေကြရပါတယ်။ 

ဒါကြောင့် ပတ်ဝန်းကျင်ကျန်းမာရေးအတွက် တိရစ္ဆာန်ဆေးကုဆရာဝန်များရဲ့ တာဝန်ဟာလည်း ကြီးမားလှတယ်လို့ ဆိုရမှာပါ။ 

စိတ်ခံစားချက်

တိရစ္ဆာန်ဆေးကုဆရာဝန်တွေဟာ လူတွေရဲ့ အချစ်တော် အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ ကျန်းမာရေးအတွက် တာဝန်ယူပေးထားကြပါတယ်။ ဒါဟာ တိုက်ရိုက်အားဖြင့် တိရစ္ဆာန်လေးတွေရဲ့ ကျန်းမာရေး ကို စောင့်ရှောက်ပေးတာသာ ဖြစ်ပေမယ့် တိရစ္ဆာန်လေးတွေဆီက ရောဂါတွေ လူသားတွေဆီ မကူးစက်သွားအောင် သွယ်ဝိုက်တဲ့နည်းနဲ့ ကာကွယ်ပေးတာလည်း ဖြစ်ပါတယ်။ 

ဒါတင်မကသေးပါဘူး။ အခြားတစ်ဖက်မှာလည်း အချစ်တော် အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးမြူ ထားတဲ့ ပိုင်ရှင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေ ပိုမိုကောင်းမွန်လာအောင် ကူညီပေးနေတာပါ။ လူ နဲ့ တိရစ္ဆာန်လေးတွေအကြား စိတ်ချလက်ချနဲ့ မျှဝေခံစားနိုင်တဲ့ ဆက်ဆံရေး ရှိနေဖို့ တိရစ္ဆာန်ဆေးကုဆရာ ဝန်များက ကူညီပေးနေတာ ဖြစ်ပါတယ်။ လူနေမှုပုံစံတွေ ပြောင်းလဲသွားပြီး၊ လူသားတွေရဲ့ နေ့စဉ်ဘဝမှာ တိရစ္ဆာန်လေးတွေဟာ “ချစ်လို့၊ ဒါမှမဟုတ် သနားလို့၊ ဒါမှမဟုတ် ဝါသနာပါလို့ မွေးထားတဲ့ တိရစ္ဆာန်လေး” ဆိုတဲ့အဆင့်မကတော့ဘဲ “မိသားစုဝင်” အဖြစ် သတ်မှတ် မွေးမြူလာကြပါပြီ။ အဲဒီ တိရစ္ဆာန်လေးတွေရဲ့ ကျန်းမာရေးကို ကူညီစောင့်ရှောက်ပေးခြင်းဟာ မွေးမြူသူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို ပိုမို ကောင်းမွန်လာစေဖို့ အများကြီး အထောက်အကူပြုပါတယ်။ တနည်းအားဖြင့် စိတ်ကျန်းမာရေး စောင့်ရှောက်မှု တစ်မျိုးပါပဲ။ 

မရှိမဖြစ် ပြည်သူ့ကျန်းမာရေးလုပ်သား၊ တိရစ္ဆာန်ဆေးကုဆရာဝန်များ

တိရစ္ဆာန်ဆေးကုဆရာဝန်များဟာ နည်းလမ်းမျိုးစုံနဲ့ ပြည်သူလူထုရဲ့ ကျန်းမာရေးကို အခြားသော ပညာရပ်နယ်ပယ်တွေနဲ့ အတူ ပူးပေါင်းပြီး စောင့်ရှောက်ပေးနေကြပါတယ်။ ၂၀၂၄ ခုနှစ် ဧပြီလ ၂၇ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးနေ့မှာ “မရှိမဖြစ် ပြည်သူ့ကျန်းမာရေးလုပ်သား တိရစ္ဆာန်ဆေး ကုဆရာဝန်များ” ရဲ့ ဆောင်ရွက်ချက်နဲ့ စွမ်းဆောင်ရည်တွေ၊ အခြားတနည်းအားဖြင့် တာဝန်နဲ့ ဝတ္တရား တွေကို အများပြည်သူ သိရှိနိုင်စေဖို့ အကျဉ်းချုပ်ပြီး ဂုဏ်ယူစွာနဲ့ တင်ပြလိုက်ရပါတယ်။ မြန်မာပြည်သူအပေါင်း ဘေးအန္တရာယ်မှန်သမျှ ‌ဝေးကွာလို့ ကျန်းမာပကတိ ချမ်းသာစွာ ရှိနိုင်ကြပါစေခင်ဗျား။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်