လူတွေမသိသေးတဲ့ ပုစဉ်းရဲ့ ထူးခြားချက် (၇) ချက်

04/12/2023 17:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား
  • အင်္ဂလိပ်အမည် - Dragonfly
  • သိပ္ပံအမည် - Anisoptera 

ပုစဥ်းဆိုတာ တခြားအင်းဆက်တွေထက်စာရင် ယခုအချိန်အထိ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ မကြာခဏတွေ့နေရတဲ့ အင်းဆက်တစ်မျိုးပါ။ တချို့နေရာတွေမှာတော့ အကောင်ဦးရေနည်းပါးလာတာမျိုး ရှိနိုင်ပါတယ်။ သူတို့ကို နေရာအနှံ့မှာ တွေ့ရှိနိုင်တယ်ဆိုပေမဲ့ များသောအားဖြင့် ရေတိမ်ပိုင်းဖြစ်တဲ့ ရေကန်၊ စမ်းချောင်း၊ ရေအိုင်နဲ့ ရေတိမ်ရေဝပ် ဒေသတွေမှာ အများဆုံးနေထိုင်ကြတာ ဖြစ်ပါတယ်။ ဒီသက်ရှိ ကျောက်ဖြစ်ရုပ်ကြွင်းတွေဟာဆိုရင် ရိုးရှင်းလှပပြီး ဆွဲဆောင်မှုရှိကာ ဂေဟစနစ်ကိုလည်း အကျိုးပြုနိုင်ကြတာ ဖြစ်ပါတယ်။ သက်ရှိကျောက်ဖြစ်ရုပ်ကြွင်းလို့ ​ခေါ်ရတဲ့အကြောင်းက သူတို့ဟာ လွန်ခဲ့သော နှစ်သန်းပေါင်း ၃၀၀ ဝန်းကျင်ကတည်းက ရောက်ရှိလာခဲ့ကြပြီး ကမ္ဘာဂြိုဟ်ပေါ်မှာနေထိုင်တဲ့ ပထမဆုံး အင်းဆက်များထဲက တစ်ခုဖြစ်တာကြောင့်ပါ။ သူတို့ရဲ့ အနုပညာမြောက်လှတဲ့ အမဲလိုက်​ခြင်း၊ ပျံသန်းခြင်းနဲ့ နေထိုင်ကျက်စားခြင်းတို့ကို ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် ထောင်စုနှစ်များစွာနဲ့ချီပြီး အချိန်ရခဲ့တာလည်း ဖြစ်ပါတယ်။

ပုစဥ်းတွေဟာ ယေဘုယျအားဖြင့် သက်တမ်းတိုပြီး အများစုဟာ ၁ ပတ်မှ ၂ ပတ်အထိသာ ရှင်သန်နိုင်ကြပါတယ်။ အချို့ကတော့ ၈ ပတ်ကျော်အထိ အသက်ရှင်နိုင်ကြပါတယ်။ ပုစဉ်းတွေဟာ သက်တမ်းတိုတာကြောင့် အချိန်အများစုကို အစာစားခြင်း၊ မိတ်လိုက်ခြင်းတို့နဲ့ပဲ ကုန်ဆုံးလေ့ရှိကြပါတယ်။ ယခုဆောင်းပါးမှာတော့ ပုစဥ်းတွေနဲ့ပတ်သတ်လို့ ထူးခြားတဲ့ အချက်အလက်အချို့ကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 

၁။ သားကောင်ကို လေထဲမှာပင် ကြားဖြတ်ဖမ်းယူနိုင်ခြင်း

မှက်၊ ခြင်နဲ့ အခြားသော အင်းဆက်ပိုးကောင်လေးတွေအတွက်ကတော့ ပုစဥ်းဟာ ကြောက်စရာကောင်းမှာ အမှန်ပါ။ ပုစဥ်းတွေဟာ အခြားသော သားရဲအင်းဆက်တွေလို သားကောင်ကို မရမကလိုက်ဖမ်းလေ့ မရှိပါဘူး။ သူတို့ပစ်မှတ်ထားတဲ့ သားကောင်ရဲ့ အမြန်နှုန်းနဲ့ လမ်းကြောင်းကိုပါ ကြိုတင်ဆုံးဖြတ်နိုင်ပြီး သားကောင်ကို ကြားဖြတ်ဖမ်းယူနိုင်ဖို့ ၎င်းတို့ရဲ့ ပျံသန်းမှုကို ချိန်ညှိနိုင်တာ ဖြစ်ပါတယ်။ ၎င်းတို့ဟာ အမဲလိုက်ရာမှာ အလွန်ကျွမ်းကျင်ကြပြီး သားကောင်ဖမ်းယူမှု အောင်မြင်မှုနှုန်းဟာဆိုရင် ၉၇ ရာခိုင်နှုန်းအထိ ရှိတာဖြစ်ပါတယ်။ ထို့အပြင် သူတို့ဟာ ယင်ကောင်နဲ့ ခြင်တွေကိုဖမ်းယူဖို့ ကြိုးစားတဲ့အခါမှာ နောက်ပြန်ပျံသန်းနိုင်တဲ့ စွမ်းရည်ကိုပါ တီထွင်ထားနိုင်တဲ့ အင်းဆက်တွေ ဖြစ်ပါတယ်။

၂။ မယုံနိုင်လောက် ချွန်ထက်သော ပါးစပ်အစိတ်အပိုင်း ပါရှိခြင်း 

ပုစဥ်းနဲ့ ပုစဥ်းကညာ (damselflies) တွေဟာ သွားနဲ့ကိုက်ဖြတ်စားသောက်တဲ့ Odonata လို့ခေါ်သော အင်းဆက် မျိုးစဥ် (order) အုပ်စုထဲမှာ ပါဝင်တာဖြစ်ပါတယ်။ အမဲလိုက်တဲ့အခါမှာ ပုစဉ်းတွေဟာ သားကောင်ကို ခြေထောက်နဲ့ဖမ်းကာ အတောင်ပံများကို ချွန်ထက်သောမေးရိုးဖြင့် ဆုတ်ဖြဲပစ်ပြီး မပျံသန်းနိုင်အောင်ပြုလုပ်ကြတာ ဖြစ်ပါတယ်။ ပုစဥ်းတွေဟာ အဆိုပါဖြစ်စဥ်တစ်ခုလုံးကို ကုန်းမြေပေါ်သို့ ဆင်းရန်ပင်မလိုဘဲ လေထဲမှာပင် သားကောင်ကိုဖမ်းယူ စားသောက်နိုင်တာ ဖြစ်ပါတယ်။ 

ပုစဥ်းမှာ ချွန်ထက်တဲ့ပါးစပ်အစိတ်အပိုင်း ရှိတယ်ဆိုပေမဲ့ အများစုကတော့ လူကို မကိုက်နိုင်ပါဘူး။ မျိုးစိတ်အများစုမှာပါဝင်တဲ့ ပါးစပ်အစိတ်အပိုင်းဟာ ကျွန်ုပ်တို့ လူသားတွေရဲ့ အရေပြားကိုပေါက်ပြဲလောက်အောင် လုံလောက်တဲ့ သန်မာတင်းကြပ်မှု မရှိကြပါဘူး။ အရွယ်အစားကြီးမားတဲ့ ပုစဥ်းမျိုးစိတ် အနည်းငယ်လောက်ကသာ ကိုက်နိုင်စွမ်းရှိပြီး ၎င်းတို့ဟာလည်း အန္တရာယ်ကိုကာကွယ်ဖို့အတွက်သာ ကိုက်လေ့ရှိတာ ဖြစ်ပါတယ်။ 

၃။ အံ့မခန်း ပျံသန်းနိုင်ကြခြင်း 

ပုစဉ်းတွေရဲ့ အံ့မခန်းပျံသန်းနိုင်မှုစွမ်းရည်နဲ့ နှိုင်းယှဉ်နိုင်တဲ့ သက်ရှိမျိုးစိတ်ဆိုတာ သတ္တဝါလောကမှာ အနည်းငယ်ပဲရှိပါတယ်။ ပုစဥ်းတွေမှာ ရင်အုပ်ပိုင်းကြွက်သားနဲ့အတူ အတောင်ပံနှစ်စုံပါရှိပြီး အတောင်တစ်ခုစီဟာ အမှီအခိုကင်းစွာနဲ့ အလုပ်လုပ်နိုင်ကြတာ ဖြစ်ပါတယ်။ အဲ့တာကြောင့်ပဲ ၎င်းတို့ဟာ တောင်ပံတစ်ခုချင်းစီရဲ့ ရှုထောင့် (angle) ကို ပြောင်းလဲစေပြီး လေထဲမှာ လျင်မြန်သွက်လက်စွာနဲ့ လှုပ်ရှားပျံသန်းနိုင်တာ ဖြစ်ပါတယ်။ 

ပုစဥ်းတွေဟာ ဘေးတိုက်နဲ့ နောက်ပြန် အပါအဝင် မည်သည့် ဦးတည်ရာကိုမဆို အလွယ်တကူပျံသန်းနိုင်ပြီး တစ်နေရာတည်းမှာလည်း တစ်မိနစ် သို့မဟုတ် ထို့ထက်ပိုပြီး ပျံဝဲနေနိုင်တာ ဖြစ်ပါတယ်။ အဆိုပါ အံ့သြဖွယ်စွမ်းရည်ကြောင့် ဝေဟင်မှာ ချောင်းမြောင်းတိုက်ခိုက်နိုင်သော သားရဲကောင်အဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။

အချို့သော ပုစဥ်းမျိုးစိတ်တွေဟာ အမြင့်ဆုံးမြန်နှုန်းအားဖြင့် တစ်နာရီကို ၁၈ မိုင်အထိ ပျံသန်းနိုင်ကြတာ ဖြစ်ပါတယ်။ ထို့အပြင် သူတို့ရဲ့ ခံနိုင်ရည်ရှိတဲ့စွမ်းဆောင်မှုတွေကြောင့်လည်း လူသိများပါတယ်။ Pantala flavescens လို့​ခေါ်တဲ့ ပုစဥ်းမျိုးစိတ်တစ်မျိုးဟာဆိုရင် သမုဒ္ဒရာတစ်ခုအတွင်း မိုင်ပေါင်း ၁၁,၀၀၀ ရှိတဲ့ အကွာအဝေးကို ဖြတ်သန်းသွားလာခဲ့တာကြောင့် ၎င်းကို ကမ္ဘာပေါ်မှာ အကွာအ​ဝေးအရှည်ဆုံး အင်းဆက်ရွှေ့ပြောင်းနေထိုင်မှုလို့ သတ်မှတ်ခံထားရတာလည်း ဖြစ်ပါတယ်။ 

၄။ ထူးခြားတဲ့ အမြင်အာရုံရှိခြင်း

ပုစဉ်းတစ်ကောင်ရဲ့ ဦးခေါင်းကို ကြည့်လိုက်ပါက အထူးသဖြင့် ပစ္စည်းတစ်ခုထဲမှာ အရာဝတ္ထု​လေးတွေအများကြီး (သို့မဟုတ်) ၃၀၀၀၀ ခန့်ကို သတိပြုမိပါလိမ့်မယ်။ ပုစဥ်းတစ်ကောင်ရဲ့ ဦးခေါင်းဧရိယာကို အလွန်ကြီးမားတဲ့ စုပေါင်းမျက်လုံး (compound eyes) တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး မျက်ကွက် (facet) ၃၀၀၀၀ ပါရှိပြီး ၎င်းမျက်ကွက်တစ်ခုချင်းစီဟာ အနီးပတ်ဝန်းကျင်မှာရှိတဲ့ သတင်းအချက်အလက်များကို ဖော်ပြပေးတာ ဖြစ်ပါတယ်။ ပုစဥ်းတွေဟာ အမြင်အာရုံ ၃၆၀ ဒီဂရီနီးပါးရှိပြီး ၎င်းတို့အနောက်ဘက်ကို တိုက်ရိုက်မမြင်နိုင်တဲ့ အပိုင်းတစ်ခုသာရှိတာ ဖြစ်ပါတယ်။ အဆိုပါထူးခြားတဲ့ အမြင်အာရုံကြောင့် ၎င်းတို့ဟာ အင်းဆက်အုပ်စုတစ်ခုအတွင်းမှာရှိနေတဲ့ အဓိကပစ်မှတ် အင်းဆက်တစ်ကောင်အပေါ်မှာပဲ မျက်ခြေမပြတ် စောင့်ကြည့်နိုင်ပြီး ဖမ်းယူတဲ့အခါမှာလည်း အုပ်စုအတွင်းရှိ အခြားအင်းဆက်များနဲ့ ဝင်ရောက်တိုက်မိခြင်းကနေ ရှောင်ရှားနိုင်တာ ဖြစ်ပါတယ်။ 

၅။ ရေအောက်မှာ နှစ်အကြာကြီး နေနိုင်ခြင်း 

ပုစဥ်းတွေဟာ ၎င်းတို့ရဲ့ဥတွေကို ရေထဲမှာဥချတာဖြစ်ပြီး သားလောင်းတွေပေါက်လာတဲ့အခါ ၎င်းတို့ဟာ ရေအောက်မှာ ၂ နှစ်ကျော်အထိ နေထိုင်ကြတာပါ။ တကယ်လက်တွေ့မှာတော့ ပင်လယ်ရေမျက်နှာပြင်နဲ့ လတ္တီတွဒ်ပေါ်မူတည်ပြီး အချို့သောမျိုးစိတ်တွေဟာ သားလောင်းအခြေအနေမှာ ခြောက်နှစ်ကျော်အထိ နေနိုင်ကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတဲ့ ပုစဉ်းအဖြစ်သို့ မပြောင်းလဲခင်မှာ သူတို့ဟာ ၁၇ ကြိမ်ကျော်အထိ အရေခွံလဲခဲ့ကြတာလည်း ဖြစ်ပါတယ်။ 

ပုစဥ်းတွေဟာ သားလောင်းအဆင့်မှာဆိုရင် ရေနေသတ္တဝါများကဲ့သို့ လိုက်လျောညီထွေရှိပြီး ၎င်းတို့ရဲ့သားကောင်များကို လျင်​မြန်သောနှုန်းနဲ့ ဖမ်းယူနိုင်စွမ်းရှိတာ ဖြစ်ပါတယ်။ သူတို့ဟာ အခြားသော အင်းဆက်သားလောင်းများ၊ ဖားလောင်း၊ ငါးနဲ့ အခြားသော ပုစဉ်းမျိုးစိတ်သားလောင်းများ အပါအဝင် အစားအစာ အများအပြားကို စားသောက်နိုင်ကြ​တာ ဖြစ်ပါတယ်။

၆။ ဆားငန်ရေထဲမှာ ဥ ချခြင်း

အင်းဆက်အများစုဟာ ဆားငန်ရေရှိတဲ့နေရာမှာ ရှင်သန်နေထိုင်ဖို့ ခက်ခဲတာကြောင့် မျိုးစိတ်အနည်းငယ်လောက်ကသာ ပင်လယ်သမုဒ္ဒရာရဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ကြတာ ဖြစ်ပါတယ်။ သို့ပေမဲ့ အချို့သောပုစဉ်းမျိုးစိတ်တွေအတွက်တော့ ပင်လယ်ဆားငန်ရေက အနှောက်အယှက်ဖြစ်စေမဲ့ပုံ မပေါ်ပါဘူး။ ပင်လယ်ကမ်းရိုးတန်းမှာ နေထိုင်တဲ့ ပုစဥ်းငယ် (Erythrodiplax berenicei) ကဲ့သို့သော မျိုးစိတ်တွေဆိုရင် သာမန်ပင်လယ်ရေထက် အငန်ဓာတ်ပိုမိုများပြားတဲ့ ပင်လယ်ရေထဲမှာ ၎င်းတို့ရဲ့ သားလောင်းများကို မွေးထုတ်ပေးနိုင်တာ ဖြစ်ပါတယ်။ 

ပင်လယ်ကမ်းရိုးတန်းအနီးမှာ နေထိုင်တဲ့ အဆိုပါပုစဥ်းငယ်ဟာ ထင်ရှားတဲ့မျိုးစိတ်တစ်ခုဖြစ်ပြီး ၎င်းနေထိုင်ရာနေရာတွေကတော့ ဆားငန် စိမ့်မြေတော၊ ဒီရေတောများနဲ့ ဆားငန်ရေကန်တွေ ပါဝင်နေတာ ဖြစ်ပါတယ်။ ၎င်းမျိုးစိတ်ကိုတော့ မြောက်အမေရိကမှာသာ တွေ့ရှိရမှာပဲ ဖြစ်ပါတယ်။ 

၇။ လူတွေကို အကျိုးပြုခြင်း 

ပုစဥ်းတွေဟာ မှက်၊ ခြင်နဲ့ ယင်ကဲ့သို့ လူတွေကို အခြိမ်းခြောက်ဆုံးသော ပိုးမွှားတွေရဲ့ဦးရေကို ထိန်းချုပ်ပေးခြင်းဖြင့် လူသားများကို ကူညီနိုင်ပါတယ်။ ထို့အပြင် ဖလံ၊ ပျား၊ ပိုးပျံကောင်နဲ့ အခြားသော ကျောရိုးမဲ့ သတ္တဝါငယ်လေးများကိုလည်း စားသောက်ကြပါတယ်။  ပုစဉ်းတစ်ကောင်ဟာ တစ်နေ့လျှင် ခြင်ကောင်ရေ ၃၀ ကနေ ရာနှင့်ချီပြီး ဖမ်းယူစားသောက်နိုင်ပါတယ်။ ပုစဥ်းတွေရဲ့ မယုံနိုင်စရာကောင်းမွန်လှတဲ့ ပျံသန်းမှုစွမ်းရည်နဲ့ အမြင်အာရုံများကြောင့် ဒရုန်းများမှသည် ဥာဏ်ရည်အတု အမြင်အာရုံစနစ်များအထိ နည်းပညာသစ်များဖန်တီးဖို့ရာ လူသားတွေကို လှုံ့ဆော်ပေးနိုင်တာလည်း ဖြစ်ပါတယ်။ 

Ref: https://www.treehugger.com/ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်