ဒေသတစ်ခုချင်းစီအလိုက် မုန်တိုင်းသက်ရောက်မှုအခြေအနေများ

12/05/2023 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

Green Way-အစိမ်းရောင်လမ်းဆော့ဝဲထဲက သင့်အဖွဲ့အစည်းများဆိုတဲ့ခေါင်းစဉ်အောက်မှာ ‘မေးကြ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ ဆိုတဲ့ အဖွဲ့လေးတစ်ခုရှိပါတယ်။

အစိမ်းရောင်လမ်းအနေနဲ့ နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက်တွေကိုကိုးကားပြီး မိုးလေဝသခန့်မှန်းပေးနေသူ ဆရာဦးဝင်းနိုင်ထံ ဆက်သွယ်မေးမြန်းပြီး မိုးလေဝသခန့်မှန်းသတင်းတွေ တင်ပေးနေတယ်ဆိုပေမဲ့ တိုင်းနဲ့ပြည်နယ်အလိုက် ခြုံငုံပြီးတော့သာ တင်ဆက်ပေးနိုင်တာဖြစ်ပြီး ဒေသတစ်ခုချင်းစီအလိုက် အသေးစိတ်ကိုတော့ ပြောဖို့ မလွယ်ပါဘူး။

ဒါကိုဖြေရှင်းနိုင်ဖို့ ဒီ ‘မေးကြ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ ဆိုတဲ့ အဖွဲ့ကို ဖန်တီးထားတာဖြစ်ပြီး ဒီထဲမှာ တော့ အဖွဲ့ဝင်တွေက မိမိတို့ဒေသတစ်ခုချင်းစီရဲ့အသေးစိတ်အခြေအနေတွေကို ဆရာဦးဝင်းနိုင်ထံ အခမဲ့ မေးမြန်းနိုင်မှာဖြစ်ပါတယ်။

အခုကတော့ နောက်ဆုံးမေးထားတဲ့ မေးခွန်းအချို့နဲ့ ဆရာပြန်ဖြေပေးထားတာတွေကို ဖော်ပြပေးလိုက်ပါတယ်။

မေး (ကိုပြည့်) - မကွေးတိုင်း နတ်မောက်မြို့နယ်ရဲ့ Update သတင်းလေးသိချင်လို့ပါ။

ဖြေ (ဆရာဦးဝင်းနိုင်) - ၁၂ - ၁၅ ရက်အထိ မိုးသက်လေပြင်းတွေကျနိုင်ပါမယ်။ ၁၄ ရက်နဲ့ ၁၅ ရက်တွေမှာတော့ လေအပြင်းဆုံး တစ်နာရီ မိုင်၄၀ ကျော်အထိတိုက်နိုင်ပါမယ်။

မေး (Yu Nandar Khine) - ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရဲ့ မုန်တိုင်းအခြေအနေလေးသိချင်လို့ပါ။

ဖြေ  (ဆရာဦးဝင်းနိုင်) - သန်လျင်က မုန်တိုင်းဝင်မှာ မဟုတ်ပါဘူး။ စစ်တွေဘက်ကို ဝင်မဲ့ မုန်တိုင်းအဖျားခတ်မှာပါ။ ဒီအချက်ကို ကောင်းကောင်းနားလည်ဖို့ လိုပါမယ်။ ခန့်မှန်းချက်အနေနဲ့တော့ ၁၂ ရက်နေ့ မနက်ပိုင်းကစပြီး ၃ ရက်ဆက်တိုက် မိုးရွာနိုင်ပါတယ်။ နေရာကွက်ပြီး မိုးများနိုင်ပါတယ်။ ၁၃ ရက်နေ့ မနက် မုန်တိုင်းစစ်တွေကို ချဉ်းကပ်ချိန်က စပြီး ၁၄ ရက်နေ့ ကမ်းခြေကို ဝင်ချိန်အထိ လေပြင်းပြီး မိုးများလာနိုင်ပါမယ်။ လေပြင်းကျချိန် တစ်နာရီကို မိုင် ၂၀ မှ ၄၀ အထိ တိုက်နိုင်ပါမယ်။

မေး (Pyae Phyo Aung) - မန္တလေးမြို့မှာ မုန်တိုင်းကြောင့် ဘယ်လိုရာသီဥတုမျိုးတွေ့ရမလဲ။ လေကရော အရမ်းတိုက်မှာလားဆရာ။

ဖြေ ( ဆရာဦးဝင်းနိုင်) - မုန်တိုင်းကုန်းတွင်း ဝင်ပြီးတဲ့အခါ မန္တလေးရဲ့ မြောက်ဘက် တကောင်းလောက်မှ ကုန်းတွင်းမုန်တိုင်းအဖြစ် အရှေ့မြောက်ဘက်ကို ဆက်ပြီးရွေ့လျားမယ်လို့ ခန့်မှန်းထားပါတယ်။ မေလ ၁၂ ရက်ကစပြီး ၁၆ ရက်နေ့အထိ မိုးရွာလေပြင်းတိုက်တာတွေဖြစ်နိုင်ပါမယ်။ မိုးရေချိန် တော်တော်များများရွာနိုင်ပြီး မေလ ၁၅ ရက်နေ့ လေပြင်းတိုက်ချိန်မှာတော့ တစ်နာရီ မိုင် ၃၀ မှ ၆၀ ခန့်အထိ တိုက်နိုင်ပါမယ်။

မေး (Helia)  - ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွက် အခြေအနေလေး မုန်တိုင်းအဖျားခတ်မလား သိချင်လို့ပါဆရာ။

ဖြေ (ဆရာဦးဝင်းနိုင်) -  ရန်ကုန်တိုင်းမြောက်ပိုင်း မှော်ဘီ၊ တိုက်ကြီးရဲ့ အထက်၊ ပဲခူးတိုင်းအရှေ့ ခြမ်း၊ ဧရာဝတီကတော့ ဖျာပုံရဲ့အထက် အဖျားခတ်မဲ့အနေထားတွက်ကြည့်တယ်။ မုန်တိုင်းအရွယ်အစားကြီးပြီးတော့ လေတိုက်အားပြင်းလာတယ်။ အခုနောက်ဆုံးကြည့်ထားတဲ့ GDACSက CAT - 4  အထိတောင်ရောက်မယ်လို့တွေ့တဲ့အခါကျတော့ ဒီမုန်တိုင်းတကယ်ဖြစ်လာလို့ရှိရင် အဖျားခတ်တာလွတ်မဲ့နေရာတွေမှာတောင် လေတိုက်နှုန်းက မိုင်၄၀ အောက်ကျမှာ မဟုတ်ဘူး။ လှိုင်းကတော့  ၃ - ၄ ပေလောက်ပဲ။ ဧရာဝတီတိုင်းထဲမှာရှိတဲ့ ပုသိမ်၊ မြောင်းမြ၊ ဟင်္သာတက မုန်တိုင်းအဖျားခတ်တဲ့အထဲပါတာပေါ့။ ငွေဆောင်ရဲ့ အနောက်ဘက်တည့်တည့်ရှိနေတာကိုး။ ပုသိမ်က ကမ်းခြေနဲ့နီးတယ်။ ကြားထဲမှာ ရိုးမတောင်တန်း ခံတော့ခံနေတယ်။ ငဝန်မြစ်ထဲ ရေတက်နိုင်တဲ့ အနေအထားလည်းပိုများမယ်။

(lin lin aung ko) - စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့အခြေအနေလေးသိချင်လို့ပါ။

ဖြေ (ဆရာဦးဝင်းနိုင်) - ကလေးက ၁၃ ရက်နေ့ကစပြီး ၁၅ ရက်နေ့ထိ မိုးအရမ်းများမယ်။ ၅ လက်မ_ ၆ လက်မလောက်အထိ မိုးပြင်းထန်ပြီးတော့ကို ရွာမယ်။ လေတိုက်နှုန်းကတော့ ၁၄ ရက်နေ့ညရယ်၊ ၁၅ ရက်နေ့ မနက် ၉ နာရီလောက်ထိလေပြင်းကျမယ်။ သူက မုန်တိုင်းသွားမဲ့လမ်းကြောင်းရဲ့ အပေါ်တည့်တည့်။ မုန်တိုင်းစက်ဝန်းရဲ့ အတွင်းထဲမှာရောက်နေတယ်။ ကလေး၊ ဟားခါး၊ မတူပီအဲ့နေရာလည်းပါတယ်။ လေတိုက်နှုန်းက ၄၅ မိုင်လောက်ထိများမယ်။ ဘာလို့ဆို ချင်းတောင်တန်းကြီးနဲ့ ရခိုင်ရိုးမကို ကျော်ပြီးလာရမှာမို့ အားပျော့သွားတာ။ မိုးကတော့ သေချာပေါက်များမယ်။

မေး (Oo Hla)-  မောင်တောအနီးက မြင်းလွတ်၊ ကပါ အခြေအနေသိချင်လို့ပါ။

ဖြေ (ဆရာ ဦးဝင်းနိုင်) - မောင်တောကတော့ မုန်တိုင်းဖြတ်မဲ့ ဗဟိုရဲ့အတွင်းထဲမှာပါတယ်။ စစ်တွေလိုမျိုးပဲ သူ့ကမ်းခြေမှာ အနည်းဆုံး မိုင် ၉၀ နှုန်းနဲ့ လေတိုက်မှာပဲ။ အနည်းဆုံးနော်။ အနည်းဆုံး။ လှိုင်းအမြင့်က ၁၄ ရက်နေ့ညမှာ ၁၁ ပေလောက်ထိမြင့်မယ်။ ကလတန်မြင့်အတွင်းထဲမှာ ၉ - ၁၁ ပေ လောက်ထိ အတွင်းထဲကို ရိုက်ဖို့အနေအထားရှိတယ်။ ရသေ့တောင်၊ စစ်တွေ အဲ့လိုနေရာတွေနဲ့ ကုန်းတွင်းကို ဝင်မယ်ပြောထားတဲ့ အင်းဒင်ရွာ အဲ့နေရာတွေအားလုံးက မုန်တိုင်းရဲ့ ဗဟို ဖြတ်ဝင်မဲ့နေရာတွေ။

မေး (kyaw thu moe) - ကဝမြို့နယ်ရဲ့ မုန်တိုင်းအခြေအနေလေးလည်း သိချင်ပါတယ်။

ဖြေ (ဆရာဦးဝင်းနိုင်) - ပဲခူးတိုင်းအရှေ့ခြမ်းထဲမှာပါတာကြောင့် ရန်ကုန်နဲ့အတူတူပဲ ။ ရန်ကုန်၊ ပဲခူး၊ ဖြူး စတာတွေက အဖျားခတ်တာတွေကနေလွတ်မယ်။ နေပြည်တော်တော့မပါဘူး။ မုန်တိုင်းကွင်းထဲဝင်တဲ့အချိန် JTWC က CAT-4 ရောက်တယ်လို့ ပြောတဲ့အခါကျရင် 222 Kilometers per hour (တစ်နာရီ ၁၃၈ မိုင်) လောက်ရှိတယ်။ ၁၃၈ လောက်တက်လာရင် လေတိုက်နှုန်းတက်တယ်။ ပဲခူးတိုင်းအရှေ့ခြမ်းနဲ့ ရန်ကုန်တိုင်း၊ ဧရာဝတီ ဖျာပုံ အဲ့ဝန်းကျင်ဒေသရယ်၊ မွန်ပြည်နယ် မော်လမြိုင်၊ သထုံ တွေက အခုလောလောဆယ် လက်ရှိခန့်မှန်းတာ မုန်တိုင်းအရွယ်အစားကြီးလာရင် မိုးရွာတာများမယ်။ လေတိုက်နှုန်းတက်လာနိုင်တယ်။ 

မေး (Thant Zaw Min) - ရန်ကုန်တိုင်းကို မုတ်သုန်ဘယ်တော့လောက်ဝင်မလဲ?

ဖြေ (ဆရာဦးဝင်းနိုင်)  - ကြိုတင်ခန့်မှန်းချက်တွေအရတော့ မုန်တိုင်းအပြီး ၁၆ ရက်နေ့ကစပြီး မေလအကုန် ၃၁ လောက်အထိက ပြန်ပြီးတော့ ပူလာဦးမယ်။ Temperature ပြန်တက်လာဦးမှာ။ မုတ်သုန်ကတော့ ကျွန်တော်မှန်းတာ ဇွန်လဆန်း ၃ရက် ၄ ရက်လောက်မှာ ဝင်မှာ။

#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်