မီးဖိုချောင်တွေထဲ ရောက်လာမယ့် ပင်လယ်နက်ကပြဿနာ

07/08/2023 11:00 AM တွင် Khaing Kyi Thit Khaing Kyi Thit မှ ရေးသား

ရုရှား - ယူကရိန်း စစ်ပွဲအကြောင်း မြန်မာပြည်က လူအ‌တော်များများ ပြောဆိုဆွေးနွေးကြပေမယ့် အဲဒီစစ်ပွဲရဲ့ နောက်ဆက်တွဲဖြစ်တဲ့ Black Sea Grain Initiative အကြောင်းတော့ မြန်မာ့သတင်းမီဒီယာတွေမှာ သိပ်ပြီး ပြောဆိုဆွေးနွေးသံ မကြားရပါဘူး။ "ယူကရိန်း၏ ကောက်ပဲသီးနှံများကို ပင်လယ်နက်ဆိပ်ကမ်းများမှ ဘေးကင်းလုံခြုံစွာ တင်ပို့နိုင်ရေး သဘောတူညီချက်" လို့ ယေဘုယျ မှတ်ယူနိုင်ပါတယ်။

တကယ်တော့ အဲဒီ သဘောတူညီချက်ဟာ တစ်ကမ္ဘာလုံးရဲ့ စားနပ်ရိက္ခာထုတ်လုပ်မှုအပေါ် သက်ရောက်မှုရှိတာမို့ မြန်မာပြည်သူများအပါအဝင် ကမ္ဘာ့ပြည်သူအားလုံး စိတ်ဝင်စားစရာ ကိစ္စပါ။ အထူးသဖြင့် စားနပ်ရိက္ခာထုတ်လုပ်ပေးနေတဲ့ စိုက်ပျိုးမွေးမြူရေးကဏ္ဍအတွက် ပိုလို့တောင် စိတ်ဝင်တစား ကောင်းမယ်လို့ မြင်မိပါတယ်။

ပင်လယ်နက်ဒေသ

▶️ ပြဿနာရဲ့ အစ

အားလုံးသိပြီးဖြစ်တဲ့အတိုင်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှာ မှာ ရုရှားတပ်‌တွေ ယူကရိန်းနယ်မြေထဲ ဝင်ရောက်ကျူးကျော်မှုနဲ့ ရုရှား - ယူကရိန်း စစ်ပွဲ စတင်ခဲ့ပါတယ်။

ပင်လယ်နက်ဆိုတာ ရုရှား၊ ဂျော်ဂျီယာ၊ တူရကီ၊ ဘူလ်ဂေးရီယား၊ ယူကရိန်းနိုင်ငံတွေ ဝန်းရံထားတဲ့ မြေထဲပင်လယ် အစိတ်အပိုင်းပါ။ ဒါကြောင့် ယူကရိန်းဟာ သူ့ရဲ့ထုတ်ကုန်တွေကို ပြည်ပတင်ပို့ဖို့ ပင်လယ်နက်ထဲ မျက်နှာမူထားတဲ့ သူ့ရဲ့ဆိပ်ကမ်းတွေကို အဓိက အသုံးပြုရပါတယ်။

ရုရှား နဲ့ ယူကရိန်း စစ်ဖြစ်တဲ့အခါ တစ်ဖက်နဲ့ တစ်ဖက် နိုင်ကွက်နင်းပြီး အညံ့ခံအရှုံးပေးလာအောင် လုပ်ကြပါတော့တယ်။ ရုရှားက ယူကရိန်းကို ဝိုင်းရံပိတ်ဆို့ရာမှာ ပင်လယ်နက်ထွက်ပေါက်တွေကိုပါ ပိတ်ဆို့ပစ်လိုက်ပါတယ်။ အဲဒီမှာ ပြဿနာက စတော့တာပါပဲ။

ယူကရိန်းမှာ စိုက်ပျိုးမြေ ဟက်တာ ၄၁ သန်းကျော် ရှိပါတယ်။ တိုင်းပြည် ဧရိယာရဲ့ ၇၀% ဟာ စိုက်ပျိုးမြေပါ။ ဒီတော့ စိုက်ပျိုးရေးထုတ်ကုန်တွေ ပြည်ပကို တင်ပို့ ရောင်းချတာက အဓိကကျတဲ့ စီးပွားရေးပါပဲ။ စိုက်ပျိုးမွေးမြူရေးဟာ ယူကရိန်းရဲ့ ဂျီဒီပီမှာ ရာခိုင်နှုန်းအမြင့်ဆုံးကဏ္ဍဖြစ်သလို၊ ပြည်ပပို့ကုန်တန်ဖိုး အများဆုံး ကဏ္ဍလည်း ဖြစ်ပါတယ်။

နောက်တစ်နည်း စဉ်းစားကြည့်ရင် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှုဟာ ယူကရိန်းထွက် ကောက်ပဲသီးနှံတွေအပေါ် အတိုင်းအတာ ကြီးကြီးမားမား မှီခိုနေရတယ်ဆိုတာကို မြင်နိုင်ပါတယ်။ 

ဥပမာတစ်ခုအနေနဲ့ ကမ္ဘာပေါ်မှာ ပြောင်းထုတ်လုပ်မှု ပဉ္စမအများဆုံးနိုင်ငံ ဖြစ်ပါတယ်။ ၂၀၂၀-၂၀၂၁ မှာ ယူကရိန်းက ပြောင်းတန်ချိန် ၂၃.၈၆ သန်း တင်ပို့ရောင်းချခဲ့ပြီး၊ တစ်ကမ္ဘာလုံး ပြောင်းတင်ပို့ရောင်းချမှု ပမာဏ ရဲ့ ၁၃.၃% ဖြစ်ပါတယ်။ [အရှေ့တောင်အာရှမှာ ပြောင်းထုတ်လုပ်မှုအများဆုံး ဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ပြောင်းတင်ပို့မှုနဲ့ နှိုင်းယှဉ်ရင် အဆ ၂၀ ဝန်းကျင်လောက် ပိုများနေတာ တွေ့ရမှာပါ။]

ဥရောပကော်မရှင်ရဲ့ စာရင်းဇယားတွေအရ ကမ္ဘာ့ဂျုံဈေးကွက်ရဲ့ ၁၀ ရာခိုင်နှုန်း၊ ပြောင်းဈေးကွက်ရဲ့ ၁၅ ရာခိုင်နှုန်းနဲ့၊ ဘာလီဈေးကွက်ရဲ့ ၁၃ ရာခိုင်နှုန်းဟာ ယူကရိန်းရဲ့ ထုတ်ကုန်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့နေကြာဆီဈေးကွက်မှာလည်း ယူကရိန်းက သော့ချက်ကျတဲ့ ထုတ်လုပ်သူဖြစ်နေပြန်ပါသေးတယ်။

ယူကရိန်းဆိပ်ကမ်း‌တွေကို ရုရှားက ပိတ်ဆို့ထားတာကြောင့် ယူကရိန်းဟာ သူ့ရဲ့ စိုက်ပျိုးရေးထွက်ကုန်တွေ ရောင်းချလို့ မရတော့သလို ယူကရိန်းဆီက ကောက်ပဲသီးနှံ ဝယ်ယူတဲ့ နိုင်ငံတွေလည်း ကုန်ပြတ်တဲ့ ပြဿနာ ကြုံရပါတော့တယ်။ အကျိုးဆက်အနေနဲ့ စားနပ်ရိက္ခာပြတ်လပ်မှု၊ ဈေးနှုန်းကြီးမြင့်မှုတွေ ရင်ဆိုင်လာရပါတယ်။ အထူးသဖြင့် စားနပ်ရိက္ခာ မလုံလောက်လို့ ကုလသမဂ္ဂအကူအညီတောင် ယူနေရတဲ့ နိုင်ငံတွေမှာ ပိုလို့တောင် ဒုက္ခကြီးပါသေးတယ်။

ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ရဲ့ တွက်ချက်မှုအရ ပြဿနာကို မဖြေရှင်းနိုင်ရင် ကမ္ဘာ့လူဦးရေ ၄၇ သန်းလောက် ပြင်းထန်ဆိုးရွားတဲ့ စားနပ်ရိက္ခာမလုံလောက်မှုကို ခံကြရမယ်လို့ ဆိုပါတယ်။

ဒီအခြေအနေကို ထိန်းသိမ်းဖို့ Black Sea Grain Initiative ဆိုတာ ပေါ်ပေါက်လာပါတော့တယ်။

▶️ Black Sea Grain Initiative ဆိုတာ ဘာလဲ။

ယူကရိန်းက တင်ပို့မယ့် ကောက်ပဲသီးနှံတွေကို ယူကရိန်းဆိပ်ကမ်းတွေကနေ ကမ္ဘာအနှံ့ ဘေးကင်းကင်း တင်ပို့ခွင့်ပြုဖို့ UN နဲ့ ရုရှား သဘောတူထားကြတဲ့ အစီအစဉ်ကို Black Sea Grain Initiative လို့ ခေါ်တာ ဖြစ်ပါတယ်။ ဒီအစဉ်အစဉ်ကို သဘောတူညီချက်ရအောင် ရုရှား နဲ့ ယူကရိန်းကြားမှာ ကုလသမဂ္ဂနဲ့အတူ တူရကီက ကြားကဝင် ညှိနှိုင်းပေးထားတာ ဖြစ်ပါတယ်။

အဲဒီ ညှိနှိုင်းမှုကြောင့် ၂၀၂၂ ခုနှစ် စားနပ်ရိက္ခာအကျပ်အတည်း (2022 Food Crisis) ကို ဖြေရှင်းနိုင်မယ့် သဘောတူညီချက်ကို အဲဒီနှစ် ဇူလိုင်လ ၂၂ ရက်မှာ တူရကီနိုင်ငံ အစ္စတန်ဘူ (Istanbul) မြို့တော်မှာ လက်မှတ်ထိုး နိုင်ခဲ့ပါတယ်။ သဘောတူညီချက်အရ စားနပ်ရိက္ခာနဲ့ဘပတ်သက်တဲ့ ကုန်စည်တွေကို ယူကရိန်းဆိပ်ကမ်းတွေကနေ ရက်ပေါင်း ၁၂၀ ကြာ တင်ပို့ခွင့်ပြုဖို့ ရုရှားက ‌ခွင့်ပြုပေးခဲ့ပါတယ်။

အပြန်အလှန်အနေနဲ့ ရုရှားရဲ့ ဓာတ်မြေဩဇာနဲ့ စိုက်ပျိုးရေးထွက်ကုန်တွေ အလွယ်တကူ တင်ပို့ရောင်းချနိုင်ဖို့ ကုလသမဂ္ဂက ကူညီပေးမယ် လို့ သဘောတူထားတာပါ။

စစ်ပွဲကြောင့် အမေရိကန်နဲ့ အီးယူက ရုရှားအပေါ် စီးပွားရေးပိတ်ဆို့မှုတွေ လုပ်ခဲ့ရာမှာ ရုရှားရဲ့ ဓာတ်မြေဩဇာနဲ့ စိုက်ပျိုးရေးထွက်ကုန်တွေ ကိုတော့ မပိတ်ဆို့ခဲ့ပါဘူး။ သူတို့ ပိတ်ဆို့လို့ ကမ္ဘာကြီးအတွက် မြေဩဇာနဲ့ စားနပ်ရိက္ခာ အဝယ်ခက်စေပါတယ် ဆိုတဲ့ နာမည်ပျက်မှုမျိုးကို အမေရိကန်ရော၊ အီးယူကပါ ရှောင်ရှားကြပါတယ်။ ဒါပေမယ့် တစ်ဖက်လှည့်နဲ့ ပိတ်ဆို့တာပါပဲ။ တင်ပို့ကုန်တွေအတွက် ငွေကြေးပေးချေမှုနဲ့ ထောက်ပံ့ပို့ဆောင်မှုတွေကို ပိတ်ဆို့ထားတာပါ။

ပုံမှန်အားဖြင့် ရုရှားက ထွက်ရှိတဲ့ အမိုးနီယား ဓာတ်မြေဩဇာကို ကုန်းတွင်းပိုင်းကနေ ပိုက်လိုင်းနဲ့ သွယ်တန်းပြီး ယူကရိန်းရဲ့ Odesa ဆိပ်ကမ်းဆီ ပို့လွှတ်ပါတယ်။ အဲဒီ ဆိပ်ကမ်းကနေ ကမ္ဘာအရပ်ရပ်ဆီ ပြန်ဖြန့်ပို့တာပါ။ နှစ်နိုင်ငံအကြား စစ်ပွဲကြောင့် အဲဒီ ပိုက်လိုင်းကတဆင့် ဓာတ်မြေဩဇာတင်ပို့မှုဟာ ရပ်တန့်နေခဲ့ပါတယ်။ 

ရုရှား၏ အမိုနီးယားပိုက်လိုင်း

နောက်တစ်ချက်အနေနဲ့ အနောက်နိုင်ငံတွေက ရုရှားအစိုးရပိုင် စိုက်ပျိုးရေးဘဏ်ဖြစ်တဲ့ Rosselkhoz bank ကို SWIFT နိုင်ငံတကာငွေပေးချေမှုစနစ် ကနေ ဖယ်ရှားထားပါတယ်။ ဒါကြောင့် ပစ္စည်းရောင်းရလည်း ရောင်းရငွေ လက်ခံလို့မရဘဲ အကြပ်ရိုက်ရပါတယ်။

Black Sea Grain Initiative အရ အဲဒီ ရုရှားရဲ့အခက်အခဲ နှစ်ခုကို ကုလသမဂ္ဂက ကူညီဖြေရှင်းပေးမယ် လို့ ဆိုပါတယ်။

▶️ သဘောတူညီချက်ရဲ့ အကျိုးရလဒ်

သဘောတူညီချက်ရပြီး နောက်ပိုင်း ပင်လယ်နက်ထဲမှာ ပိတ်ဆို့ထားတဲ့ ရုရှားရဲ့ ရေတပ် အတားအဆီးတွေကို ဖြေလျော့ပေးလိုက်တာကြောင့် ယူကရိန်းဟာ ဂျုံ၊ ဘာလီ၊ ပြောင်း၊ နေကြာ စတဲ့ ကုန်တန်ချိန် ၃၃ သန်းကို သင်္ဘောခေါက်ရေ ၁၀၀၀ နီးပါးနဲ့ Odesa ၊ Chornomorsk နဲ့ Pivdennyi စတဲ့ ယူကရိန်း ဆိပ်ကမ်းတွေကနေ တင်ပို့နိုင်ခဲ့ပါတယ်။ 

သဘောတူညီချက်ဟာ ရက်ပေါင်း ၁၂၀ (၄ လ) သက်တမ်းဖြစ်တာမို့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ မှာ သက်တမ်းကုန်ပါတယ်။ ထပ်ညှိနှိုင်းနိုင်ကြလို့ဘနောက်ထပ် ရက် ၁၂၀ ထပ်တိုးပြီး ၂၀၂၃ မတ်လ အထိ သဘောတူညီမှု ဆက်ပြီး အတည်ဖြစ်ခဲ့ပါတယ်။ မတ်လရောက်တဲ့အခါ ရက် ၆၀ သက်တမ်းထပ်တိုးသလို၊ မေမှာလည်း နောက်ထပ် ရက် ၆၀ ထပ်တိုးပြန်ပါတယ်။ ဒါကြောင့် ၂၀၂၃ ခုနှစ် ဇူလိုင် ၁၇ ရကမှာ သဘောတူညီချက်က ၁ နှစ် သက်တမ်း ရှိလာခဲ့ပါပြီ။

အဲဒီကာလအတွင်း ရုရှားဘက်က သဘောတူထားတာတွေကို ရုရှားဘက်က လိုက်လျောခဲ့ပေမယ့် ကုလသမဂ္ဂဘက်က ကတိခံထားတာတွေကိုတော့ လက်တွေ့ အကောင်အထည်မဖော်ပေးနိုင်ခဲ့ပါဘူး။

ကုလသမဂ္ဂက ငွေပေးချေမှုအတွက် "bespoke payments mechanism" ဆိုတဲ့ ကြားခံစနစ်တစ်ရပ် ထူထောင်ဖို့ အဆိုပြုပါတယ်။ ရုရှားကို ပေးချေရမယ့် ငွေကို ရုရှားဘဏ်ဆီ တိုက်ရိုက် ပေးချေလို့ မရတာမို့ အမေရိကန်ဘဏ်ဖြစ်တဲ့  JPMorgan Chase & Co (JPM.N) ကတဆင့် ပေးချေဖို့ ဖြစ်ပါတယ်။ ဥရောပသမဂ္ဂ ကိုလည်း Rosselkhozbank ဘဏ်ကို SWIFT နဲ့ ပြန်ချိတ်ဆက်ခွင့်ပြုဖို့ အဆိုပြုပါတယ်။ ဒါပေမယ့် အဲဒီနှစ်ချက်စလုံးဟာ သဘောတူညီချက် သက်တမ်းကုန်မှ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ် က ထုတ်ပြောလာတဲ့ စကားလုံးမျှသာ ဖြစ်ခဲ့ပြီး၊ အချိန် တစ်နှစ်အတွင်း လက်တွေ့  ဘာတစ်ခုမျှ မဖြစ်လာပါဘူး။

ဒါကြောင့် ရုရှားက ဇူလိုင်လလယ်မှာ သက်တမ်းကုန်တဲ့ သဘောတူညီချက်ကို သက်တမ်းဆက်မတိုးဘူး လို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

ရုရှားက သဘောတူညီချက်မှာပြောထားတဲ့ သူလိုချင်တဲ့ အချက်တွေ အကောင်အထည်မပေါ်ခဲ့တဲ့အပေါ် အပြစ်ဆိုပါတယ်။

ဒါ့အပြင် စားနပ်ရိက္ခာလိုအပ်ချက် ရှိတဲ့ နိုင်ငံတွေအတွက် သူတို့က ဆိပ်ကမ်းတွေကို ဖွင့်ပေးပေမယ့် လက်တွေ့မှာတော့ ကောက်ပဲသီးနှံတွေဟာ တကယ်လိုအပ်တဲ့ နေရာတွေကို မရောက်ဘူးလို့ ရုရှားက စွပ်စွဲပါတယ်။ ယူကရိန်းဆိပ်ကမ်းတွေက တင်ပို့တဲ့ ကုန်တန်ချိန် ၃၃ သန်းအနက် တန်ချိန် ၇၂၅၀၀၀ လောက်ကပဲ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေအဖြစ် အာဖဂန်နစ္စတန်၊ ကင်ညာ၊ အီယီယိုပီးယား၊ ဆိုမာလီယာ၊ ဆူဒန် နဲ့ ယီမင်တို့က ဒုက္ခသည်တွေဆီ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂဘက်ကတော့ ဒါနဲ့ပတ်သက်ပြီး ဖြေရှင်းချက်ထုတ်ရာမှာတော့ ကောက်ပဲသီးနှံတွေ တင်ပို့ခွင့်ရခဲ့တာကြောင့် ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းကို ၂၀ ရာခိုင်နှုန်းလောက် ထိန်းလိုက်နိုင်ပြီး ဒါက ကမ္ဘာ့လူဦးရေ အများအပြားကို ကူညီရာရောက်တယ်လို့ ဆိုပါတယ်။

▶️ အကျိုးဆက်အဖြစ် ဘာဖြစ်လာနိုင်သလဲ။

အဓိကကတော့  ယူကရိန်း ကောက်ပဲသီးနှံ ကို တင်သွင်းတဲ့ နိုင်ငံတွေအတွက် အကျပ်ရိုက်လာတာပါပဲ။

သဘောတူညီချက် မရှိခင် စစ်ပွဲအစတုန်းကလို စားနပ်ရိက္ခာဈေး ပြန်မြင့်တက်ဖို့ ရှိလာနေပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ရဲ့ အဆိုအရ ရုရှားက သဘောတူညီချက်ကနေ နှုတ်ထွက်လိုက်တဲ့ ဇူလိုင် ၁၇ ရက် နောက်ပိုင်း ကမ္ဘာတဝှမ်းမှာ ကောက်ပဲသီးနှံဈေးနှုန်း ၇ ရာခိုင်နှုန်း မြင့်တက်သွားတယ်လို့ သိရပါတယ်။

ဥရောပမှာတော့ ပြီးခဲ့တဲ့တစ်လလုံး ဒီကိစ္စ အတော် ခေါင်းခဲနေတာပါ။  ဇူလိုင်လထဲ မွေးမြူရေးမဂ္ဂဇင်း website တွေမှာ Black Sea Grain Deal သတင်းက နေ့တိုင်း မပါမဖြစ်ပါပဲ။

▶️ ဘယ်လို ဖြေရှင်းနေကြသလဲ။

ပင်လယ်နက် ဆိပ်ကမ်းတွေ အသုံးပြုလို့ မရတဲ့အချိန်မှာ ယူကရိန်းဟာ ကုန်တွေကို နည်းလမ်းနှစ်ခုနဲ့ တင်ပို့နေပါတယ်။ ပထမတစ်ခုက  ဥရောပသမဂ္ဂနိုင်ငံတွေဆီ ကုန်းလမ်းကနေ တင်ပို့တဲ့ နည်းလမ်းပါ။

ဒုတိယတစ်ခုက ဂျာမဏီမှာ ဖြစ်ဖျားခံလို့ ဥရောပနိုင်ငံ အမြောက်အများကို ဖြတ်သန်းစီးဆင်းပြီး ပင်လယ်နက်ထဲ စီးဝင်နေတဲ့ Danube မြစ်ကို ဆန်တက်ပြီး ဥရောပနိုင်ငံတွေဆီ ရေကြောင်းနဲ့ တင်ပို့တဲ့ နည်းလမ်းပါ။ ဒီနည်းလမ်းမှာ အသုံးပြုရတဲ့ ယူကရိန်းရဲ့ အခြေခံအဆောက်အအုံတွေကို ရုရှားက ဖျက်ဆီးပစ်ထားတာမို့ လက်ရှိမှာ သုံးလို့ မရဘူး ဖြစ်နေပါတယ်။

Danube မြစ်

ယူကရိန်းအနေနဲ့ အခုလက်ရှိမှာ ခရိုအေးရှား ဆိက်ကမ်းတွေ သုံးပြီး ကုန်တွေ ပို့နိုင်ဖို့ ညှိထားပါတယ်။ ယူကရိန်းကနေ ဟန်ဂေရီကို ဖြတ်ပြီး၊ ခရိုအေးရှားအထိ ကုန်တွေပို့ရပါမယ်။ အဲဒီနောက်မှာ  ခရိုအေးရှားရဲ့ မြေထဲပင်လယ်ထဲ မျက်နှာမူထားတဲ့ဘဆိပ်ကမ်းတွေကို သုံးပြီး ကမ္ဘာအရပ်ရပ်ကို ကုန်တွေ တင်ပို့ဖို့ပါ။

အခုတော့ ဥရောပနိုင်ငံအများစုက သဘောတူညီချက်ကို ရှေ့တက်နိုင်ဖို့ တရုတ်နိုင်ငံက ကြားဝင်ညှိနှိုင်းပေးဖို့ ဆန္ဒရှိနေကြပါတယ်။ တရုတ်ဟာ ယူကရိန်းဆီက တင်သွင်းကုန် ပမာဏ အမြောက်အများ တင်သွင်းနေတဲ့ နိုင်ငံ ဖြစ်နေတာကြောင့် ဝင်ရောက်ဖြေရှင်း လိုစိတ် ရှိလိမ့်မယ်လို့ ယူဆနေကြတာပါ။ စစ်ပွဲ စတင်ပြီး ၆ လ လောက်အကြာ ၂၀၂၂ ဇူလိုင်ကနေ အခုအချိန်အထိ ယူကရိန်းရဲ့ ကောက်ပဲသီးနှံတင်ပို့မှု ၂၄ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံဆီ တင်ပို့တာ ဖြစ်ပါတယ်။ ပမာဏအားဖြင့် တန်ချိန် ၈ သန်းလောက် ရှိတယ်လို့ ဆိုပါတယ်။ အခုလို သဘောတူညီချက် ပျက်ပြီး ယူကရိန်းဆိပ်ကမ်းတွေကနေ ကောက်ပဲသီးနှံတွေ မပို့နိုင်ရင် တရုတ်အတွက်လည်း အခက်တွေ့နိုင်ပါတယ်။ စားသောက်ကုန်ဈေးနှုန်း မြင့်တက်မှုကို တရုတ်နိုင်ငံလည်း ကြုံမှာပါ။

ဒါကြောင့် ဒီကိစ္စ အဆင်ပြေစေချင်တဲ့ထဲမှာ တရုတ်က ထိပ်ဆုံး ဖြစ်ပါလိမ့်မယ်။

တစ်ဖက်မှာလည်း တရုတ်ဟာ ရုရှားနဲ့ ဗျူဟာမြောက် ဆက်ဆံရေးထူထောင်ထားတဲ့ မိတ်ဖက်နိုင်ငံ ဖြစ်နေတာမို့ ရုရှားကို ဖြောင်းဖျနားချနိုင်လိမ့်မယ်လို့လည်း ယူဆကြတာပါ။ ဒါ့အပြင် တရုတ်ဟာ ကမ္ဘာ့စီးပွားရေးမှာ ဒုတိယအင်အားအကြီးဆုံး ဖြစ်တယ် ဆိုတဲ့ အားသာချက်ကိုလည်း အသုံးချနိုင်ပါတယ်။

နိုင်ငံရေးအရ ကြည့်ရင်လည်း တရုတ်ဟာ ကမ္ဘာ့ရေးရာတွေမှာ ကြားဝင်ဖျန်ဖြေသူ ဆိုတဲ့ ပုံရိပ်ကိုရယူပြီး ဩဇာထူထောင်လိုတာမို့ တရုတ်ကသာ ကြားဝင်ဖြေရှင်းနိုင်ခဲ့ရင် အားလုံးအတွက် အကျိုးရှိမယ့် အခြေအနေ ဖြစ်ပါလိမ့်မယ်။

▶️ စောင့်ကြည့်ရဦးမယ့် အခြေအနေ

Black Sea Grain Initiative ကို သက်တမ်း ပြန်တိုးနိုင်မလား၊ ဒီအတိုင်း ဆက်သွားမလား ဆိုတာတော့ စောင့်ကြည့်ရပါဦးမယ်။ ပင်လယ်နက်က ပြဿနာဟာ ပင်လယ်နက်မှာ ရပ်သွားနိုင်သလို၊ ကမ္ဘာအရပ်ရပ်က မီးဖိုချောင်တွေဆီအထိလည်း ရိုက်ခတ်လာနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ်၊ ဒီကိစ္စတွေက မြန်မာပြည်ကိုလည်း ရိုက်ခတ်လာဦးမှာဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးကဏ္ဍအနေနဲ့ မပြတ်လေ့လာစောင့်ကြည့်နေသင့်တဲ့ ကမ္ဘာ့ရေးရာတစ်ခု ဖြစ်တာမို့ မိတ်ဆွေများအတွက် စုစည်းတင်ပြလိုက်ရပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်