အင်ဒိုနီးရှားက ခိုက်တတ်တယ်ဆိုတဲ့ကျွန်းကို စိုက်ပျိုးရေးနည်ပညာသွားပေးကြတဲ့ ဆိုင်ကယ်ဂိုဏ်း

09/07/2021 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

    ဂျကာတာမြို့: အင်ဒိုနီးရှား နိုင်ငံ အရှေ့ နူရှာတန်ဂရာပြည်နယ်ထဲမှာ “စီမော”ဆိုတဲ့ ကျွန်းတစ်ကျွန်းရှိပါတယ်။ ဒီကျွန်းပေါ်ကို တစိမ်းတစ်ယောက် ခြေချမိမယ်ဆိုရင် အသက်ရှင်လျက် အိမ်ပြန်မလာနိုင်ကြတော့ဘူးဆိုတဲ့ ဒဏ္ဍာရီဆန်ဆန်ပုံပြင်တစ်ပုဒ်ရှိပါတယ်။ 

    Noverius Henutesa Nggili ဆိုသူကတော့ ပါးစပ်ရာဇဝင်တွေကြောင့် စိုက်ပျိုးရေးနဲ့မွေးမြူရေး အခက်တွေ့နေတဲ့နေရာတွေမှာ လိုက်လံကူညီပေးရတာကို စိတ်ဝင်စားတဲ့ မော်တော်ဆိုင်ကယ်ဂိုဏ်း အဖွဲ့ဝင်တစ်ယောက်ပါ။

    ၂၀၁၄ မှာတော့ သူတို့အဖွဲ့ဟာ စီမောကျွန်းမှာ ကြောက်စရာကောင်းစေတဲ့ အယူအစွဲတွေက ဘာတွေဖြစ်မလဲ? ဆိုတာကို သွားကြည့်ဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

“လူတွေက Semau ကျွန်းကို သွားဖို့ကြောက်ကြတယ်။အဲ့ဒီ့ကျွန်းက  ကျောချမ်းစရာကောင်းတယ်။လူကိုခိုက်တတ်တယ်။ မင်းသွားမယ်ဆို အသက်ရှင်လျက်ပြန်လာနိုင်မှာမဟုတ်ဘူးလို့ပြောကြတယ်။ ဒါပေမယ့် ကျွန်တော်တို့က စိန်ခေါ်မှုတွေကို ကြိုက်တယ်၊ အဲကျွန်းကိုလည်း စိန်ခေါ်မှုတစ်ခုအဖြစ်ရှာတွေ့တယ်”လို့ သူက CNA သတင်းဌာနကိုပြောပါတယ်။

“ကျွန်တော်တို့ အဲ့ကျွန်းကိုသွားတုန်းက ပြန်လာနိုင်ခဲ့ပါတယ်၊ ကျွန်းသူကျွန်းသားတွေက သဘောကောင်းကြတယ်။ ဒဏ္ဍရီတွေကတော့ ခိုက်တယ်ပြောတာပဲ။ ဒါပေမယ့် ဒါက သူတို့ကျွန်းကို ကာကွယ်တဲ့နည်းလမ်းတစ်ခုပဲဖြစ်မယ်ဗျ။ ဒီလို ဒဏ္ဍရီတွေကြောင့် လူတွေအများကြီး သူတို့ကျွန်းကိုမလာတော့ဘူး အဲတော့ တစိမ်းတွေ ကျွန်းပေါ်မလာအောင်ကာကွယ်နိုင်သွားတာပေါ့” လို့ထပ်ပြောပါတယ်

     နဂီလီက ကူပေါင်းမှာ အခြေချခဲ့တဲ့ ဒေသခံတစ်ယောက်ဖြစ်ပါတယ်။ ကူပေါင်းမြို့က စီမောကျွန်းကနေ မိနစ် ၃၀ လောက်သွားရတဲ့ နယ်မြို့တစ်မြို့ပါ။ နဂီလီက အရှေ့ နူရှာတန်ဂရာရဲ့ ဖွံ့ဖြိုးရေးစီမံကိန်းနဲ့ သုတေသန အေဂျင်စီမှာ အလုပ်ဝင်ခဲ့သူတစ်ယောက်ပါ။ တိရိစ္ဆာန်မွေးမြူစောင့်ရှောက်ရေးနဲ့ ဘွဲ့ရပြီး အကူအညီပေးဖို့ အတော်လေးလိုအပ်နေတဲ့ စိုက်ပျိုးမွေးမြူရေးပြဿနာတွေအတွက် ပါဝင်လုပ်ဆောင်ရပါတယ်။

    ဒီလိုနဲ့ ၂၀၀၅မှာ သူ့နဲ့ စိတ်တူကိုယ်တူ ပညာရပ်တူတဲ့ သူငယ်ချင်း ၁၀ ယောက်ခန့်နဲ့ အဖွဲ့ဖွဲ့လိုက်ပြီးအားလပ်ချိန်တွေမှာ ဒေသတွေစီ သွားရောက်လေ့လာကာ အခက်အခဲတွေကို သူတို့နည်းသူတို့ဟန်နဲ့ ဖြေရှင်းကြပါတယ်။ နဂီလီနဲ့ သူ့ငယ်ချင်းတွေက ကျွန်းသူကျွန်းသားတွေကို အစားအစာ၊ သောက်ရေ၊ စွမ်းအင် စတာတွေအတွက် ကိုယ့်အားကိုယ်ကိုးနိုင်မယ့်နည်းပညာတွေသင်ပေးခဲ့ပါတယ်။

    ယခုအချိန်မှာတော့ ကျွန်းသူကျွန်းသားတွေဟာ ထင်းနဲ့ချက်ရာကနေ ဇီဝစွမ်းအင်တွေနဲ့ချက်ပြုတ်နေကြပါပြီ။ သစ်ခုတ်တာတွေကိုလည်း ရပ်တန့်နိုင်လိုက်ပါပြီ။ သဘာဝမြေသြဇာတွေနဲ့ အခြားအရာတွေကိုလည်း ကိုယ်တိုင်ထုတ်လုပ်နိုင်နေပြီဖြစ်ပါတယ်။

    ဒီလိုနဲ့ စီမောကျွန်းက ပိုပြီးတော့ ရေရှည်တည်တံ့လာပါတယ်။ ကျွန်းသစ်မဟုတ်တဲ့ အခြားသော သစ်တောထွက်ကုန်တွေကိုလည်း ပြောပြခဲ့ပါသေးတယ်။ ဥပမာ ပျားရည်လိုမျိုးပေါ့။ 

“စီမောကျွန်းမှာက သဘာဝပေါက်ပင်တွေပေါတယ်။ ဒီအပင်တွေကနေရတဲ့ ပျားရည်က ကျန်းမာရေးအကျိုးကျေးဇူးများလို့ အတော်လေးရောင်းရတယ်ဗျ။”

    အစိုးရရဲ့ မြေသြဇာထောက်ပံ့မှုအစီအစဉ်တွေ စီမောကျွန်းကိုရောက်လာချိန်မှာတော့ နဂီလီက သူတို့အဖွဲ့ရဲ့ ကြိုးစားလုပ်ဆောင်မှုအောင်မြင်ကြောင်းကို သိလိုက်ရပါတယ်။ ကျွန်းသူကျွန်းသားတွေဟာ သူတို့ကိုယ်တိုင် မြေသြဇာတွေပြုလုပ်နိုင်နေလို့ဆိုပြီး အစိုးရကထောက်ပံ့ပေးတဲ့ မြေသြဇာတွေကို လက်မခံခဲ့ပါဘူး။ 

“ဒါက ကျွန်တော်တို့ရဲ့ ကြိုးစားအောင်မြင်မှုလေးတစ်ခုပါပဲ။ အခြား အများကြီးလည်းရှိပါသေးတယ်”လို့ပြောပါတယ်။

    ၂၀၀၉မှာ နဂီလီနဲ့ သူ့အဖွဲ့သားတွေက စိုက်မွေးပြဿနာအခက်အခဲတွေကို လိုက်ဖြေရှင်းပေးနေတဲ့ လမ်းစဉ်ကနေ ဒေသခံတွေမှာရှိတဲ့ အားသာချက်တွေကို အာရုံစိုက်တဲ့ asset-based approach လမ်းစဉ်ကို ပြောင်းလဲခဲ့ပါတယ်။ သူတို့ကိုယ်သူတို့ နာမည်တစ်ခုပေးဖို့လည်း ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

“ကျွန်တော်တို့က ဆိုင်ကယ်တွေကိုရူးသွပ်တယ်။ ဆိုင်ကယ်တွေနဲ့ခရီးသွားတယ်၊ ဆိုင်ကယ်တွေနဲ့အတူ လိုက်လံကူညီသူမျိုးဖြစ်ရတာကို ကြိုက်ကြတဲ့သူတွေလည်းဖြစ်တာကြောင့် “Geng Motor iMuT”လို့ အမည်ပေးဖို့ ဖြစ်သွားတာပါလို့” ပြောပါတယ်။

    iMuTဆိုတာကတော့ အင်ဒိုနီးရှား ရုံးသုံးဘာသာစကားထဲက တိရိစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးလူမှုအဖွဲ့အစည်း အဖွဲ့ဝင်ဆိုတဲ့နာမည်ရဲ့ အတိုကောက်အခေါ်အဝေါ်တစ်ခုပါ။အဖွဲ့ငယ်လေးတစ်ခုလို့လည်း အဓိပ္ပါယ်ရပါတယ်။

“ကျွန်တော်တို့နာမည်ကိုကြားတဲ့အခါ ဒီကောင်တွေက ဘယ်လိုတောင် အမှီအခိုကင်းတဲ့သူမျိုးတွေဆိုတာ လူတွေကိုသိစေချင်ပါတယ်” လို့ရယ်မောပြီး ပြောပါသေးတယ်။

    ကံကောင်းစွာနဲ့ အဲဒီ့နှစ်များပဲ သူတို့အဖွဲ့ဟာ အများရဲ့လက်ခံခြင်းကိုရပြီး  အဖွဲ့ဝင်အသစ်တွေတောင်ရရှိခဲ့ပါသေးတယ်။

     ၂၀၁၁ မှာတော့ iMuT က “ Innovation,Mobilisation for Transformation”ရဲ့ အတိုကောက်စာလုံးတွေအဖြစ် မွမ်းမံခဲ့ပါတယ်။

East Nusa Tenggara မှသည် နောက်ပိုင်းများဆီသို့…

    iMuTနဲ့ အတူတူရှေ့ဆက်လုပ်ဆောင်ချင်တဲ့ စေတနာ့ဝန်ထမ်းများစွာရှိလာခဲ့ပါတယ်။ အဲဒီ့ပမာဏဟာ အရှေ့နူရှာတန်ဂရာပြည်နယ်ရဲ့ ၈၀ ရာခိုင်နှုန်းမှာ ဖြန့်ကျက်လုပ်ဆောင်ဖို့ လုံလောက်တဲ့ လူအင်အားဖြစ်ပါတယ်။ Jawa,Sulawesi နဲ့ Papuaပြည်နယ်တွေမှာ သင်တန်းပေးပေးဖို့လည်း ဖိတ်ကြားခံရပါတယ်။

    ဒေသခံတွေကို သင်တန်းပေးရာမှာ နည်းပညာသင်ကြားပေးခြင်း-ဥပမာ- ပင်လယ်ရေငံကို ရေချိုအဖြစ်ပြောင်းနည်းလိုမျိုးတွေ နဲ့ အမြတ်ပိုရအောင် ကုန်သည်ပွဲစားတွေနဲ့ ဘယ်လိုစကားပြောဆက်ဆံရမလဲဆိုတာတွေကို ပါသင်ပေးကြတယ်။

    သူ့ခရီးစဉ်တစ်လျောက်ကိုပြန်ကြည့်မယ်ဆိုရင် နဂီလီဟာ ဘယ်အရာမှ လွယ်လွယ်နဲ့မရဘူးဆိုတာကို လက်ခံကျင့်သုံးခဲ့ပါတယ်။

    သူက ဖွံ့ဖြိုးရေးလုပ်သားတစ်ယောက်ဖြစ်တာတောင် အခက်အခဲတွေကြုံတွေရဆဲပါ။ သူတို့အဖွဲ့က ပိတ်ရက်တိုင်းမှာ ဆိုင်ကယ်နဲ့လျှောက်သွားနေတဲ့အဖွဲ့ ထက် ပိုနေတော့ အကြီးမားဆုံးစိန်ခေါ်မှုကတော့ အစိုးရရဲ့ ကြည်ဖြူမှုပါပဲလို့ ပြောပါတယ်။

    သူတို့တွေက သူတို့ပြုလုပ်မယ့်အရာရဲ့ အကျိုးသက်ရောက်မှုကို တိုင်းတာနိုင်တာကြောင့်  ၂၀၁၄ မှာ စီမောကျွန်းကိုသွားဖို့ ဆုံးဖြတ်ချက်ချခဲ့တာပါ။

“ကျွန်တော့်မှာရှိတဲ့ ရည်မှန်းချက်တစ်ခုက ကျွန်တော်တို့သိထားတဲ့ ဗဟုသုတတွေကို ဒေသအသီးသီးကလူတွေစီ ကျွန်တော်တို့မသေခင် ရအောင်ပေးသွားချင်တာပါ။ ဒါက ကျွန်တော့်အတွက်တော့ အကြီးမားဆုံး ပျော်ရွှင်မှုကြီးဖြစ်လိမ့်မယ်ဗျ” 

    ဒဏ္ဍာရီထဲကအတိုင်းမဟုတ်ဘဲ သူ့အဖွဲ့သားတွေ ကောင်းကောင်းနေပြီး အသက်ရှင်လျက်ပြန်လာကြတယ်ဆိုတာကို ပြန်ပြောပြနိုင်တာကို အတော်ပျော်ပါတယ်လို့ နဂီလီက ပြောပါသေးတယ်။

    ဒီတော့ ပုံပြင်လေးကတော့ ဒါပါပဲ။ ကျွန်မတို့ ဒီကျွန်းကိုသွားလို့ ဘယ်တော့မှ ထိခိုက်မှုတွေဖြစ်မှာမဟုတ်ပါဘူး။ အရာရာက လုံခြုံစိတ်ချရပါတယ်။

“ဒေသခံတွေက ကျွန်တော်တို့ရဲ့ မိသားစုတွေလိုတောင်မှ ဖြစ်နေပြီ”လို့တောင် နဂီလီက ပြောသွားပါတယ်။

Source- https://www.channelnewsasia.com/news/asia/indonesia-imut-motorbike-agriculture-livestock-semau-14966366?fbclid=IwAR2A_Fw9YYhdtr3OBbZIFAcbqmTuINNEHRPr5xO83xm1c9l4pjxALQ1xEBU