ကင်ညာနိုင်ငံအနောက်ပိုင်းက ဆန်စပါးတောင်သူ Rose Nekesa ရဲ့ စပါးခင်းထဲကို အစားအသောက် ပက်စက်လှတဲ့ ကွယ်လီယာငှက် (နှုတ်သီးအနီရောင်ရှိ စာကလေးငှက်တစ်မျိုး) ဧရာမအုပ်လိုက်ကြီးတွေ ကျူးကျော်ဝင်ရောက်ဖျက်ဆီးခဲ့ပါတယ်။
ကီဆူမူမြို့ အနီးတဝိုက်က သူမလိုမျိုး တောင်သူလယ်သမား ထောင်ပေါင်းများစွာတို့ဟာ ဒီရာသီမှာ သီးနှံ အထွက် ငါးနှစ်အတွင်း အနိမ့်ဆုံးထိ ကျရောက်သွားမှာကို စိုးရိမ်နေကြရပါတယ်။
"တစ်နေကုန် စာတွေကို အော်ဟစ်မောင်းထုတ်နေရတာ အသံတောင် ဝင်တယ်။ ဒီငှက်တွေက ဘာကိုမှ အကြောက်အရွံ့မရှိကြဘူး" လို့ သူမက လက်တစ်ဖက်မှာ ရွှံ့ခဲတုံး၊ တစ်ဖက်မှာ တုတ်တစ်ချောင်းကို ကိုင်ထားရင်း ပြောပြပါတယ်။
"သူတို့က လူတွေကို ယဉ်နေပြီ။ ဘာနဲ့ပစ်ခြောက်ခြောက် မကြောက်တော့ဘူး"
သူမက ငှက်တွေ စပါးခင်းကနေ အဝေးကို ထွက်ပြေးသွားအောင် ရွှံ့ခဲလုံးတွေနဲ့ ပစ်ပေါက်ခြောက်လှန့်နေတာပါ။ လူက ပိန်ပိန်ပါးပါး ဖျတ်ဖျတ်လတ်လတ်နဲ့ ငှက်အုပ်တွေ ကျလာတိုင်း စပါးခင်းအနှံ့ ဟိုဟိုသည်သည် ပြေးလွှားခြောက်လှန့်နေပါတော့တယ်။
"အခင်းမှာ စာတွေမကျဘူးဆိုရင် အလုပ်ကို တစ်ယောက်တည်းနဲ့ နိုင်တယ်။ အခုတော့ လူပို လေးယောက်လောက်ပါမှ ရတယ်။ စရိတ်စက အတော်ကုန်တာပဲ။ အစိုးရအနေနဲ့ တစ်ခုခု လုပ်ပေးဖို့ တောင်းပန်ပါတယ်။ ကျွန်မတို့မှာ ဝင်ငွေရစရာဆိုလို့ ဒီစပါးခင်းပဲ ရှိတာပါ" လို့ သူမ ပြောပါတယ်။
တစ်ပိုင်တစ်နိုင်တောင်သူ နောက်တစ်ဦးဖြစ်တဲ့ Lawrence Odanga ဟာလည်း ကမ္ဘာ့ငှက်တွေအနက် ကောင်ရေအသိပ်သည်းဆုံးဖြစ်တဲ့ ဒီငှက်အုပ်တွေရဲ့ ဒဏ်ကို ခံနေရပါတယ်။
"လာနေကြပြန်ပြီ။ ဖျက်လိုဖျက်ဆီးလုပ်ကြဦးမယ်" လို့ Lawrence က ကင်ညာစကားနဲ့ တစ်ယောက် တည်း အော်ဟစ်ပြောဆိုနေပါတယ်။
သူ့အခင်းတွေထဲ စာမဝင်အောင် စာခြောက်အလုပ်သမား ငါးယောက် ငှားရမ်းထားတာတောင် ငှက်အုပ်တွေကို ခြောက်လှန့်မောင်းထုတ်ဖို့ မတတ်နိုင်ဖြစ်နေပါတယ်။
စာခြောက်ရုပ်တွေထားတာ၊ နှဲကော်လံတွေ မှုတ်တာနဲ့ ငှက်ထောင်ခြောက်ဆင်တာ စတဲ့ နည်းလမ်းတွေအားလုံးကလည်း အလုပ်မဖြစ်ခဲ့ပါဘူး။
"ဒီငှက်တွေဟာ ကျွန်တော့်လယ် လေးဧကလုံးနီးနီးကို ဖျက်ဆီးခဲ့ကြပါတယ်။ ဒီစိုက်ခင်းတွေကနေ ဘာမှမရတော့ဘူး။ ကလေးတွေကို ကျောင်းဘယ်လို ပို့ရမလဲ မသိတော့ဘူး" လို့ သူ ညည်းညူပါတယ်။
အာဖရိကမှာ ကပ်သဖွယ် ကျရောက်လေ့ရှိတဲ့ ကန္တာရကျိုင်းကောင်တွေ နည်းတူ ဒီစာငှက်တွေဟာလည်း အာဖရိကအရှေ့ပိုင်းနဲ့ တောင်ပိုင်းမှာ အဖျက်ကောင်တွေ၊ ဂြိုဟ်ကောင်တွေအဖြစ် သတ်မှတ်ခံထားကြရတာပါ။
ဒီစာနှုတ်နီတစ်ကောင်ဟာ တစ်နေ့ကို ပျမ်းမျှအားဖြင့် စပါး ၁၀ ဂရမ် ဝန်းကျင်လောက်သာ စားသောက်နိုင်ပါတယ်။ တစ်ကောင်ချင်း စားသုံး ပမာဏက မများပေမဲ့ ငှက်အုပ်အတွင်း ကောင်ရေ နှစ်သန်းလောက်အထိ ပါနိုင်ပြီး သူတို့ စုစုပေါင်းစားသုံးပမာဏဟာ ၂၄ နာရီအတွင်း စပါးတန်ချိန် ၂၀ လောက်အထိ ရှိနိုင်ပါတယ်။
'ငှက်သတ်ဆေး ဖျန်းပက်ခြင်း'
ကုလသမဂ္ဂစားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) ခန့်မှန်းချက်အရ ၂၀၂၁ ခုနှစ်အတွင်း ငှက်တွေကြောင့် ကောက်ပဲသီးနှံပျက်စီးမှု ဒေါ်လာ သန်း ၅၀ ဖိုးအထိ ရှိခဲ့ပြီး အာဖရိကဆာဟာရတောင်ခြမ်းဒေသမှာ ဆုံးရှုံးမှု အများဆုံး ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
ကီဆူမူမြို့အနီး နောက်ဆုံးကျခဲ့တဲ့ ငှက်အုပ်တွေမှာ ကောင်ရေ ၁၀ သန်း လောက်အထိ ပါဝင်ပြီး စပါးခင်း ဧက ၃၀၀ လောက် ပျက်စီးစေခဲ့ပါတယ်။ ကောက်ပေါ်ချိန်ရောက်ရင် နောက်ထပ် စပါးခင်း ဧက ၂၀၀၀ လောက် ငှက်အန္တရာယ် ရှိနေသေးကြောင်း ကင်ညာအစိုးရက ထုတ်ပြန်ထားပါတယ်။
နိုင်ငံရဲ့ တခြားဒေသတွေမှာလည်း ငှက်တွေ ဆိုးဆိုးရွားရွား ကျရောက် ဖျက်ဆီးမှု ခံခဲ့ရပြီးပါပြီ။ ကောင်ရေ သန်းချီပါတဲ့ ငှက်အုပ်တွေဟာ နိုင်ငံတောင်ပိုင်း နာရော့ကောင်တီနယ်မြေက ဂျုံခင်းတွေထဲကို ကျရောက်ခဲ့ပြီး ခန့်မှန်းခြေ သီးနှံ ၄၀ ရာခိုင်နှုန်းကို ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။
အာဖရိကဦးချိုဒေသမှာ မိုးအကြာကြီး ခေါင်ခဲ့ပြီးနောက် စာကလေးအစာ ဖြစ်တဲ့ သဘာဝမြက်ရိုင်းပင်တွေ အစေ့အဆန် ဖြစ်ထွန်းမှုနည်းသွားတာကြောင့် ငှက်အုပ်တွေဟာ လူတွေစိုက်တဲ့ သီးနှံတွေဆီကို ကျူးကျော်လာတာ ဖြစ်နိုင်ကြောင်း ကင်ညာသိပ္ပံပညာရှင်တွေက သုံးသပ်ကြပါတယ်။
Nature Kenya သဘာဝပတ်ဝန်းကျင်အဖွဲ့က ပညာရှင် Paul Gacheru ကတော့ ရာသီဥတုဖောက်ပြန်မှုနဲ့ ဆက်စပ်တဲ့ မိုးခေါင်မှုဟာ ငှက်တွေ ကျူးကျော်ကျရောက်လာခြင်းရဲ့ အဓိကအကြောင်းရင်းခံ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။
သူက မြေယာချဲ့ထွင်အသုံးပြုလာမှုတွေကို ထောက်ပြခဲ့ပြီး အဲဒီလို စိုက်ပျိုးမြေနဲ့ လူနေထိုင်အခြေချမှုတွေ တိုးချဲ့လာတာကြောင့် သဘာဝ သစ်ပင်တွေ ပေါက်ရောက်စရာ နေရာနည်းလာကြောင်း၊ ဒီလို မြေယာအသုံးပြုမှုအပြောင်းအလဲကိုလိုက်ပြီး ငှက်တွေကလည်း ပြောင်းလဲလာတာ ဖြစ်ကြောင်း ပြောပါတယ်။
အာဖရိကတစ်ဝန်းမှာ နှံစားသီးနှံထုတ်လုပ်မှု မြင့်တက်လာတာကလည်း စားကျက်ကောင်းရာ လှည့်လည်သွားလာနေတဲ့ ဒီစာတွေအတွက် အစာရင်းမြစ် ရစေပြီး ငှက်ကောင်ရေ တိုးပွားလာစေခဲ့ပုံ ပေါ်ပါတယ်။
ဒါ့အပြင် ဒီငှက်တွေဟာ သားပေါက်မြန်ဆန်လွန်းပြီး တစ်နှစ်ကို သုံးသားလောက် ပေါက်ရာမှာ တစ်ခါပေါက်ရင် ကိုးကောင်လောက်အထိ ရှိနိုင်တာကြောင့် ကောင်ရေပွားများလာတာလည်း ဖြစ်ပါတယ်။
ရွှံ့ခဲလုံးတွေ၊ တုတ်ချောင်းတွေ၊ နှဲကော်လံတွေနဲ့ သီးနှံကို ကာကွယ်ဖို့ မစွမ်းသာတော့ချိန်မှာ အာဏာပိုင်တွေဟာ ဓာတုဆေးတွေ ပက်ဖျန်းပြီး အစုလိုက်အပြုံလိုက် သုတ်သင်တဲ့ နည်းလမ်းကို ပြောင်းလဲ ကျင့်သုံးလာရပါတယ်။
ကင်ညာအစိုးရဟာ ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံရဲ့ အကြီးဆုံး ဆန်စပါးစိုက်ပျိုးရေးစီမံချက် Mwea Irrigation Scheme ကို ဖော်ဆောင်စဉ် ကျူးကျော်ဝင်ရောက်လာခဲ့တဲ့ စာနှုတ်နီငှက်ကောင်ရေ ရှစ်သန်းခန့်ကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းကလည်း Mwea ဒေသမှာပဲ နောက်ထပ် စာငှက်ကောင်ရေ နှစ်သန်းကို သုတ်သင်ခဲ့ပါတယ်။
ဒီနှစ်မှာတော့ ကီဆူမူမြို့ အာဏာပိုင်တွေဟာ ငှက်ကောင်ရေ အနည်းဆုံး ခြောက်သန်းခန့် သုတ်သင်ဖို့ ရည်ရွယ်ပြီး ဝေဟင်ကနေ ဆေးပက်ဖျန်းမဲ့အစီအစဉ်တွေ စတင်လုပ်ဆောင်နေပါတယ်။ ဒရုန်းတွေကို အသုံးပြုပြီး ငှက်တွေ အိပ်တန်းတက်ရာနေရာကို ပစ်မှတ်ထားကာ ငှက်သတ်ဆေးတွေကို လိုက်လံဖျန်းပက်နေပါတယ်။
ကီဆူမူမြို့က စိုက်ပျိုးရေးအရာရှိ Ken Onyango ကတော့ စပါးခင်းတွေကို ကယ်တင်နိုင်ဖို့အတွက် ငှက်သတ်ဆေးကသာ တစ်ခုတည်းသော နည်းလမ်း ဖြစ်တယ်လို့ ပြောပါတယ်။
'သဘာဝပတ်ဝန်းကျင် ထိခိုက်မှု'
သူတို့ အသုံးပြုနေတဲ့ ဖန်သီယန်ဆေးဟာ နှိမ်နင်းလိုတဲ့အကောင်မဟုတ်တဲ့ အခြားသောမျိုးစိတ်တွေကိုပါ အဆိပ်သင့်စေမှုအလွန်မြင့်မားပါတယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေနဲ့ တိရစ္ဆာန်ကာကွယ်ရေးအဖွဲ့တွေက ငှက်တွေကို ဓာတုဆေးဝါးနဲ့ နှိမ်နင်းခြင်းဟာ သဘာဝပတ်ဝန်းကျင်၊ အခြားအပင်နဲ့ သက်ရှိတွေအပြင် လူ့ကျန်းမာရေးအပေါ်ကိုပါ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိစေနိုင်တယ်လို့ သတိပေးထားကြပါတယ်။
"တကယ်တော့ ငှက်တွေနဲ့ ဘယ်လိုယှဉ်တွဲနေထိုင်လို့ရနိုင်မလဲဆိုတာ စဉ်းစားရမှာပါ။ လူသားကလွဲပြီး ကျန်တာအကုန် သတ်ပစ်လို့မှမရတာ" လို့ Maseno တက္ကသိုလ်က သဘာဝပတ်ဝန်းကျင်နဲ့ ကမ္ဘာမြေ သိပ္ပံပါမောက္ခ Raphael Kapiyo က ပြောပါတယ်။
"နောက်ပြီး ငှက်တွေကို ဓာတုဆေးဝါး သုံးပြီး ထိန်းချုပ်နှိမ်နင်းတဲ့နည်းလမ်းဟာ အလွန်အမင်း အန္တရာယ်များပါတယ်"
ပါမောက္ခက ငှက်တွေကို ခြောက်လှန့်တာ၊ ထောက်ခြောက်ဆင်တာ၊ ဖမ်းယူစားသောက်တာ စတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေတဲ့ ရိုးရာနည်းလမ်းတွေကို ပိုမိုအသုံးပြုစေလိုနေတာပါ။
ဒါပေမဲ့ ဓာတုဆေးဝါးက သုံးရလွယ်ကူကြောင်း၊ အခြားနည်းလမ်းတွေ သုံးမယ်ဆိုရင် စရိတ်စက များပြီး အချိန်လည်းကုန်ကြောင်း ပါမောက္ခက ဝန်ခံထားပါတယ်။
ကီဆူမူနယ်မြေအတွင်း ငှက်နှိမ်နင်းရေး ကြီးကြပ်လုပ်ကိုင်နေသူ Mr Onyango ကတော့ ငှက်တွေ နှိမ်နင်းရာမှာ သင့်တော်တဲ့ နည်းလမ်းတွေကိုသာ အသုံးပြုနေပြီး သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့ဆီက ခွင့်ပြုချက်လည်း ရရှိထားကြောင်း ပြောပါတယ်။
"ပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှု ကြီးမားနိုင်တဲ့ကိစ္စဖြစ်တာကြောင့် အမှုမဲ့အမှတ်မဲ့ လုပ်ဆောင်ခြင်း မရှိပါဘူး" လို့ သူက ပြောပါတယ်။
သီးနှံကာကွယ်ရေးဌာန ညွှန်ကြားရေးမှူး Collins Marangu ကလည်း ငှက်တွေကို သုတ်သင် သတ်ဖြတ်တာ မလုပ်လိုပေမယ့် မလုပ်ရင်လည်း မဖြစ်တဲ့အကြောင်း ပြောပါတယ်။
"ကျွန်တော်တို့က precision agriculture လို့ ခေါ်တဲ့ အဆင့်မြင့်စိုက်ပျိုးရေးနည်းပညာနဲ့ လုပ်နေတာပါ" လို့ သူကပြောပါတယ်။
"ကျွန်တော်တို့ဟာ ညအချိန်မှာ ငှက်တွေ အိပ်တန်းတက်တဲ့နေရာတွေကို တိတိကျကျ ဆေးဖြန်းပါတယ်။ ပြီးရင် ငှက်သေတွေကို လိုက်ကောက်ပြီး မီးရှို့ပါတယ်။ ငှက်တွေ အိပ်တန်းတက်တာ သုံးနေရာရှိတဲ့အနက် နှစ်နေရာ ဖျန်းပြီးသွားပါပြီ"
ဒါပေမဲ့ ဘယ်လိုနည်းလမ်းကို အသုံးပြုပြီး နှိမ်နင်းတာဖြစ်စေ ငှက်ဖျက်ဆီးတာ ခံထားရတဲ့ တောင်သူတွေအတွက် အလာကောင်းပေမဲ့ အခါနှောင်းခဲ့ပါပြီ။ သီးနှံများစွာ စားသောက် ဖျက်ဆီးခံထားရပြီးဖြစ်တာကြောင့် စပါးအထွက်နှုန်းတွေ ထက်ဝက်ကျော်လောက် ကျဆင်းခဲ့ပါတယ်။
ကီဆူမူမြို့ အနီးက တောင်သူတွေကတော့ ငှက်တွေကြောင့် ပြဿနာ ကြုံနေရဆဲပဲလို့ ပြောပါတယ်။
ဆန်စပါးတောင်သူ Rose Nekesa ကတော့ အဆိုးဆုံးကို ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်ထားပါတယ်။ ဒီနှစ် စပါးရာသီကနေ အနည်းဆုံး အိတ် ၅၀ လောက် အထွက်ရမယ်လို့ ကနဦးက မျှော်လင့်ထားပေမဲ့ အခုတော့ အိတ် ၃၀ လောက်သာ ရတော့မယ်လို့ သူမ တွက်ဆထားပါတယ်။
"ဒီငှက်တွေ မရှိတော့အောင် အစိုးရက လုပ်ပေးတာမျိုးပဲ လိုချင်တယ်" လို့ သူမ ကြံရာမရ ပြောဆိုနေပါတယ်။
ဝေယံဟိန်း (B.Ag)
Ref: Kenyan rice farmers battle quelea birds in Kisumu - BBC
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်