မြေပဲခွံကို စိုက်ခင်းမှာပြန်အသုံးပြုရင် ရမယ့်ကောင်းကျိုးများ

05/06/2024 16:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

မြေပဲတောင့်တွေကို အခွံချွတ်လိုက်ပြီးတဲ့နောက် ကျန်ရှိခဲ့တဲ့ မြေပဲအခွံတွေကို စွန့်ပစ်ခြင်းမပြုဘဲ အကျိုးရှိရှိနဲ့ ​ပြန်လည်အသုံးပြုလို့ရပါတယ်။ မိမိစိုက်ခင်းရဲ့ မြေဆီလွှာကျန်းမာရေးနဲ့ အပင်ကြီးထွားမှုကို တိုးတက်စေရန်အတွက် ရေရှည်တည်တံ့ပြီး ကုန်ကျစရိတ်သက်သာသောနည်းလမ်းကို ရှာဖွေနေပါက မြေပဲခွံများကိုအသုံးပြုခြင်းဟာ သင့်​တော်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ မြေပဲအခွံတွေဟာ မြေဆီလွှာ ဖွဲ့စည်းတည်ဆောက်မှု မြှင့်တင်ပေးခြင်း၊ အာဟာရဓာတ် ပေါင်းထည့်ပေးခြင်းနဲ့ ပေါင်းပင်ကြီးထွားမှုကို လျှော့ချပေးခြင်း စတဲ့ အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်တာဖြစ်ပါတယ်။ ထို့ကြောင့် စွန့်ပစ်မြေပဲခွံများကို ဘယ်လိုပုံစံနဲ့ ဥယျာဥ်စိုက်ခင်းတွေမှာ ပြန်လည်အသုံးပြုသင့်တယ်ဆိုတာရယ် ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေရယ်ကို ယခုဆောင်းပါးမှာ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။  

မြေပဲခွံတွေကိုအသုံးပြုရင် ရရှိနိုင်မဲ့အကျိုးကျေးဇူးများ 

မြေပဲခွံများဟာ ဩဂဲနစ်ဓာတ် ကြွယ်ဝသော အရင်းအမြစ်တစ်ခုဖြစ်ပြီး မြေဆီလွှာရဲ့ လေဝင်လေထွက်နဲ့ ရေထိန်းစွမ်းအားကို ထိန်းထားခြင်းဖြင့် မြေဆီလွှာရဲ့ ဖွဲ့စည်းတည်ဆောက်မှုကို ပိုမိုကောင်းမွန်အောင် ပြုပြင်ပေးနိုင်တာ ဖြစ်ပါတယ်။ မြေပဲခွံများဟာ ၎င်းတို့ရဲ့ ကာဗွန်ပါဝင်မှု မြင့်မားခြင်းကြောင့် မြေဆီဩဇာကို မြှင့်တင်ပေးနိုင်တယ်လို့ ဆိုပါတယ်။ မြေပဲခွံများမှာ နိုက်ထရိုဂျင်၊ ဖော့စဖောရပ်စ်နဲ့ ပိုတက်စီယမ် ကဲ့သို့ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်များလည်း ပါ၀င်နေတာကြောင့် အပင်ကြီးထွားဖွံ့ဖြိုးမှုအတွက် အကျိုးပြုနိုင်ပါတယ်။ 

မြေပဲခွံများကို မြေဖုံးပစ္စည်းအနေနဲ့ အသုံးပြုခြင်းဖြင့် ပေါင်းပင်များကြီးထွားမှုကို ကာကွယ်ပေးနိုင်ပြီး ပေါင်းသတ်ဆေးလိုအပ်မှုကို လျှော့ချပေးနိုင်ပါတယ်။ မြေပဲခွံတွေဟာ ပေါင်းပင်တွေအတွက် အတားအဆီးတစ်ခုအဖြစ် လုပ်ဆောင်ပေးပြီး မိမိ စိုက်ပျိုးထားတဲ့အပင်များနဲ့ သဘာဝ အရင်းအမြစ်များအတွက် ပြိုင်ဆိုင်မှုကိုလည်း တားဆီးကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ မြေပဲခွံများဟာ မြေဆီလွှာအတွင်း အစိုဓာတ်ကိုလည်း ထိန်းသိမ်းနိုင်စွမ်းရှိပြီး မကြာခဏ ရေလောင်းရန်လိုအပ်မှုကို လျှော့ချပေးနိုင်ပါတယ်။ ထို့ကြောင့် ပူပြင်းခြောက်သွေ့သော ရာသီဥတုရှိတဲ့ ဒေသများ သို့မဟုတ် အထူးသဖြင့် နွေရာသီလများမှာဆိုရင် ပိုမိုအကျိုးရှိစေနိုင်ပါတယ်။ 

အသုံးပြုနည်း

မြေပဲခွံကို အလွယ်တကူနဲ့ ချက်ချင်းအသုံးပြုနိုင်တဲ့ ပုံစံကတော့ မြေဖုံးပစ္စည်းအဖြစ် စိုက်ခင်းနဲ့အပင်တွေမှာ အသုံးပြုခြင်းဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ ချိတ်ဆွဲပြီးစိုက်ပျိုးရတဲ့ အလှစိုက်ပန်းပင်တွေမှာ မြေပဲခွံတွေကို မှုန့်ညက်အောင် ကြိတ်ချေပြီးထည့်ပေးလို့ရပါတယ်။ နောက်ထပ်တစ်နည်းကတော့ မြေဆွေးပြုလုပ်ရာမှာ ထည့်သွင်းအသုံးပြုခြင်းဖြစ်ပါတယ်။

မြေဆွေးအသုံးပြုခြင်းဟာ မြေဆီလွှာရဲ့အစိုဓာတ်ကိုတိုးစေပြီး မြေဆီလွှာရှိ အကျိုးပြုဘက်တီးရီးယားနဲ့ မှိုများရဲ့ကြီးထွားမှုကို အားပေးနိုင်ပါတယ်။ ထို့အပြင် အပင်ကိုကျန်းမာသန်စွမ်းစေပြီး အပင်ရောဂါများနဲ့ ပိုးမွှားများကို တိုက်ဖျက်ရာမှာလည်း ကူညီပေးနိုင်ကာ အလုံးစုံရေရှည်တည်တံ့မှုကို အားပေးနိုင်ပါတယ်။ မြေဆွေးပြုလုပ်ရာမှာ အညိုရောင်ပစ္စည်းတွေ (သစ်ရွက်​ခြောက်၊ ကောက်ရိုး၊ သစ်ကိုင်းခြောက်၊ စက္ကူ) နဲ့ အစိမ်းရောင်ပစ္စည်းတွေ (မြက်ပင်၊ တိရစ္ဆာန်စွန့်ပစ်ပစ္စည်း၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံအကြွင်းအကျန်)  ကို အချိုးကျ ထည့်ပေးရပါတယ်။ မြေပဲခွံဟာ အဖိုးတန်သော "အညိုရောင်" ပါဝင်ပစ္စည်းအနေနဲ့ လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။ မြေပဲခွံမှာပါရှိသော ကာဗွန်ဟာ မြေဆွေးကိုဖြိုခွဲရာမှာ ကူညီပေးနိုင်သော အဏုဇီဝသက်ရှိများအတွက် အဖိုးတန် စွမ်းအင်ရင်းမြစ်တစ်ခုအဖြစ် လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။ 

မြေပဲခွံကို မြေဆွေးပြုလုပ်ရာမှာ အသုံးပြုမယ်ဆိုရင် ပထမဆုံးသတိပြုရမှာက ရောဂါကျရောက်ခဲ့တဲ့အပင်က မြေပဲခွံတွေကို အသုံးမပြုမိဖို့ ဖြစ်ပါတယ်။ ရောဂါဝင်ရောက်ပြီး မြေဆွေးပုံတစ်ခုလုံး ပျက်စီးသွားနိုင်တာကြောင့်ပါ။ နောက်တစ်ဆင့်ကတော့ မြေပဲခွံတွေကို သူ့နဂို မူရင်းပုံစံအတိုင်း ထည့်သွင်းတာထက် ကြေမွသွားအောင် ချေပေးသင့်ပါတယ်။ သို့မှသာ မြန်မြန်ဆွေးမြည့်ပြီး အသုံးပြုလို့ရမှာဖြစ်ပါတယ်။ ထို့နောက် ကြေမွသွားတဲ့ ​မြေပဲခွံတွေကို ရေထဲမှာ အနည်းဆုံး ၁၂ နာရီကြာအောင် စိမ်ပေးရမှာဖြစ်ပါတယ်။ ထို့နောက် ရေစိမ်ထားတဲ့ မြေပဲခွံများကို မြေဆွေးပုံထဲ ထည့်သွင်းအသုံးပြုလိုသော အခြား "အညိုရောင်" ပစ္စည်းများထဲသို့ ပေါင်းထည့်ကာ မြေဆွေးပြုလုပ်ရာမှာ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ 

မြေပဲခွံများဟာ အစိုဓာတ်များနေတဲ့ မြေဆွေးပုံများကို ဟန်ချက်ညီအောင် ဆောင်ကြဉ်းပေးနိုင်ပါတယ်။ ထို့အပြင် ၎င်းတို့ရဲ့ ကာဗွန်ပါဝင်မှုဟာ မြေဆွေးအဏုဇီဝသက်ရှိများအတွက် အကျိုးရှိစေပြီး မြေဆွေးပုံရဲ့အရည်အသွေးကိုလည်း မြှင့်တင်ပေးနိုင်မှာ ​ဖြစ်ပါတယ်။ မြေဆွေးပုံတစ်ခုမှာ အော်ဂဲနစ်ပစ္စည်းများကို ထိထိရောက်ရောက် ဖြိုခွဲရန်အတွက် ကျန်းမာတဲ့အဏုဇီဝအသိုက်အဝန်းတစ်ခု မရှိမဖြစ်လိုအပ်ပါတယ်။ ​မြေပဲခွံအသုံးပြုရမှာ သတိပြုရမဲ့အချက်ကတော့ ဆားနဲ့လှော်ထား (စိမ်ထား) တဲ့ မြေပဲခွံများကို အသုံးမပြုမိဖို့ဘဲ ဖြစ်ပါတယ်။

မြေဆွေးပုံပြုလုပ်နည်းနဲ့ အသုံးပြုလို့ရတဲ့ ပစ္စည်းတွေအကြောင်းကိုတော့ "မြေဆွေး အမြန်ဖန်တီးနိုင်မယ့် လျှို့ဝှက်ချက် ၃ ခု" နဲ့ "မြေဆွေးပြုလုပ်တဲ့အခါ ဘာတွေထည့်ရမလဲ" ဆိုတဲ့ဆောင်းပါးတွေမှာဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်