မြန်မာနိုင်ငံတွင် ငါး၊ ပုစွန်မွေးမြူရေးလုပ်ကိုင်လျက်ရှိသော မွေးမြူရေးလုပ်ငန်းရှင်များနှင့် တစ်နိုင်တစ်ပိုင်မွေးမြူကြသော ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများ အကျိုးအမြတ်ရရှိစေရန်နှင့် ငါး၊ ပုစွန်မွေးမြူခြင်းနှင့် ပတ်သက်၍ နည်းစနစ်များကို လေ့လာသိရှိနိုင်စေရန် ဖော်ပြပေးလိုက်ပါသည်။
မွေးမြူရေးလုပ်ငန်းများတွင် ဒီဇယ်ဆီ၊ ဓာတ်ဆီ၊ စားသုံးဆီများအသုံးပြုထားတဲ့ ပစ္စည်းကိရိယာများကို အသုံးမပြုမိစေရန် အထူးသတိထားပြီး မသုံးစွဲမိဖို့ လိုအပ်ပါတယ်။ ဒါမှသာ ငါး၊ ပုစွန်သေဆုံးမှု လျော့ချနိုင်မှာဖြစ်ပါတယ်။ ရေချို၊ ရေငန်(ငါး၊ ပုစွန်) မွေးမြူရာမှာ ဒေသအခေါ် ကာရီလို့ခေါ်တဲ့ သဘာဝမြစ်ချောင်း၊ တာပေါင်များကို ပိတ်ဆို့ပြီး မွေးမြူတဲ့စနစ်နဲ့ လယ်ကန်သင်းတွေကို ပေါင်မြှင့်တင်ပြီးမွေးမြူတဲ့စနစ်ဆိုပြီး နှစ်မျိုးရှိပါတယ်။
ဒီရေအတက်အကျကို မူတည်ပြီး ရေသွင်းရေထုတ်ပြီး သဘာဝကရတာတဲ့ ငါး၊ ပုစွန်တွေကို မွေးမြူကြတာပါ။ ဒီသဘာဝမွေးမြူရေးစနစ်မှာ အသုံးပြုထားတဲ့ရေဟာ နုန်းမြေနဲ့ ရွံ့စေးမြေတွေ အနည်ထိုင်မှုများလာတာနဲ့အမျှ သဘာဝကျကျမွေးမြူရေးဖြစ်ဖို့ ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်လာပါတယ်။ အကြောင်းကတော့ နုန်းမြေနဲ့ ရွံ့စေးမြေတွေ အနည်ထိုင်မှုများပြားလာတာနဲ့ ရေရဲ့အချဉ်ငန်ဓာတ်ဟာ တဖြည်းဖြည်း ထိန်းညှိမှုပြောင်းလဲလာသလို အောက်စီဂျင်ကလည်း တဖြည်းဖြည်းနည်းပါးလာပါတယ်။ အောက်စီဂျင်နည်းလာတာကြောင့် ကန်ထဲက ငါး၊ ပုစွန်တွေ သေဆုံးနိုင်ပါတယ်။ ဒီစနစ်ကတော့လွယ်ကူသက်သာတဲ့ နည်းစနစ်ဖြစ်သလို ကုန်ကျစရိတ်လည်း သက်သာလှပါတယ်။ မြန်မာနိုင်ငံက မွေးမြူရေးငါးကန်တွေဟာ အကျယ်အဝန်း ငါးဧကလောက်ကျယ်ဝန်းပြီး ငါးကန်ထဲမှာ ငါးကောင်ရေ ၁၂၀ ခန့်ကို မွေးမြူနေတာကို တွေ့ရပါတယ်။ ရေလုပ်ငန်းနဲ့အောင်မြင်နေတဲ့ ဗီယက်နမ်လိုနိုင်ငံမျိုးမှာ ကန်သေးသေးနဲ့ အကောင်ရေများများမွေးမြူတဲ့နည်းကို ကျင့်သုံးနေပြီဖြစ်တာကြောင့် ကုန်ကျစရိတ်နည်းပြီး အမြတ်ပိုရတဲ့ အခြေအနေရှိနေပါတယ်။
လယ်ကန်သင်းများ မြှင့်တင်မွေးမြူရာမှာ ကန်ပေါင်ကို အမြင့်တစ်ပေခွဲမှ နှစ်ပေအထိ မြှင့်တင်ပြီးမွေးမြူကြပါတယ်။ မွေးမြူရာမှာလည်း လယ်ကန်သင်းများအတွင်း/အပြင် ပေါင်းမြက်များ မြင့်တက်အောင်ပြုလုပ်ပြီး မြေပြင်ပေါ်မှာ ထုံး၊ ပဲမှော်၊ ကြိတ်ဖတ်ချေး၊ ကြက်ချေး၊ သစ်ရွက်ဆွေးများ ထည့်သွင်း၍ မြေကိုပြုပြင်ရမှာဖြစ်ပါတယ်။ ၎င်းဖြည့်စွက်စာထည့်ပြီးနောက် ရေသွင်းခြင်းဆောင်ရွက်နိုင်ပါတယ်။ တစ်ပတ်၊ နှစ်ပတ်အတွင်း ထပ်မံပြီး အဏုဇီဝဖျော်ရည်များဖြည့်သွင်းကာ စတင်မွေးမြူနိုင်ပါသည်။ အဏုဇီဝနည်းဖြင့် ရောစပ်ထားသော စပ်စာ (ဥပမာ - ပဲမှော်၊ ဖွဲနု၊ ဆန်ကွဲ)ကို ကာလသက်တမ်းအရ အနည်းအများ အချိန်အဆဖြင့် အစာကျွေးပေးပါ။
ရေဂါလန် ၅၀၀၀ တွင် ထုံးတစ်အိတ်နှုန်း၊ အဏုဇီဝဖြည့်သွင်းစာ နှစ်အိတ်ထည့်ပေးပါ။ တိုင်းတာနည်းမှာ တုတ်ချောင်းအရှည် သို့မဟုတ် ဝါးလုံးအရှည်ပေါ်တွင် အဖြူရောင်အမှတ်များပြုလုပ်ထားပါ။ ပြီးလျှင် ရေထဲသို့ ထိုးချပါ။ နေရောင်ရရှိချိန်မှာ အဖြူရောင်အမှတ်အသား ထင်ရှားစွာ မြင်နိုင်တဲ့အပိုင်းနဲ့ မမြင်နိုင်တဲ့ အပိုင်းသို့ ရောက်ရှိပါက ၎င်းအမှတ်အသား မှတ်သားခြင်းဖြင့် ရေကြည်ရေနောက်ကို တိုင်းတာနိုင်ပါသည်။ ဥပမာ - ရေရဲ့အနက်ပမာဏမှာ ၁၀ ပေရှိတယ်ဆိုပါစို့။ မမြင်နိုင်သော အနက်က ရှစ်ပေရှိမယ်ဆိုရင် အရေကြည် (အောက်စီဂျင်) ရရှိနိုင်တဲ့အနက်ဟာ နှစ်ပေရှိပါတယ်။ အထက်ပါနည်းနဲ့ ရေရဲ့အောက်စီဂျင်ရရှိမှုကို တိုင်းတာနိုင်ပါတယ်။
ငါးခူ၊ ငါးကြင်းငါးမျိုးများကို မွေးမြူမယ်ဆိုရင်တော့ တစ်ဧကထက်မကြီးတဲ့ကန်နဲ့ မွေးသင့်တယ်။ သဘာဝနည်းထက် ငါးမျိုးစပ်ပြီး မျိုးဖောက်မွေးသင့်ပါတယ်။ ငါးစာအတွက် ရေပေါ်စာကို အကျင့်ရအောင်ကျွေးသင့်ပါတယ်။ ရေကြီးခြင်းကဲ့သို့ သဘာဝဘေးများအတွက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ငါးကန်ပေါင်ကို အမြင့်ငါးပေအထိ ထားသင့်ပါတယ်။ အကောင်ရေများများမွေးတဲ့စနစ်ကို ကျင့်သုံးသင့်ပါသည်။ တစ်ဧကတစ်ကန်အတွင်း ငါးကောင်ရေ တစ်သိန်းနှစ်သောင်းထိ မွေးနိုင်ပါသည်။
ငွေမြန်မြန်ပေါ်တဲ့ငါးကို အစားထိုးမွေးမယ်ဆိုရင်တော့ တစ်နှစ်ခွဲ၊ နှစ်နှစ်မွေးရပြီး နှစ်နှစ်ကျော်မှငွေပေါ်တဲ့ ငါးမြစ်ချင်း၊ ငါးကြင်းအစား သုံးလကနေ ခြောက်လအတွင်း ငွေမြန်မြန်ပေါ်တဲ့ ငါးခူ၊ ငါးရံ့၊ ငါးပြေမနဲ့ ငါးရှဉ့်တို့ကို အစားထိုးမွေးမြူသင့်ပါတယ်။
ဖော်ပြပါငါးများအား မွေးမြူမယ်ဆိုရင်တော့ တစ်ဧကခန့်သာရှိတဲ ကန်သေးသေးနဲ့ မွေးမြူနိုင်ခြင်း၊ ကန်မတူးနိုင်တဲ့သူတေအတွက် တာလပတ်ခင်းကာ မွေးမြူနိုင်ခြင်း ငွေမြန်မြန်ပေါ်ခြင်း၊ ရာသီဥတုအန္တရာယ်ကျရောက်ပါက ကန်သေးတဲ့အတွက် ငါးများမထွက်အောင် စီမံခန့်ခွဲရ လွယ်ကူနိုင်ပါတယ်။ ထို့ပြင် လယ်သမားကိုယ်တိုင် သားဖောက်ပြီး မွေးမြူနိုင်ခြင်း၊ စပါးစိုက်တဲ့လယ်ထဲမှာပဲ မွေးမြူနိုင်ခြင်း၊ လယ်ကိုဒုက္ခပေးတဲ့ ခရုတွေကိုဖမ်းပြီး ငါးရှဉ့်စာအဖြစ်ပြန်လည်အသုံးပြနိုင်တဲ့အတွက် လယ်အတွက်ကောင်းရုံတင်မကဘဲ ငါးရှဉ့်စာအတွက် သီးသန့်ငွေကြေးကုန်ကျမှုမရှိခြင်း စတဲ့အားသာချက်တွေရှိပါတယ်။
မျိုးပွားမှုကို အနှောက်အယှက်ပေးစေတဲ့ လျှော့တိုက်နည်းနဲ့ငါးဖမ်းတာကို လုံးဝရှောင်ကြဉ်ရပါမယ်။ ငါးမျိုးရေရှည်တည်တံ့မှုကို ဒုက္ခပေးရာရောက်တဲ့ ပိုက်ကွန်သေးဖြင့် ငါးဖမ်းမှုကို ရှောင်ကြည်ပါ။ ငါးရှဉ့်ဖမ်းရာမှ အနံ့ပြင်းတဲ့ ရှန်ပူ (ခေါင်းလျှော်ရည်) ၊ ပရုတ်လုံးဖမ်းဆီးမှုကို ရှောင်ကြဉ်ရပါမယ်။ ယင်းသို့ ဖမ်းဆီးမယ်ဆိုလျှင် လအနည်းငယ်အတွင်း ငါးသေတတ်ပါတယ်။
လယ်ယာစီးပွားဂျာနယ်မှ ပြန်လည်ကောက်နှုတ်ဖော်ပြပါသည်။