တရုတ်နယ်စပ်က ခြားနားလာတဲ့ လူမှုဘဝများ (၁)

27/03/2023 11:00 AM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

တရုတ်နိုင်ငံ ရွှေလီမြို့နယ်ထဲက  ဖုန်တလုံးလုံးထနေတဲ့ ဖရဲခင်းထဲမှာ တောင်သူတစ်ယောက် ပေါက်ပြားကို မှီထောက်ရပ်နေရင်း တောင်စူးစူးဆီ လှမ်းမျှော်ကြည့်နေပါတယ်။ နယ်စပ်ရဲ့ ဟိုဘက်ခြမ်း မြန်မာနိုင်ငံဘက်က ကြက်မ ကတော်သံအော်သံတွေကို သူ အတိုင်းသား ကြားနေရပါတယ်။ အရင်ကတော့ သူမွေးဖွားခဲ့ရာလည်းဖြစ်၊ သူ့မိသားစုနဲ့ လယ်ယာမြေတွေလည်း ရှိနေဆဲဖြစ်တဲ့ မြန်မာနိုင်ငံကို ဒီဘက်ခြမ်းကနေ အလွမ်းပြေ လှမ်းကြည့်လို့ရခဲ့ပါတယ်။

ယခုတော့ နယ်စပ်ခြံစည်းရိုး စတီးလ်တံတိုင်းကြီးက သူ့မြင်ကွင်းကို ပိတ်ဆီးကာရံထားပါတယ်။ 

တံတိုင်းအပေါ်မှာလည်း သံဆူးကြိုးတွေ၊ ကင်မရာတွေအပြင် မှောင်ခိုဝင်ရောက်သူတွေ တံတိုင်းအနီး ကပ်မလာရဲအောင် သတိပေးချက် စူးစူးဝါးဝါး ထထအော်မြည်တတ်တဲ့ လော့စပီကာတွေလည်း တပ်ဆင်ထားပါသေးတယ်။

တရုတ်နိုင်ငံဟာ အရှေ့တောင်အာရှနဲ့ ကီလိုမီတာ ၅၀၀၀ (မိုင် ၃၁၀၀) နယ်နိမိတ်ထိစပ်နေပြီး နယ်စပ်မျဉ်းဟာ ဗီယက်နမ်ကနေ မြန်မာအထိ တကြောတည်း ဆက်စပ်နေပါတယ် (မြေပုံတွင်ရှု)။

၂၀၂၀ ခုနှစ်က ကောက်ခံခဲ့တဲ့ သန်းခေါင်စာရင်းအရ တရုတ်ဘက်ခြမ်း အဲဒီနယ်စပ်တစ်ကြောမှာ လူဦးရေ ၈ ဒသမ ၈ သန်းလောက် မှီတင်းနေထိုင်ကြတယ်လို့ သိရပါတယ်။ ဒီနယ်စပ်ကနေ နှစ်စဉ် ဒေါ်လာဘီလျံပေါင်းများစွာ တန်ဖိုးရှိတဲ့ ကုန်ပစ္စည်းတွေ စီးဆင်းနေပါတယ်။ အများစုက တရားဝင် ဖြစ်ပေမယ့် တချို့ကလည်း တရားမဝင်ပါဘူး။ ဒီနယ်စပ်မှာ နေထိုင်တဲ့ ဟိုဘက်နိုင်ငံ ဒီဘက်နိုင်ငံက လူတွေဟာ များသောအားဖြင့် လူမျိုးစုချင်း တူညီကြပြီး မကြာသေးခင်အချိန်ကာလကအထိ အစိုးရထိန်းချုပ်မှု သိပ်မခံရဘဲ အလွယ်တကူ ကူးလူးဆက်ဆံ ရောင်းဝယ်ဖောက်ကား  နိုင်ခဲ့ကြပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ သုံးနှစ်တာကာလအတွင်း အဆိုပါနယ်စပ်က လူမှုဘဝတွေ အရင်လိုမဟုတ်ဘဲ ပြောင်းလဲလာရပါတယ်။ ကိုဗစ်ကပ်ရောဂါ ဖြစ်လိုက်တဲ့အခါ တရုတ်နိုင်ငံအနှံ့အပြားမှာ လူသွားလူလာကန့်သတ်ရေး အတားအဆီးဘာရီယာတွေ အလျှိုအလျှို ပေါ်လာခဲ့ပါတယ်။ အများစုက လူတွေ အိမ်ထဲက အိမ်ပြင်မထွက်‌အောင်၊ ဗိုင်းရပ်စ်ပိုး မပျံ့စေအောင် ပြုလုပ်ထားတဲ့ ယာယီအတားအဆီး တွေပါ။ ဒီလိုပဲ နယ်စပ်မှာလည်း ကိုဗစ်ရောဂါ ဝင်မလာအောင် ရည်ရွယ်ပြီး ခြံစည်းရိုးနဲ့ ဘာရီယာတွေ ပေါင်းစပ်ကာ နယ်စပ်တံတိုင်းကြီးကို တည်ဆောက်ခဲ့ပါတယ်။ တံတိုင်းရဲ့ တစ်စိတ်တစ်ဒေသကတော့ ကပ်ရောဂါမတိုင်ခင်ကတည်း စဆောက်နှင့်ပြီးသားပါ။ အခုတော့ “တံတိုင်းက တော်တော်လေး ပြီးသွားပြီ” လို့ ရှန်ဟိုင်းမြို့ East China Normal University က Hu Zhiding က ပြောပါတယ်။ ယခုတော့ တရုတ်အာဏာပိုင်တွေက ဒီနယ်စပ်တံတိုင်းကို မှောင်ခိုနဲ့ အခြားတရားမဝင်ကိစ္စတွေ တားဆီးရေးနည်းလမ်းတစ်ခုအဖြစ် ရှုမြင်လာကြပါပြီ။ တချိန်က တရုတ်ရဲ့ ယိုပေါက်အများဖြစ်ခဲ့တဲ့နယ်စပ်ဟာ ယခုတော့ နိုင်ငံရဲ့ အတင်းကျပ်ဆုံးနယ်စပ်တွေထဲကတစ်ခု ဖြစ်လာပါပြီ။

အဲဒီတရုတ်တောင်ပိုင်းနယ်စပ်ဒေသတွေဟာ ဟိုတစ်ချိန်တုန်းက နယ်မြေကြမ်းလွန်းလို့ ကျော်ဇောခဲ့ဖူးပါတယ်။ တရုတ်နဲ့ မြန်မာ၊ လာအို၊ ဗီယက်နမ်တို့ကြား ပိုင်းခြားထားတဲ့ တောတွေ၊ တောင်တွေ၊ မြစ်ချောင်းတွေကြား မှီတင်းနေထိုင်သူ ဒေသခံတွေဟာ “အုပ်ချုပ်မင်းလုပ် မခံခြင်းအနုပညာ” မှာ ပါရဂူတွေဖြစ်ကြတယ်ဆိုပြီး သမိုင်းပညာရှင်တစ်ယောက်က အမွှမ်းတင်ဖူးပါတယ်။ ရောဂါထူပြောတာ နယ်မြေကြမ်းတာတွေကြောင့် အုပ်ချုပ်မင်းလုပ်သူအဆက်ဆက်ဟာ ဒီဒေသကို ဘယ်သောအခါကမှ အပြည့်အဝ မထိန်းချုပ်နိုင်ခဲ့ကြပါဘူး။ ဒါကြောင့် လက်စွဲတော်ဒေသခေါင်းဆောင်တွေကို သုံးပြီး သစ်မရခင်စပ်ကြား ဝါးဖောင်ကွပ်ကာ အုပ်ချုပ်ခဲ့ရပါတယ်။ အဲဒီဒေသမှာ တရုတ်ဧကရာဇ်တွေရဲ့ အာဏာစက် ဘယ်အထိ သက်ရောက်ခဲ့တယ်ဆိုတာတော့ အတိအကျမသိရပါဘူး။ ဘာပဲဖြစ်ဖြစ် အုပ်ချုပ်သူတွေဟာ ဒီဒေသကို ရတဲ့နည်းနဲ့တော့ အသုံးချခဲ့ကြပါတယ်။ မင်းပြစ်မင်းဒဏ်သင့်တဲ့ အမှုထမ်းတွေကို ဒီဒေသဆီ နယ်နှင်လွှတ်လေ့ရှိပြီး အများစုဟာ ငှက်ဖျားမိပြီး သေဆုံးကြရပါတယ်။

၁၉ ရာစုနှောင်းပိုင်းမှာတော့ သြဇာဆုတ်ယုတ်လာတဲ့ ချင်းမင်းဆက်နဲ့ ဥရောပကိုလိုနီအရာရှိတွေ  ညှိနှိုင်းပြီး အဲဒီအချိန်က ဗမာပြည်နဲ့ အင်ဒိုချိုင်းနားကိုလိုနီ‌ဒေသ တို့ကြား နယ်နိမိတ်အမှတ်အသားတချို့ စိုက်ထူခဲ့ကြပါတယ်။ ဒေသခံတွေကတော့ ဒီအမှတ်အသားတွေကို လျစ်လျှူရှုခဲ့ကြဖို့ များပါတယ်။ နောက် ဆယ်စုနှစ်အနည်းငယ်အကြာ ချင်းမင်းဆက် ပျက်သုဉ်း အပြီး တရုတ်နိုင်ငံလည်း ကစဉ့်ကလျားအခြေအနေ ရောက်သွားခဲ့ပါတယ်။  နယ်စပ်ဒေသမှာလည်း ပြောစမှတ်တွင်စရာ ဖြစ်ရပ်အဖုံဖုံ တွေ့ကြုံလာရပါတယ်။ ၁၉၄၀ ပြည့်လွန်နှစ်တွေအတွင်း အမေရိကန်လေသူရဲတွေက အဲဒီနယ်စပ်ကနေ ဖြတ်ကျော်ဝင်ရောက်ကာ တရုတ်နိုင်ငံထဲကို ကျူးကျော်ထားကြတဲ့ ဂျပန် လေယာဉ်မှူးတွေနဲ့ တိုက်ခိုက်ခဲ့ကြဖူးတယ်။ အဲဒီနောက် နှစ်အနည်းငယ်ကြာတော့လည်း တရုတ်ပြည်တွင်းစစ်မှာ ကွန်မြူနစ်ပါတီကို ရှုံးနိမ့်ခဲ့တဲ့ ကူမင်တန်ခေါင်းဆောင်အချို့က နယ်စပ်ကို ဖြတ်ကျော်ပြီး မြန်မာပြည်အတွင်း ဝင်ရောက်လာပါတယ်။ နောက်ဆုံးတော့ မြန်မာပြည်မြောက်ပိုင်းမှာ ဘိန်းကုန်သည်တွေ စစ်ဘုရင်တွေအဖြစ် ဘဝသစ်ကို စတင်ခဲ့ကြပါတယ်။

နယ်စပ်ဖြတ်ကျော်ရေး လွယ်ကူခဲ့စဉ်က

၂၀၀၉ ခုနှစ်ရောက်တော့မှ တရုတ်နဲ့ ဗီယက်နမ်ကြား ကာလရှည်အငြင်းပွားလာခဲ့တဲ့ နယ်နိမိတ်သတ်မှတ်ရေးကိစ္စ နှစ်ဖက်သဘောတူညီမှုရပြီး တရုတ်နဲ့ အရှေ့တောင်အာရှကြား နယ်နိမိတ်မျဉ်းကို အပြီးသတ် ရေးဆွဲနိုင်ခဲ့ပါတယ်။ နယ်နိမိတ် သတ်သတ်မှတ်မှတ် ရှိလာတဲ့နောက်မှာတောင် လက်တွေ့မြေပြင်မှာကတော့ ရှုပ်ရှုပ်ထွေးထွေးဖြစ်နေဆဲပါ။ တရုတ်နယ်စပ်အရာရှိတွေက တရားဝင်နယ်စပ်ဂိတ်တွေမှာ ပစ်စပို့တွေ စစ်၊ အခွန်တွေကောက် လုပ်တယ်။ နယ်ခြားစောင့်ရဲတွေကလည်း အမှုအခင်းများတဲ့ဧရိယာတွေကို ကင်းပတ်လှည့်နေတယ်။ ဒီကြားထဲကပဲ အဲဒီနယ်စပ်တွေမှာ၊ အထူးသဖြင့် မြန်မာနိုင်ငံနဲ့ နယ်စပ်တစ်လျှောက်မှာ တရားမဝင်ဖြတ်ကျော်မှုကို ဒေသခံတွေ တောက်လျှောက်အသုံးပြုလာခဲ့တာပါ။ တစ်နေ့အတွင်း ဟိုဘက်နိုင်ငံကနေ ဒီဘက်နိုင်ငံကို လယ်သွားလုပ်တာ၊ စက်ရုံဆင်းတာ၊ အပေါင်းအသင်းနဲ့သွားတွေ့တာ စတဲ့ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ အခေါက်ခေါက် ကူးချည်သန်းချည် လုပ်လာခဲ့ကြပါတယ်။

ဒီအပေါ် တရုတ်အစိုးရရဲ့ စိုးရိမ်မှု တဖြည်းဖြည်း မြင့်တက်လာခဲ့ပါတယ်။ ဘိန်းဖြူ၊ သစ်နက်မွှေး၊ ‌ဆံပင်ကျွတ် လို မှောင်ခိုကုန်ပစ္စည်းတွေ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်နေပါတယ်။ တရုတ်နိုင်ငံသားတွေ မြန်မာနိုင်ငံဘက်ခြမ်းမှာ ကာစီနိုသွားဆော့တာမျိုး၊ တချို့ကလည်း ဂိုဏ်းတွေနဲ့ပေါင်းပြီး တရုတ်ဘက်လူတွေဆီ ဖုန်းဆက်ငွေညှစ်တာမျိုး လုပ်ကြပါတယ်။ ဘေဂျင်းအစိုးရက အချိန်အတိုင်းအတာတစ်ခုကြာတဲ့အထိ ဒေသခံတွေကို အားကိုးပြီး မသင်္ကာတာတွေ့ရင် သတင်းပေးဖို့ ဆော်သြခဲ့ရပါတယ်။ ရွှေလီမြို့က လမ်း‌ဘေးအုတ်နံရံတွေမှာ ဒေသခံတွေကို ဆော်ဩထားတဲ့စာတွေ ယခုအချိန်အထိ တွေ့မြင်နေရဆဲပါပဲ။

ဆက်လက်ဖော်ပြပါမည်။

ဝေယံဟိန်း (B.Ag)

Ref: How life has changed along China’s border with South-East Asia - The Economist

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်