ကျေးတောသူဘဝကို တင်ဆက်ပြရင်း နိုင်ငံကျော်ဖြစ်လာတဲ့ တရုတ်ပြည်က အမျိုးသမီးငယ်

12/06/2022 13:00 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

 

အသက် ၂၉ နှစ်အရွယ် လီဇီချီဟာ စီချွန်ပြည်နယ်ထဲက ချမ်းမြေ့ဖွယ်ရာ ကျေးလက်ဘဝ ဗွီဒီယိုလေးတွေ ရိုက်ကူးတင်ဆက်ရင်း အွန်လိုင်းပေါ်မှာ အားပေးသူ ဖော်လိုဝါ သန်းနဲ့ချီ ရရှိလာပါတယ်။ သူမဟာ တောဓလေ့သဘာဝကို အမှန်တကယ်ပဲ ထင်ဟပ်ပြသနိုင်လွန်းသူလား။

၂၀၁၆ ခုနှစ်က စတင်ပြီး စီချွန်ပြည်နယ်ထဲက ကျေးတောသူဘဝကို ရိုက်ကူးတင်ဆက်ပြလာရင်း ယခုအခါ လီဇီချီဟာ တရုတ်ပြည်ရဲ့ အကျော်ကြားဆုံး အင်တာနက်ဆယ်လီတွေထဲက တစ်ဦး ဖြစ်လာပါပြီ။ Weibo လူမှုကွန်ရက်မှာ ဖော်လိုဝါ ၂၂ သန်း၊ Douyin (တရုတ်ရဲ့ TikTok ဗားရှင်း) မှာ ဖော်လိုဝါ ၃၄ သန်း၊ YouTube မှာ ဖော်လိုဝါ နောက်ထပ် ၈ ဒသမ ၃ သန်း ရရှိထားပါတယ်။ (တရုတ်နိုင်ငံမှာ YouTube ကို တရားဝင် ပိတ်ပင်ထားပေမဲ့ လီ YouTube သုံးလာတာ နှစ်နှစ်လောက် ရှိသွားပါပြီ။)

ယခင်က တစ်ကိုယ်တော် ဖန်တီးခဲ့ရာက ခုတော့ အဖွဲ့ငယ်ဖွဲ့ပြီး ရိုက်ကူးတင်ဆက်ပြနေတဲ့ လီရဲ့ ဗွီဒီယိုတွေဟာ သာယာလှပတဲ့ ကျေးလက်ဒေသနဲ့ ရှေးဟောင်းရိုးရာဓလေ့တွေကို အသားပေးလေ့ရှိပါတယ်။ ငြိမ့်ညောင်းတဲ့ ပလွေသံလေးတွေ နောက်ခံတေးအဖြစ် ထည့်ထားလေ့ရှိတဲ့ ဒီဗွီဒီယိုလေးတွေထဲမှာ လီဟာ ဝါးပင်ကနေ မိမိအသုံးလိုတဲ့ ပရိဘောဂပစ္စည်းတွေ လုပ်ပြတယ်။ သစ်သီးခွံတွေနဲ့ သူမ အဝတ်အစားတွေကို ဆေးဆိုးပြတယ်။ တကယ်လို့ ပဲငံပြာရည် လိုအပ်လာရင်လည်း ကိုယ်တိုင်စိုက် ပဲပုပ်တွေနဲ့ လုပ်တယ်။ ဥနှစ်ဆော့ချဉ် လုပ်ပြတဲ့ ဗွီဒီယိုမှာဆိုရင် သူမနဲ့ ဥက ပေါက်ခါစ ဘဲသားပေါက်လေးတွေနဲ့ စဖွင့်တယ်။ သူမရဲ့ ဖန်တီးချက်တွေကတစ်ဆင့် အရသာ ရှိတဲ့ အစားအသောက်တွေကို ဂျင်း၊ ဆီးသီး တို့လို ရာသီပေါ် အသီးအနှံတွေနဲ့ လုပ်လို့ရပါလားဆိုတာကို ကွင်းကွင်းကွက်ကွက် ပြသနေပါတယ်။

နောက်ပြီး "လီဇီချီ Online Shop" ကိုတောင် ဖွင့်ထားပါတယ်။ ဥယျာဉ်ခြံထွက် အသီးအရွက်တွေ တုံးတစ်ရာမှာ လီ အသုံးပြုလေ့ရှိတဲ့ စတီးဓါးကို အဲဒီ အွန်လိုင်းဈေးဆိုင်မှာ ဝယ်ယူနိုင်ပါတယ်။ မြူအတိ ဖုံးလွှမ်းနေတဲ့ တောတောင်နံဘေးမှာ မှိုနဲ့ တတိုင်းမွှေးပန်းတွေ အရှာထွက်စဉ် လီ ဝတ်ဆင်လေ့ရှိတဲ့ ရှေးမူမပျက် ရှပ်အင်္ကျီ ပုံစံတူတွေကိုလည်း ဝယ်ယူနိုင်ပါတယ်။

 

လီဟာ ရိုက်ကွင်းနောက်ကွယ်က အဖြစ်သနစ်တွေကို ရံဖန်ရံခါ ထုတ်ဖော်ပြလေ့ရှိပေမဲ့ ဒီဆောင်းပါးအတွက် အင်တာဗျူးဖြေပေးဖို့ကို လက်ခံခဲ့ခြင်းမရှိသလို အလွန်ပဲ သိုသိုသိပ်သိပ် နေတတ်သူပါ။ ကြားဖူးနားဝရှိသလောက်အရ သူမဟာ မြို့ပေါ်မှာ တည်ငြိမ်တဲ့ အလုပ်တစ်ခု ရှာမရဖြစ်ခဲ့တာကြောင့် နောက်ဆုံးတော့ ကျန်းမာရေးမကောင်းတဲ့ အဘွားအို (သူမ ဗွီဒီယိုတွေမှာ ပါလေ့ရှိသူ) ကို ပြုစုဖို့ ကျေးလက်ကို ပြန်လာခဲ့တာလို့ သိရပါတယ်။

 

တလောကတော့ လီဟာ တရုတ်ပြည်အစိုးရရဲ့ အာရုံစိုက်မှုကို ခံလာရပါတယ်။ သူတို့က လီရဲ့ soft power စွမ်းအားကို သတိထားမိလာကြောင့်ပါ။ ၂၀၁၈ ခုနှစ်ထဲမှာ တရုတ်ကွန်မြူနစ်ပါတီ (CPC) က လီကို “အင်တာနက်ပေါ်က စံပြလူငယ်” အဖြစ်ရော၊ တရုတ်လူငယ်တွေရဲ့ ရှေ့ဆောင်လမ်းပြပုဂ္ဂိုလ်အဖြစ်ပါ သတ်မှတ်မြှောက်စားခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလမှာ တရုတ်ကွန်မြူနစ်ပါတီအာဘော်သတင်းဌာန People’s Daily က လီကို ပြည်သူတွေ ရွေးချယ်တဲ့ “People’s Choice” ဆု ပေးအပ်ခဲ့ပြန်ပါတယ်။ တစ်ခါ ပြီးခဲ့တဲ့လကလည်း တရုတ်အစိုးရသတင်းဌာနက လီကို တရုတ်ရိုးရာယဉ်ကျေးမှု ကမ္ဘာသိအောင် မြှင့်တင်ပေးတဲ့အပေါ် ချီးကျူးခဲ့သလို ကွန်မြူနစ်လူငယ်အဖွဲ့ချုပ်ကလည်း ကျေးလက်လူငယ်တွေကို စီးပွားရေးမြှင့်တင်ပေးရေးအစီအစဉ်တစ်ခုအတွက် သံတမန်အဖြစ် ခန့်အပ်ခဲ့ပြန်ပါတယ်။

 

အစိုးရက လီကို ချီးမြှင့်မြှောက်စားမှုတွေ တိုးမြှင့်ပြုလုပ်လာချိန်မှာ တရုတ်လူမျိုး အင်တာနက် သုံးစွဲသူတွေက ဝီဘိုပေါ်တက်ပြီး မေးခွန်းထုတ်လာကြပါတယ်။ လယ်ယာလုပ်ငန်းခွင်ကို ရှုထောင့်တစ်ခုတည်းကနေ တင်ပြခြင်းဟာ မျက်မှောက်ခေတ် တရုတ်ကျေးလက်ကို အမှန်တကယ် မထင်ဟပ်နိုင်ဘူး ဆိုကြတယ်။ ဘေဂျင်းအခြေစိုက် Chinese Culture Rejuvenation Research Institute ရဲ့ ဒါရိုက်တာ လီဘိုချွန်ကတော့ လီဇီချီ ရိုက်ကူးပြထားတဲ့ ရိုးရာအလေ့အထတွေကို အများစုက လိုက်ပြီး မလုပ်ကြတော့ပါဘူး လို့ ပြောပါတယ်။

တကယ့်လက်တွေ့မှာ တရုတ်ကျေးလက်ဒေသက ကျေးရွာတွေဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း လုံးပါးပါး ပျောက်ကွယ်လာကြောင်း၊ နိုင်ငံတော်က မြို့ပြအသွင်းပြောင်းလဲရေး ဦးစားပေးခဲ့တာနဲ့ အလုပ်သမားတွေ မြို့တက်သွားတာတွေကြောင့် ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၁၀ အတွင်း တရုတ်နိုင်ငံထဲမှာ တစ်နေ့ကို ရွာ ၂၄၅ ရွာနှုန်းလောက် တိမ်ကောကုန်ကြောင်း သုတေသနပြုချက်တွေက ဆိုပါတယ်။ ကျေးလက်ဧရိယာတွေမှာ နေနေကြဆဲဖြစ်တဲ့ တရုတ်လူဦးရေ ၄၀ ရာခိုင်နှုန်းလောက်ဟာ ဘဝပုံစံ အမျိုးမျိုးအထွေထွေကို ဖြတ်သန်းနေကြပါတယ်။ သို့တိုင်အောင် သူတို့ဘဝတွေဟာ ခက်ခဲကြပါတယ်။ ၂၀၁၄ နောက်ပိုင်း ကျေးလက်ရဲ့ တစ်ဦးချင်းဝင်ငွေ သိသိသာသာ ကျဆင်းခဲ့ပြီး သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုဟာ မြို့ပြစက်မှုဇုန်တွေလောက်အထိ ဆိုးလှတဲ့နေရာတွေ ရှိလာပါတယ်။ ဒါက လီ ရိုက်ကူးတင်ဆက်တဲ့ လှပတဲ့ တောတောင်တွေ၊ နှစ်လိုဖွယ်ရာ ရိုးရာဓလေ့တွေဟာ အစစ်အမှန်မဟုတ်ဘူးလို့ ဆိုလိုခြင်းမဟုတ်ပါဘူး။ သူမဟာ တခြားလူမှုကွန်ရက်ပေါ်က ဖန်တီးတင်ဆက်သူတွေနည်းတူ မြင်ကွင်းကျယ်ကြီးတစ်ခုထဲက နှစ်လိုဖွယ်ရာအကောင်းဆုံး အစိတ်အပိုင်းတွေကို အလေးပေးထားတာလို့ ဆိုချင်တာပါ။

 

ဒီတော့ လီရဲ့ တင်ဆက်မှုတွေဟာ ကျေးလက်ရဲ့ ပျမ်းမျှလူနေမှုဘဝကို မထင်ဟပ်ဘူးဆိုရင် 'ခေတ်သစ်တရုတ်ပြည်ကြီး' နဲ့ ပတ်သက်လို့ရော ဘာတွေ ထင်ဟပ်ပြသနေပါသလဲ။

 

နံပါတ်တစ်အချက်ကတော့ သူမရဲ့ တရုတ်ပြည်မကြီးပရိသတ်တွေ၊ အထူးသဖြင့် မြို့ပေါ်နေ လူငယ်မျိုးဆက် ဂျန်ဇီတွေရဲ့ စိတ်နေသဘောထားနဲ့ သက်ဆိုင်ပါတယ်။ လူငယ်တွေကြားမှာ တရုတ်လို "fugu" လို့ခေါ်တဲ့ ရှေးမူဟန်ပန် ရူးသွပ်မှုက trend တစ်ခုအဖြစ် ရှိနေခဲ့တာ နှစ်အတော်လေး ကြာနေပြီဖြစ်ပါတယ်။

 

Qufu Normal University တက္ကသိုလ်က တရုတ်သမိုင်းနဲ့ ဒဿနိကဗေဒ ပါမောက္ခ ယန်ချွန်မီ ရှင်းပြချက်အရ “Fugu” ဆိုတဲ့စကားဟာ "ပြောင်းလဲမှုမြန်ဆန်တဲ့ စက်မှုခေတ် စားသုံးသူဝါဒီ လူ့အသိုင်းအဝိုင်းအတွင်းက လူငယ်ထုရဲ့ ကျေးလက်ဘဝအပေါ် အမွှမ်းတင်နှစ်ခြိုက်မှု" လို့ သိရပါတယ်။ တကယ့်လက်တွေ့မှာလည်း လူငယ်တွေဟာ နေ့စဉ်ဝတ်စားဆင်ယင်မှုမှာ ရိုးရာဝတ်စုံတွေ ပိုမို တွဲဖက်လာကြတယ်။ ရာဇဝင်ကားတွေကိုတွေ ပိုကြည့်လာတယ်။ လီတို့လို ကျေးလက်ဘဝ တင်ဆက်ပြသသူတွေကို ပိုမို အားပေးလာကြပါတယ်။

 

အနောက်တိုင်းက လူငယ်မျိုးဆက်တွေ ကြားမှာလည်း ငြီးငွေ့ဖွယ် မနက်ကိုး-ညငါး လုပ်ငန်းခွင်ကို စွန့်လွှတ်ပြီး သဘာဝနဲ့ နီးနီးစပ်စပ် ရိုးရှင်းနှိမ့်ချစွာ နေထိုင်ရခြင်းက စိတ်ကူးယဉ်စရာတစ်ခု ဖြစ်လာနေပါတယ်။ တရုတ်နိုင်ငံမှာတော့ ရှန်ဟိုင်း၊ ဂေါင်ဇူးလို မြို့ကြီးတွေပေါ်က ကားကျပ်၊ လေထုညစ်ညမ်း၊ အလုပ်လက်မဲ့၊ အိမ်ရာရှားပါး စတဲ့ မြို့ပြနေရေးထိုင်ရေးအခက်အခဲတွေဟာ လုပ်ငန်းခွင်ငြီးငွေ့မှုကို ပိုမိုဆိုးရွားစေလျက်ရှိပါတယ်။

ကျော်ကြားလှတဲ့ လီရဲ့ ဗွီဒီယိုတွေထဲမှာ အလွမ်းအဆွေး တရုတ်တေးသွားလေးတွေ ထည့်သွင်းထားလေ့ရှိပါတယ်။ "အဲဒါကို တရုတ်လို Xiang Chou လို့ ခေါ်တယ်။ Xiang ဆိုတာ ကျေးလက်ဒေသ၊ ကျေးလက်ဘဝကို ဆိုလိုတာ။ Chou ကတော့ အဲဒီကို လွမ်းဆွတ်တာပေါ့" လို့ တရုတ်ကျေးရွာတွေ ဖွံ့ဖြိုးရေးလုပ်ရာမှာ "အတိတ် လွမ်းဆွတ်တမ်းတစိတ်" ကို အသုံးချလို့ရနိုင်ပုံကို လေ့လာနေတဲ့ အောက်စဖို့ဒ်တက္ကသိုလ် PhD ကျောင်းသား လင်ဒါကွီအန်က ပြောပါတယ်။

 

"ဒါဟာ မြို့ပြဘဝမှာ ရှင်သန်နေထိုင်တဲ့ လူငယ်တွေကြားမှာ အတော်လေး စိမ့်ဝင်ပျံ့နှံ့နေပါတယ်။ သူတို့ မြို့ကို ငြီးငွေ့နေကြတယ်။ ဒီတော့ ကျေးလက်ဘဝကသာ နေပျော်တဲ့ဘဝတစ်ခုလို့ ပိုပြီး ထင်လာကြပါတယ်"

 

လီရဲ့ တင်ဆက်ဟန်ဟာ အနောက်တိုင်းက “လူနှင့် အရိုင်း” (Man vs Wild) ဖျော်ဖြေရေးပုံစံနဲ့ ဆင်တူတယ်လို့ ကွီအန်က ပြောပါတယ်။ "ကျွန်ုပ်တို့ဟာ ရုပ်ဝတ္တုဝါဒ၊ စားသုံးသူဝါဒကို စွဲကိုင်လာကြပြီး လိုချင်တာကို ဝယ်ယူသုံးစွဲနိုင်တဲ့အခြေအနေ ‌ရောက်လာတယ်။ အဲဒီအချိန် နောက်ထပ် အတွေ့အကြုံသစ်ကို တောင့်တလာတယ်။ ဒီလိုနဲ့ လူသားတွေ သဘာဝအရ လုပ်နိုင်တဲ့ အရာတွေဆီ နောက်ကြောင်းပြန်ရောက်လာတယ်" လို့ သူက ပြောပါတယ်။

 

ဒါပေမဲ့ လီ နိုင်ငံတကာအထိ ကျော်ကြားပေါက်ရောက်လာချိန်မှာတော့ ပရိသတ်တွေဟာ မှတ်ချက်တွေ၊ ဘလော့ပို့စ်တွေနဲ့ လူမှုမီဒီယာတို့ကတစ်ဆင့် လီကို မေးခွန်းထုတ်လာကြတယ်။ သူ့ ချန်နယ်ဟာ ကွန်မြူနစ်ဝါဒဖြန့်ချိမှုတစ်ခုလားပေါ့။

သူ့တင်ဆက်မှုတွေဟာ တရုတ်အစိုးရကို နိုင်ငံတကာမှာ ပုံရိပ်ကောင်းတစ်ခု ရစေအောင် ပံ့ပိုးပေးနေတဲ့အပြင် အစိုးရ ဖော်ဆောင်ဖို့ ကြိုးစားနေတဲ့ ကျေးလက်ဒေသ အောင်မြင်မှုပုံစံကို လီက သရုပ်ဖော်ပေးသလို ဖြစ်နေပါတယ်။ ကွန်မြူနစ်လူငယ်အဖွဲ့ချုပ်ဟာ ကျေးလက်ဒေသဆင်းရဲမှု ပပျောက်ရေး ရည်ရွယ်ပြီး  ၂၀၂၂ ခုနှစ်မှာ မြို့သားလူငယ် သန်း ၁၀၀ ကျော်ကို ကျေးလက်ဒေသတွေဆီ ပို့လွှတ်ဖို့ အစီအစဉ်တစ်ခု စတင်ထားပါတယ်။ ဒီနည်းနဲ့ မြို့သားလူငယ်တွေရဲ့ အသိပညာလည်း တိုးပွား၊ ခေတ်မီလူ့အဖွဲ့အစည်း ဖော်ဆောင်ပြီးသားလည်း ဖြစ်တဲ့အပြင် သိပ္ပံနဲ့ နည်းပညာတွေကို မြှင့်တင်ပြီးသား ဖြစ်စေအောင် ရည်မှန်းထားတာပါ။

"လူငယ်တွေအနေနဲ့ သိပ္ပံနဲ့ နည်းပညာ အသုံးပြုကာ ကျေးလက်ကို အထောက်အပံ့ဖြစ်စေပြီး ရိုးရာမပျက်တိုးတက်မှုတွေ ဖြစ်လာအောင် တီထွင်ဆန်းသစ်ကြဖို့ လိုအပ်နေပါတယ်" လို့ အလယ်ပိုင်း ဟူနန်ပြည်နယ်အတွင်းက မြို့နယ်တစ်ခုရဲ့ လက်ထောက်အကြီးအမှူး ဇန်လင်ဘင်က Global Times သတင်းဌာနကို ဧပြီလအတွင်းက ပြောဆိုခဲ့ပါတယ်။

 

လီက နည်းပညာ အသုံးပြုပြီး သူမအတွက် ကျေးလက်ဒေသ စီးပွားရေးအခွင့်အလမ်းကို ဖန်တီးတယ်။ တစ်ချိန်တည်းမှာပဲ တရုတ် ရိုးရာယဉ်ကျေးမှုတွေကို များပြားလှတဲ့ ပရိသတ်ရှေ့မှောက်မှာ ချပြရင်း ထိန်းသိမ်းပေးနိုင်တယ်။ လီရဲ့ စွမ်းဆောင်ချက်ဟာ CPC ပါတီအတွက် သူတို့ စိတ်ကူးယှဉ်အိမ်မက်တွေ အကောင်အထည် ပေါ်နေသလို ဖြစ်စေပါတယ်။

တရုတ်နိုင်ငံ ဟောင်ကောင်တက္ကသိုလ် မနုဿဗေဒပညာရှင် ပါမောက္ခ ကာမင်ဝူက "လီဟာ တရုတ်ရဲ့ soft power လှိုင်းလုံးသစ်တစ်ခုပါ။ ဖန်တီးမှုအား အလွန်ကောင်းပြီး အနုပညာရသမြောက်ပါတယ်။ သူ့ ပရိသတ်ဟာ တရုတ်လူမျိုး ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဘယ်လို ဆွဲဆောင်ရမလဲဆိုတာ သိပါတယ်" လို့ ပြောပါတယ်။ ဆက်လက်ပြီး "ဘယ်လိုပဲ ဖြစ်စေ ဒါဟာ တရုတ်နိုင်ငံတော်အစိုးရက နောက်ကွယ်ကနေ ကြိတ်ပုန်းခုတ်ထားတဲ့ ကြိုးပမ်းချက်တစ်ခု မဟုတ်ဘူးလို့တော့ ထင်ပါတယ်" လို့ သူ ပြောပါတယ်။

 

အမှန်တော့ လီရဲ့ ဘဝဇာတ်ကြောင်းဟာ မြို့ပေါ်မှာ ရှင်သန်ရပ်တည်ဖို့ မစွမ်းနိုင်ခဲ့တဲ့အပေါ် အခြေတည်နေပါတယ်။ ဒီကျရှုံးမှုက တရုတ်အစိုးရ ပုံဖော်နေတဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ မြို့ပြအခွင့်အလမ်းကောင်း ဇာတ်လမ်းဇာတ်ကွက်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။ ဒါဆိုရင် သူမဟာ ဝါဒဖြန့်ဖို့အတွက် လုပ်ကြံထားတဲ့ အေးဂျင့်တစ်ယောက်လား။

 

ဒါနဲ့ ပတ်သက်ပြီး ပါမောက္ခ ဝူက "လီရဲ့ ကျရှုံးမှုဟာ တရုတ်နိုင်ငံအစိုးရ ဘယ်သောအခါမှ ထုတ်ဖော်ပြောပြမှာမဟုတ်တဲ့ အကြောင်းအရာပါ" လို့ ဆိုပါတယ်။ "ဒီကျရှုံးမှုဟာ လီကို ပိုပြီးကျော်ကြားအောင်မြင်စေခဲ့တဲ့ လောင်စာလည်း ဖြစ်ပါတယ်။ "တရုတ်ပြည်အိမ်မက်" (Chinese dream) ထဲမှာ အံ့မဝင်နိုင်တဲ့အဆုံး မျှော်လင့်ချက်ပျက်သုန်းသွားရတဲ့ သူ့အဖြစ်ပေါ့။ ဘာပဲဖြစ်ဖြစ် လီဟာ အစိုးရ ဝါဒဖြန့်ချိရေး မဖြစ်နိုင်ဘူး။ ဘာကြောင့်ဆိုတော့ သူ့ကျရှုံးမှုကိုလည်း အနုပညာရသမြောက်အောင် ဖော်ကျူးပြသခဲ့တာပဲ။ တရုတ်အစိုးရကတော့ သူမရဲ့ ဖန်တီးချက်တွေကို ပါးပါးနပ်နပ်နဲ့ အသုံးချလာခဲ့တယ်" လို့ ပြောပါတယ်။

 

တရုတ်သတင်းဌာနအချို့ရဲ့ ရေးသားချက်အရ လီရဲ့ ဖန်တီးချက်တွေဟာ တရုတ်အစိုးရ ဝါဒဖြန့်ချိမှုထက်တောင် ပိုကောင်းနေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုစာ အစိုးရဝါဒဖြန့်မှုတွေထက် သူမရဲ့ ဗွီဒီယိုတွေက တရုတ်ရဲ့ ကျေးလက်ဓလေ့အပေါ်  ပြည်တွင်းရော နိုင်ငံတကာကပါ အမှန်တကယ် စိတ်ဝင်စားလာအောင် ပိုမိုဆွဲဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ "အစိုးရဌာနပေါင်းများစွာ ငွေကြေး ဘီလျံနဲ့ချီကို အရန်သင့်ကိုင်ပြီး ဝါဒဖြန့်ချိရေး ၁၀ နှစ်လောက် ကြိုးစားပမ်းစား လုပ်ဆောင်တာဟာ ဒီမိန်းကလေးငယ်တစ်ယောက်ရဲ့ ခြေဖျားကို မမီဘူးဖြစ်နေတယ်" လို့ South China Morning Post အယ်ဒီတာ Chauncey Jung က ရေးသားပါတယ်။

 

Ref: Country life: the young female farmer who is now a top influencer in China

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်