အပူချိန်ကြောင့် ခရမ်းချဉ်ရွက်လိပ်ပြဿနာနှင့် တစ်ပတ်အတွင်းစိတ်ဝင်စားစရာ အမေးအဖြေများ

22/04/2023 13:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မင်္ဂလာပါဦးကြီးတို့ရေ...

သင်္ကြန်ပိတ်ရက်ရှည်ကြီး ပြီးဆုံးလို့ အစိမ်းရောင်လမ်းဆော့ဝဲထဲက တောင်သူတွေကြုံတွေ့နေရတဲ့ မေးခွန်းတွေကို ပြန်လည်လေ့လာရမဲ့ နေ့ရက်လေးရောက်ရှိလို့လာပါပြီ။

ပထမဦးဆုံးအနေနဲ့ ပိတ်ရက်တွေမှာ တောင်သူတွေပို့စ်တင်ပြီး မေးသမျှကို နေ့တိုင်းစောင့်ကြည့်ပြီး စိတ်ရှည်ရှည်ဖြေပေးတဲ့ ဆရာဒို့ဦးလေး၊ ဆရာဦးသက်လွင်၊ ဆရာကြီး ဦးမောင်မောင်ထွေး၊ ဆရာမဒေါ်နှင်းဖြူဖြူနဲ့ ဖုန်းနဲ့ဖြေကြားပေးနေတဲ့ ဆရာကြီး ဦးခင်မောင်လတ်အပါဝင် အခြားသော ဆရာဆရာမများ၊ မိတ်ဆွေတောင်သူများကို ကျေးဇူးတင်စကားဆိုပါရစေ။ 

ဆရာဆရာမတို့ရဲ့ အဖြေတွေကြောင့်သာ တောင်သူတွေ ထိခိုက်နစ်နာမှုကို အချိန်မီတားဆီးနိုင်တာဖြစ်သလို ပိတ်ရက်ကို အိမ်မှာနေပြီး စိုက်မွေးနည်းပညာတွေလေ့လာချင်တဲ့ သူတွေအတွက် လေ့လာစရာ ကဏ္ဍလေးဖြစ်သွားခဲ့တာပါ။ ဒီလို အစိမ်းရောင်လမ်းတောင်သူတွေအပေါ် ဂရုဏာမေတ္တာထားမှုကို ကျေးဇူးတင်ရှိရင်း ပထမမေးခွန်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

၁။ မေး ( Nway Oo) - ခရမ်းချဉ်မှာ ကျနေတာ။ အိမ်ထဲကအပင်ဆိုတော့ ပိုးသတ်ဆေးလည်း မဖျန်းချင်လို့ ဘာလုပ်သင့်လဲရှင့်။ ကျေးဇူးပါ ဆရာဆရာမတို့။

ဒီမေးခွန်းလေးဖတ်မိတော့ ကျွန်မတို့ရွာက ဦးကြီးတောင်အမှတ်ရမိတယ်။ "သမီးရယ်... ဦးရဲ့ ငရုတ်ပင် ပိုးတွေတက်နေလို့ ပုရွက်ဆိတ်သတ်ဆေးအမှုန့်တွေ ရေဖျော်ပြီးလောင်းလိုက်မယ် ရလားတဲ့"။ အမလေး...လေး။ ဘယ်လောက်တောင် အန္တရာယ်များလိုက်သလဲနော်။ အခု Nway Oo ဆိုတဲ့ တောင်သူက ကျန်းမာရေးအသိရှိလို့သာပေပေါ့။ မလုပ်ကြပါနဲ့နော် ....ဓာတုဆေးတွေကို အလွယ်သုံးနေတာမျိုး။ တခြားလက်လှမ်းမီရာ အမျိုးတွေလည်း ဒီလိုမဖြစ်ဖို့ ဗဟုသုတတွေပေးနေတဲ့ ဆော့ဝဲတွေကို ညွှန်းပေးကြဖို့ မေတ္တာရပ်ခံလိုက်ပါရစေရှင့်။

ဖြေ (  ဒို့ဦးလေး) - ဆေးရွက်ကြီး နဲ့ ရွေဝါဆပ်ပြာ ကျိုပြီး ရေတဝက်ရောဖျန်းပါ။ 

လိုအပ်သောပစ္စည်းများ

  • ဆေးရွက်ကြီး ၂၅ ကျပ်သား
  • ဆပ်ပြာ ၂၅ ကျပ်သား
  • ရေ ၄ ဂါလံ  
  • မြေအိုး ၁ အိုး

မြေအိုးထဲတွင် ရေကိုထည့်ကို ကျိုချက်ရမည်။ ပြီးလျှင် ဆေးရွက်ကြီးနဲ့ ပါးပါးလှီးထားသော ဆပ်ပြာများကို ထည့်ကျိုရမည်။ ဆပ်ပြာအားလုံးပျော်ဝင်သွားပါက အိုးကို မီးဖိုပေါ်မှ ချကာ အအေးခံရမည်။ ပြီးနော် ဆေးရည် ၁ ဆ ရေ ၁၀ ဆ ရောပြီး ပိုးကျနေသော အပင်ကို ပက်ဖျန်းအသုံးပြုနိုင်သည်။

အပင်တစ်ပင်ဖြစ်ဖို့၊ အထွက်နှုန်းကောင်းဖို့အတွက် ရေခံမြေခံက ဘယ်လောက်အရေးကြီးလဲဆိုတာ ကြည့်ကြည့်ကြရအောင်ပါ။

၂။ မေး (tun aung) - ဒီဇင်ဘာလထဲ ပဲတီစိမ်းစိုက်ရင် ရနိင်ပါမလား ဆရာကြီတို့ ပြောပေးပါအုန်း။

ဖြေ (အောင်မျိုးမင်းသိန်း) - အာ့လို့ဆို အကို့မြေရဲ့ pH ဘယ်လောက်ထိရှိမလဲ သိမှ ဖြေရတာ ပိုအဆင်ပြေမယ် အကိုပြောတဲ့အချိန်က ကျွန်တော်တို့ပဲခူးတိုင်း ခူးဆွတ်ရိတ်သိမ်းချိန်ပဲ။

(ဒို့ဦးလေး) - ဒီဇင်ဘာလ က အရမ်းအေးတဲ့လဖြစ်တော့.. အပင်ဖြစ်ထွန်းမှုနှေးတတ်ပါတယ်။

(ကျော်ဌေး) - ခရမ်းသုံးခွဘက်မှာတော့ ပဲတီစိမ်းဒီအချိန်စိုက်တာပဲ တော်တော်ရကြတယ်ဗျ။

(ဒို့ဦးလေး) - ဟုတ်တယ်.မြေခံ၊ ရေခံ ရာသီဥတု ကွာနိုင်ပါတယ်။ ရန်ကုန်တိုင်းလို ဆောင်းမှာ သိပ်မအေးတဲ့ဒေသ၊ အောက်ဓာတ် ထိန်းနိုင်တဲ့မြေတွေမှာ စိုက်လို့ရနိုင်ပေမဲ့ အထက်အညာလို ပူရင် အရမ်းပူ၊ အေးရင်အရမ်းအေးပြီး ဇန်နဝါရီ လကုန်တာနဲ့ အစိုဓာတ်က ဆုတ်နေပါပြီ။ တသမတ်တည်း မရှိတဲ့သဘောကိုပြောပြတာပါ။

(ဦးသက်လွင်) - လပွတ္တာတွင် ရပါတယ် အညာဒေသဆိုလျှင် မရပါဘူး။

ဒါကတော့ ပိုးသတ်ဆေးမှာရှိတဲ့ အာနိသင်တို့ရဲ့ လုပ်ဆောင်ချက်လေးအကြောင်းကို တခြားတောင်သူတွေပါ ဗဟုသုတရစေဖို့အတွက် မျှဝေလိုက်ရပါတယ်ရှင့်။

၃။ မေး (ဦးစိုးလွင်ဦး) - ပိုးသတ်ဆေးတို့တွင် ထိသေစားသေ နဲ့ ပင်လုံးပြန့် အာနိသင် တို့ရဲ့ သဘောတရားကို သိချင်လို့ပါ။

ဖြေ (ဒို့ဦးလေး) - ပိုးသတ်ဆေးဘူးမှာ ထိသေ၊ စားသေ၊ ပင်လုံးပြန့် အာနိသင် စသဖြင့် ရေးထားပါတယ်။ ထိသေဆိုတာ ဖျန်းလိုက်တဲ့ဆေးနဲ့ ဖျက်ပိုးနဲ့ ထိရုံနဲ့သေတဲ့ ဖော်မြူလာပါ။ စားသေ ဆိုတာက၊ ထိရုံနဲ့မသေသေးဘဲ စားပြီး အစာအိမ်ထဲရောက်မှ အဆိပ်စေတာပါ။ ပင်လုံးပြန့်ကတော့..ဖျန်းပြီးတာနဲ့ ချက်ချင်း အဆိပ်မဖြစ်သေးဘဲ၊ အပင်ရဲ့ တစ်သျှူးသားထဲမှာ ပြန့်နှံ့ပြီးမှ အဆိပ်ဖြစ်ကာ၊ သစ်ရည်စုပ်တဲ့ပိုးကို သေစေပါတယ်။

တချို့အပင်တွေမှာတော့ ပိုးလားရောဂါလား ဘာလားဆိုတာ ဝေခွဲမရဖြစ်တတ်ပါတယ်။ ဒီလိုဝေခွဲမရဘူးဆို အစိမ်းရောင်လမ်းဆော့ဝဲထဲမှာ လာရောက်ဆွေးနွေးနိုင်ပါတယ်လို့။

၄။ မေး (Mg Gaw) - ဖြူဖြူလေးတွေနဲ့ ဘာပိုးလဲမသိဘူးခင်ဗျ။

ဖြေ (ဒို့ဦးလေး) - အဖြူရောင်အရည်ကြည်ဥလေးတွေဆိုရင် သက်ရှိမဟုတ်ပါ။ စိမ့်ထွက်ရည်တစ်မျိုးလို့ယူဆပါတယ်။ သို့သော် ပျ၊ စုပ်စားပိုးတွေရဲ့ အညစ်အကြေးဖြစ်နေရင် ကွမ်းအရည်အသွေးကျဆင်းစေပါတယ်။ ညနေပိုင်း/မနက်စောပိုင်းမှာ အရွက်ဖျန်းရေ ဖျန်းပေးပါ။ ဖြစ်နိုင်ရင် လက်ဖြင့်ညင်သာစွာ ဆေးကြောပါ။ ပိုးစေးနှဲအကောင်ငယ်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပိုးစေးနှဲက ချည်မျှင်တွေ ဖုံးထားလေ့ရှိတယ်။ ရေဆေးချခြင်းက အကောင်းဆုံးပါ။

၅။ မေး ( Kyaw Htet Aung) - ခရမ်းချဉ်အရွက်လိပ်ကုန်လို့ပါ အဖြေရှာမရပါ။

ဖြေ (ဒို့ဦးလေး)- အပူချိန်မြင့်လို့ အရွက်မပြန့်နိုင်ဘဲ အပေါ်ဖက်ခုံးနေရတာပါ။ ရောဂါ မဟုတ်ပါ။ အခုရာသီဥတုနဲ့ဆိုရင် green houseနဲ့စိုက်ပြီး အပူချိန်ထိန်းညှိနိုင်မှ အဆင်ပြေတာမျိုးပါ။ ပြန့်ပါတယ်၊ ညနေစောင်းချိန် ဆေးဖျန်းပုံးနဲ့ ရေများများဖျန်းနိုင်ပါတယ်။ အောက်ရေသွင်းများလေ ပိုဆိုးမယ်။

(ဦးသက်လွင်) - အပူချိန်မြင့်မားချိန်တွင် ဖြစ်တတ်ပါတယ်။

အပူချိန်မြင့်မားနေတဲ့ အခုလိုအချိန်မှာ အပင်လေးတွေလည်း ပုံမှန်မဟုတ်တဲ့ ပြဿနာတွေဖြစ်ပေါ်နိုင်တဲ့အတွက် ပုံလေးတွေပြပြီး အစိမ်းရောင်လမ်းဆော့ဝဲထဲ အကြံဉာဏ်ရယူလိုက်ပါလို့ နှိုးဆော်ရင်း ဒီတစ်ပတ်တော့ ဒီလောက်နဲ့ပဲ အဆုံးသတ်ပါဦးမယ်။

အပူချိန်တွေ စံချိန်ချိုးအောင်မြင့်တက်နေတာမို့

  • ရေဓာတ်ပြည့်ဝတဲ့ အသီးနှံများကို စားပါ။ 
  • အသားအရေကိုသန့်ရှင်းခြောက်သွေ့အောင်ထားပါ။
  • ပွသာအဝတ်အစားများဝတ်ဆင်ပါ။
  • ရေအေးဖြင့်ရေချိုးခြင်း၊ လေအေးပေးစက်ဖြင့်နေထိုင်ခြင်းတို့ဟာ ဝေဒနာသက်သာမှုကို များစွာအထောက်အကူပြုပါတယ်။
  • အပူလွန်ကဲမှုဒဏ်တွေမခံရအောင် ထီး၊ ဦးထုပ် တစ်ခုခုဆောင်းပြီး အပြင်ထွက်တာ၊ သစ်ပင်ရိပ်လို အရိပ်အာဝါသကောင်းတဲ့နေရာမှာ နေပူရှိန်လျော့ကျတဲ့အထိ ခေတ္တအရိပ်ခိုတာတွေကို လုပ်သင့တယ်။ အထူးသတိထားသင့်တဲ့သူတွေကတော့ သက်ကြီးပိုင်းနဲ့ ကလေးငယ်တွေ၊ သွေးပေါင်ချိန်မြင့်တက်တတ်သူတွေပါ။ 

ဦးကြီးတို့အားလုံလည်း ကျန်းမာရေးကို ဂရုစိုက်ကြပါနော်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်