မလွှပွင့်​ခြောက်နှင့် မရမ်းသီးကင်းသုပ်

03/02/2021 14:30 PM တွင် စုမြတ်မြတ်မိုး စုမြတ်မြတ်မိုး မှ ရေးသား

    မလွှပင်သည် မြန်မာပြည်ရှိ ဒေသတော်တော်များများတွင် ပေါက်ရောက်သော နှစ်ရှည်ခံအပင်ကြီးဖြစ်ပါသည်။ မလွှပင်မှအပွင့်သည် အဝါနုရောင်ရှိကာ မြန်မာလူမျိုးတို့သည် မလွှပွင့်ကို ကြော်စားခြင်း၊ ချက်စားခြင်း၊ သုပ်စားခြင်းအမျိုးမျိုးလုပ်ကြပါသည်။ ဆောင်းရာသီတစ်ခုလုံးမလွှပွင့်များကို ကောက်၍ အစိမ်းအတိုင်းချက်ပြုတ်ခြင်း၊ နေလှန်း၍သိမ်းထားခြင်းများပါ ပြုကြပါသည်။ ယခုအခါ ပုံမှန်သုပ်စားနေကြ မလွှပွင့်သုပ်နည်းများနှင့်မတူသော နည်းတစ်ခုကိုတင်ပြပါမည်။

လိုအပ်သော ပစ္စည်းများ

မလွှပွင့်ခြောက်အနည်းငယ်(လက်တစ်ဆုပ်)

မရမ်းသီးစိမ်း ၁၀ လုံး

ကြက်သွန်နီဥကြီး ၁ လုံး

ကြက်သွန်ဖြူဆီချက် အနည်းငယ်

မြေပဲဆံအမှုန့် အနည်းငယ်

ပုစွန်​ခြောက်အနည်းငယ်

ငံပြာရည်

ငရုတ်သီးစိမ်းအနည်းငယ်

အချိုမှုန့်အနည်းငယ်တို့ဖြစ်ပါသည်။

    ဦးစွာ မလွှပွင့်အစိမ်းများကို ကောက်ယူပီး ဝတ်ဆံဖယ်ကာ နေလှန်းပါ။ ခြောက်သွေ့သွားသောမလွှပွင့်ခြောက်များကို ရေနွေးပူပူတွင် (၁၅) မိနစ်ခန့်စိမ်ပါ။ ထို့နောက် ရေနွေးနှင့်ပင် နှစ်ကြိမ်ခန့်ထပ်ဆေးပါ။ ထိုသို့လုပ်ခြင်းသည်မလွှပွင့်၏ အခါးဓာတ်များလျော့ပါးစေရန်ဖြစ်ပါသည်။ ထို့နောက် ရေညှစ်ကာ ပါးပါးလှီးထားပါ။ မရမ်းသီးကင်းများကို ထက်ခြမ်းခွဲကာ အစေ့ဖယ်ပါ။ ပါးပါးလေးများလှီးကာ ရေဆေးပြီးစစ်ထားပါ။ ကြက်သွန်နီကိုပါးပါးလှီးထားပါ။ ထို့နောက် မြေပဲကိုထောင်းပါ။ အဆင်သင့်ဖြစ်ပါက မလွှပွင့်ခြောက်၊ မရမ်းသီး၊ ကြက်သွန်နီ၊ ဆီချက်၊ ပုစွန်ခြောက်၊ မြေပဲဆံ၊ ငံပြာရည်၊ အချိုမှုန့်၊ ငရုတ်သီးစိမ်းတို့ထည့်ကာ ရောနယ်လျှင် အရသာရှိကာ ထမင်းမြိန်စေသော မလွှပွင့်ခြောက် မရမ်းသီးသုပ်ကို ရမည်ဖြစ်ပါသည်။ မရမ်းသီးများ လှိုင်လှိုင်ပေါချိန်တွင် စုဆောင်းထားသော မလွှပွင့်ခြောက်နှင့်ရောကာ သုပ်စားနိုင်ပြီး သာမန်ရိုးကျမလွှပွင့်သုပ်နှင့်မတူဘဲ အရသာအသစ်ကို ရေနွေးကြမ်းပူပူနှင့်တွဲဖက်ကာ စားသုံးနိုင်မည်ဖြစ်ပါသည်။

    မလွှပွင့်၏ ခါးသက်သောအရသာကို မရမ်းသီးကထိန်းပေးသကဲ့သို့ မရမ်းသီး၏ အချဥ်ကိုလည်း ပုစွန်ခြောက်နှင့် မြေပဲဆံကထိန်းသဖြင့် လူကြီးလူငယ်မရွေးစားနိုင်ပြီး ကုန်ကျစရိတ်သက်သာသော ရာသီစာတစ်ခုကို ဆန်းသစ်တီထွင်ပြီး ငွေကိုခြွေတာနိုင်မည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်