ဒေသတစ်ခုချင်းစီအလိုက် မုန်တိုင်းသက်ရောက်မှုအခြေအနေများ (၂)

13/05/2023 07:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

Green Way-အစိမ်းရောင်လမ်းဆော့ဝဲထဲက သင့်အဖွဲ့အစည်းများဆိုတဲ့ခေါင်းစဉ်အောက်မှာ ‘မေးကြ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ ဆိုတဲ့ အဖွဲ့လေးတစ်ခုရှိပါတယ်။

အစိမ်းရောင်လမ်းအနေနဲ့ နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက်တွေကိုကိုးကားပြီး မိုးလေဝသခန့်မှန်းပေးနေသူ ဆရာဦးဝင်းနိုင်ထံ ဆက်သွယ်မေးမြန်းပြီး မိုးလေဝသခန့်မှန်းသတင်းတွေ တင်ပေးနေတယ်ဆိုပေမဲ့ တိုင်းနဲ့ပြည်နယ်အလိုက် ခြုံငုံပြီးတော့သာ တင်ဆက်ပေးနိုင်တာဖြစ်ပြီး ဒေသတစ်ခုချင်းစီအလိုက် အသေးစိတ်ကိုတော့ ပြောဖို့ မလွယ်ပါဘူး။

ဒါကိုဖြေရှင်းနိုင်ဖို့ ဒီ ‘မေးကြ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ ဆိုတဲ့ အဖွဲ့ကို ဖန်တီးထားတာဖြစ်ပြီး ဒီထဲမှာ တော့ အဖွဲ့ဝင်တွေက မိမိတို့ဒေသတစ်ခုချင်းစီရဲ့အသေးစိတ်အခြေအနေတွေကို ဆရာဦးဝင်းနိုင်ထံ အခမဲ့ မေးမြန်းနိုင်မှာဖြစ်ပါတယ်။

အခုကတော့ နောက်ဆုံးမေးထားတဲ့ မေးခွန်းအချို့နဲ့ ဆရာပြန်ဖြေပေးထားတာတွေကို ဖော်ပြပေးလိုက်ပါတယ်။

(Daw Khin May Win) - ရခိုင်ပြည်နယ် ဂွမြို့ရဲ့ မုန်တိုင်းအခြေအနေလေးသိချင်ပါတယ်။

(ဆရာ ဦးဝင်းနိုင်)- ဟုတ်ကဲ့။ ဂွမြို့က ၁၃ ရက်နေ့ မနက်ကစလို့ ၁၅ ရက်နေ့ညအထိ လေပြင်းတွေတိုက်ပါတယ်။ ၁၄၊ ၁၅ ရက်တွေကတော့ မိုးသက်လေပြင်းကျမယ်။ လေပြင်းက တစ်နာရီကို မိုင် ၄၀ လောက်ထိ တိုက်နိုင်မယ်။ သိပ်မများဘူး။ ဘာလို့လဲဆိုတော့ လေကကုန်းတွင်းကိုဖြတ်ပြီးတိုက်မယ့်လေမျိုးဖြစ်နေလို့ လေပြင်းက တော့ ဒီလောက်အခြေအနေမဆိုးဘူး။ သို့သော် မိုးကတော့များတယ်။ တအားကြီးစိုးရိမ်စရာတော့မလိုဘူး။ ဂွမြို့ အပြင်ဘက်နေရာတွေမှာတော့ လှိုင်းက ၁၃ ပေလောက်ထိ ရှိနိုင်လို့ လှိုင်းကိုတော့သတိထားကြပါ။ 

(Moe ) - စစ်ကိုင်းတိုင်းဒေသကြီး ကလေးနဲ့ မင်းကင်းအခြေအနေလေးသိချင်ပါတယ်။

(ဆရာ ဦးဝင်းနိုင်) - ကလေးဝနဲ့မင်းကင်းကြားက မုန်တိုင်း စစ်တွေကို ဖြတ်ဝင်ပြီးလို့ ကုန်းတွင်းကို ဖြတ်တဲ့အခါ ဒီဟာတွေ အပေါ်ကနေဖြတ်မှာပေါ့။ ဒါပေမဲ့ ချင်းတောင်တန်းကြီးကြောင့်မို့ သူက မုန်တိုင်းအားပျော့သွားပြီး ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းမျိုးတော့ဖြစ်သွားမယ်။ ဒါပေမဲ့ သူ့ဆီမှာက ၁၃ ရက်နေ့ မနက်အစော ကစပြီး ၁၅ ရက်နေ့ညအထိ လေပြင်းတိုက်၊ မိုးများတာတွေဖြစ်နိုင်တယ်။ ၄ လက်မ ၅ လက်မကနေ ၁၀ လက်မလောက်ထိရွာနိုင်တယ်။ လေပြင်းက ၁၄ ရက်နေ့ညမှာ တစ်နာရီကို မိုင် ၂၀၊ ၂၅ ကနေ ၆၀ ကျော်ထိ တိုက်နိုင်တယ်။ ဒီတော့ လေပြင်းမယ်၊ မိုးများမယ်။ အဲ့ဒီနေရာမှာက ချောင်းတွေ၊ မြောင်းတွေ၊ တောင်ကျ ချောင်းလေးတွေရှိတတ်တော့ ရေကြီးနိုင်တဲ့အခြေအနေကို သတိထားရှောင်ရမယ်။ အဓိကကတော့ တောင်ကျချောင်းရေသတိထားဖို့ပါပဲ။ (ဆရာဦးဝင်းနိုင်စာရိုက်ရန်အခက်အခဲရှိသည့်အတွက် ဖုန်းနဲ့ပြန်ဖြေ ပေးထားတာကို ဖော်ပြပေးတာဖြစ်ပါတယ်)

(Mg Kaung) - ချင်းပြည်နယ် ဖလမ်းမြို့အတွက် မုန်တိုင်းအခြေအနေလေးသိချင်လို့ပါ။

(ဆရာ ဦးဝင်းနိုင်) - ဖလမ်းကလည်းတည့်တည့်ပဲ။ သူလည်း ၁၃ ရက်နေ့ကနေ ၁၅ ရက်အတွင်း မိုးသက်လေပြင်းကျနိုင်တာပဲ။ မိုးကတော့ ၁၃ ရက်နေ့ ကနေ စရွာမှာပေါ့နော်။ ၁၄ ရက်နေ့ မနက်ကနေ ၁၅ ရက်နေ့ နေ့လယ်ပိုင်းလောက် ထိကတော့ မိုးလေပြင်းနိုင်တယ်။ လေတိုက်နှုန်းက တစ်နာရီကို မိုင် ၆၀ ကျော်ကနေ ၇၀ ထိ တိုက်နိုင်တယ်။ ဒီတော့ တောင်ပြို၊ မြေပြိုနိုင်မယ့်အနေအထားတွေ သတိထားရမယ်။ 

(Myint Maung Maung) - အခုဖြစ်နေတဲ့ အရှိန်ကြောင့် အရင်နှစ်တွေထက် မုတ်သုန်လေ စောဝင်နိုင်လား၊ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလတွေမှာ မိုးအားကောင်းနိုင်လား။

(ဆရာ ဦးဝင်းနိုင်) - အခုရာသီဥတုအနေအထားအရ အယ်နီညိုအားကောင်းလာမယ်။ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ် အားကောင်းလာမယ်။ အခု မုန်တိုင်းစောပြီးဝင်လာတာဟာ သက်သေတစ်ခုပဲ။ ဒါပေမဲ့ မေလကုန်ထိ တော့ မုတ်သုံက နောက်ကနေလိုက်လာဦးမှာမဟုတ်ဘူး။ ဇွန်လဆန်းပိုင်းလောက်မှပဲလိုက်လာမယ်လို့ ကျွန်တော် မှန်းထားတယ်။ မိုးရာသီမှာ မိုးရွာနိုင်တဲ့အခြေအနေတွေကတော့ တနင်္သာရီတိုင်းကနေ မုတ်သုံ ဘယ်လို စဝင်လာမလဲဆိုတဲ့အခြေအနေပေါ် စောင့်ကြည့်ရမယ်။ အဲ့ဒါကြည့်ပြီးမှ မုတ်သုံဘယ်လောက်စောဝင်၊ စောထွက်မလဲ၊ မိုးဦး၊ မိုးလယ်၊ မိုးနှောင်းအခြေအနေတွေ ဘယ်လိုဖြစ်မလဲ ပြောလို့ရပါမယ်။

(Myo) - မကွေးတိုင်း မြိုင်မြို့နယ်ရဲ့ အခြေအနေလေးသိချင်ပါတယ်။

(ဆရာ ဦးဝင်းနိုင်) - မကွေး၊ မြိုင်က ရခိုင်ကမ်းရိုးတန်းနဲ့လည်းနီးတယ်။ နောက်ပြီး မုန်တိုင်းဖြတ်ဝင်လာမယ့်နေရာနဲ့လည်း တည့်တည့်နီးပါးလောက်ထိကိုကျနေတယ်။ ဒါပေမဲ့ ခပ်စောင်းစောင်းပေါ့။ ဆိုတော့ အဲ့ဒီမှာက မုန်တိုင်း စပြီး ချဉ်းကပ်လာမယ့် ၁၃ ရက် မနက်ဖြန်ကစပြီး ၁၄ ရက်၊ ၁၅ ရက်ထိ သုံးရက်စလုံး မိုးသက်လေပြင်းကျမယ်။ ၁၆ ရက်နေ့အထိ မိုးမရွာတော့ပေမယ့် လေဆက်တိုက်နေနိုင်တဲ့အနေအထားရှိတယ်။ အဲ့တော့ မိုးများများရွာမှာက ၁၃ ရက်နဲ့ ၁၄ ရက်နေ့မှာ တော်တော်များများရွာမယ်။ ၁၄ ရက်နေ့ညနေပိုင်းရောက်ရင် မုန်တိုင်းရဲ့လေတွေ စပြီးလာမယ်။ တစ်နာရီကို မိုင် ၃၀ ကနေ ၆၀ လောက်ထိ တိုက်နိုင်တယ်။ ၁၅ ရက်နေ့ တစ်နေ့လုံးတိုက်မယ်။ ညကျမှ လေနည်းနည်းလျော့မယ်။ ၁၆ ရက်နေ့ကျရင်တော့ ကုန်းတွင်းမုန်တိုင်းရွေ့သွားတဲ့အနေအထားကြောင့်မို့ ၁၆ ရက်နေ့ မနက် ၉ နာရီကနေ ညအထိ လေပြင်းတစ်ခါပြန်တိုက်မယ်။ ၁၇ ရက်နေ့ကျရင်တော့ အားလုံးရှင်းသွားမယ်။

(ဦးရန်နိုင်) - ဧရာဝတီတိုင်းထဲက မော်လမြိုင်ကျွန်း မုန်တိုင်းအခြေအနေလေးသိပါရစေ။

(ဆရာ ဦးဝင်းနိုင်)- မော်လမြိုင်ကျွန်းက ဘိုကလေးအထက်နားလေးဆိုတော့ မုန်တိုင်းအဖျားခတ်တဲ့ထဲတော့ မပါဘူး။ ကပ်လွတ် သွားတယ်။ မော်လမြိုင်ကျွန်း၊ ဘိုကလေး၊ ဖျာပုံ၊ လှိုင်းဘုန်း အဲ့ဒီနေရာတွေကပ်လွတ်သွားတယ်။ မော်လမြိုင် ကျွန်းဆိုရင်တော့ သူကလည်း ၁၃၊ ၁၄၊ ၁၅ တော့ မိုးသက်လေပြင်းကျမယ်။ ၁၃ ရက်နေ့ကတော့ မိုးနဲ့လေ ပိုများမယ်။ တစ်နာရီမိုင် ၄၀ ကျော်တော့ တိုက်မှာပဲဗျ။ ဒါက မုန်တိုင်းချဉ်းကပ်တဲ့နေ့။ မုန်တိုင်း ကုန်းတွင်းကို ဝင်တဲ့ ၁၄ ရက်နေ့ ညနေမှာတော့ မုန်တိုင်းအပြင်းဆုံးဖြစ်မယ်။ မိုင် ၄၀ ကျော်မယ်။ ၁၅ ရက်နေ့ထိ လေဆက် တိုက်နေမယ်။ ၁၆ ရက်နေ့နောက်ပိုင်း မိုးလေပြန်ရှင်းသွားမယ်။ ရေကတော့ မတက်နိုင်ဘူး။

(မအေးအေးမာ) - နေပြည်တော်မှာ လေပြင်းတိုက်ခတ်နိုင်လား။ လေတိုက်နှုန်းဘယ်လောက်ရှိမလဲ။

(ဆရာ ဦးဝင်းနိုင်)- နေပြည်တော်ကတော့ ကျိန်းသေပေါက်တိုက်မှာ။ ၁၃ ရက်၊ ၁၄ ရက်၊ ၁၅ ရက်နေ့ သုံးရက်မှာ မိုးသက်လေပြင်းကျမယ်။ မိုးသိပ်မများဘူး။ လေများမယ်။ ၁၄ ရက်နေ့ဆို တစ်နာရီ မိုင် ၂၀ ကနေ ၄၅ မိုင်လောက်ထိတိုက်မယ်။ ရန်ကုန်ထက်ပိုများမှာပေါ့။ ၁၅ ရက်နေ့အထိ။ ၁၆ ရက်နေ့ကျရင်တော့ ပြန်ပြီး အိုကေသွားလိမ့်မယ်။

(Monica) - ရန်ကုန် အရှေ့ ဒဂုံ မုန်တိုင်းတိုက်ချိန် လေတိုက်နှုန်းသိပါရစေရှင့်။

(ဆရာ ဦးဝင်းနိုင်)- မုန်တိုင်းကုန်းတွင်းဝင်တဲ့ဟာက ရန်ကုန်ကို ဝင်တာမဟုတ်ဘူးပေါ့နော်။ ဒါပေမဲ့ ၁၃၊ ၁၄၊ ၁၅ ရက်ကတော့ ဒီသုံးရက်ကတော့ တစ်နိုင်ငံလုံးမှာ မိုးသက်လေပြင်းကျမှာပဲ။ အရှေ့ဒဂုံမှာလည်း အဲ့ဒီ ၃ ရက်စလုံး မိုးသက် လေပြင်းကျမယ်။ မိုးကတော့ ဒီလောက်မများဘူး။ လေပြင်းတာကတော့ မုန်တိုင်းကုန်းတွင်းဝင်တဲ့နေ့မှာ မိုင် ၂၀ ကနေ ၄၀ လောက်ထိ တိုက်မယ်။ ၁၅ ရက်နေ့ညနေပိုင်းထိ လေပြင်းဆက်တိုက်နေမယ်။ ၁၆ ရက်နေ့နောက်ပိုင်း ကျမှ မိုးလေဝသအခြေအနေ ကောင်းသွားမယ်။

(ဦးဇော်ဝင်း) - မိုခါ မုန်တိုင်း မည်သည့် ရက်တွင် ပြည်မြို့ကိုတိုက်ခိုက်နိုင်ပါသလဲ။

(ဆရာ ဦးဝင်းနိုင်)- ပြည်မြို့လည်း ၁၃၊ ၁၄၊ ၁၅ သုံးရက်ကတော့ မိုးသက်လေပြင်းကျမှာပဲ။ ပြည်မှာတော့ မိုးနည်းနည်းပိုများမယ်။ ၁၃ ရက်နေ့ မနက်ကစပြီး မိုးရွာမယ်။ ၁၄ ရက်နေ့ မိုးရွာမယ်၊ လေပြင်းတိုက်မယ်။ တစ်နာရီကို ၂၀ ကနေ ၄၅ မိုင်လောက်ထိ တိုက်မယ်။ ၁၅ ရက်နေ့မှာ လေတိုက်နှုန်းပြန်လျော့သွားမယ်။ ၁၆ ရက်နေ့မှာ နေပြန်ပွင့်မယ်။

#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်