မြေကိုမလို ရေကိုသာလိုတဲ့ စင်ကာပူ (စင်ကာပူရဲ့ သောက်သုံးရေ စီမံခန့်ခွဲမှု - ၆)

23/02/2024 15:00 PM တွင် Khaing Kyi Thit Khaing Kyi Thit မှ ရေးသား

 

မြန်မာပြည်ထဲက ရေရှားတဲ့ ဒေသအချို့မှာ "ရွှေကိုမလို၊ ရေကိုသာလိုသည်" ဆိုတဲ့ စကားလေးကို ပြောကြတာ ကြားဖူးပါတယ်။ တိုင်းပြည်လေးက ငယ်ပေမယ့်၊ လူတွေ နေစရာ  မိုးမျှော်တိုက်တွေနဲ့ ဖွံ့ဖြိုးလှတဲ့ စင်ကာပူကတော့၊ ရေချိုရှားတာမို့၊ မြေကို မလို ရေကိုသာ လိုသည်လို့ ပြောလိမ့်မယ် ထင်ပါတယ်။ 

စင်ကာပူနိုင်ငံရဲ့ သောက်သုံးရေ အရင်းအမြစ် လေးခု ကို Four National Taps လို့ တင်စားခေါ်ဝေါ်ပါတယ်။ အဲဒီရေအရင်းအမြစ် ၄ ခုထဲက တစ်ခုကတော့ ရေလှောင်ကန်တွေပဲ ဖြစ်ပါတယ်။ 

စင်ကာပူနိုင်ငံဟာ အင်မတန်သေးငယ်တဲ့ နိုင်ငံငယ်လေးပါ။ ဧရိယာစတုရန်း ကီလိုမီတာ ၇၃၀ ကျော်ပဲ ရှိတဲ့ အဲဒီနိုင်ငံလေးမှာ ကုန်းမြေဧရိယာထက် ရေလှောင်ကန်တွေရဲ့ ဧရိယာက နှစ်ဆ ပိုကျယ်နေတာပါ။ 

  • စင်ကာပူရဲ့ ပထမဆုံး ရေလှောင်ကန်က ၁၈၆၈ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ MacRitchie ရေလှောင်ကန် ဖြစ်ပါတယ်။ 
  • ဒုတိယ ရေလှောင်ကန်က ၁၉၁၀ မှာ စတင်အသုံးပြုခဲ့တဲ့ Peirce ရေလှောင်ကန် ဖြစ်ပါတယ်။ အဲဒီကာလက စင်ကာပူ မြူနီစပယ်လူကြီး။Robert Peirce ကို အစွဲပြုပြီး Peirce ရေလှောင်ကန်လို့ ခေါ်ဝေါ်ခဲ့တာပါ။ 
  • တတိယ ရေလှောင်ကန်ကတော့ Seletar ရေလှောင်ကန်ဖြစ်ပြီး ၁၉၄၀ လောက်မှာ တည်ဆောက်ပြီးစီးခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီရေလှောင်ကန်တွေဟာ ရေချိုစီးဆင်းတဲ့ မြစ်ချောင်းတွေကို တမံတုပ်ပြီး ရေသိုလှောင်တာပါ။

၁၉၆၀ ဝန်းကျင် ကာလတွေမှာ စင်ကာပူရဲ့ အဓိက ‌ရေချိုအရင်းအမြစ်က Peirce နဲ့ Seletar ရေလှောင်ကန်တွေပါ။ နောက်ပိုင်း ရေလိုအပ်ချက်မြင့်မားလာပြီး၊ အဲဒီ ရေလှောင်ကန်တွေက ရေနဲ့ မလောက်တော့မှ မလေးရှားကနေ ရေဝယ်သုံးတဲ့ အစီအစဉ် စတင်ခဲ့တာ ဖြစ်ပါတယ်။ 

စင်ကာပူအစိုးရရဲ့ Public Utilities Board (PUB) က ၁၉၆၉ မှာ Seletar ရေလှောင်ကန်ကို ချဲ့ထွင်ခဲ့သလို၊ ၁၉၇၅ မှာလည်း Peirce ရေလှောင်ကန်ကို ချဲ့ထွင်ခဲ့ပါတယ်။ ရေလှောင်ကန် နှစ်ခုစလုံးရဲ့ မြစ်ကြောင်းပေါ်မှာ Upper နဲ့ Lower ဆိုပြီး ထပ်တိုး

ရေလှောင်ကန်တွေ တည်ဆောက်လိုက်တာမို့ စုစုပေါင်း ရေလှောင်ကန် ၄ လုံး ဖြစ်လာတာပါ။ 

အဲဒီရေလှောင်ကန်တွေရဲ့ ဝန်းကျင်ကို သဘာဝအတိုင်း ထိန်းသိမ်းထားပြီး လူတွေ နေထိုင်ဖို့ ခွင့်မပြုခဲ့ပါဘူး။ MacRitchie ၊ Peirce နဲ့ Seletar ရေလှောင်ကန်တွေအားလုံးကို သဘာဝတောအုပ်တစ်ခုတည်းက တစ်ဆက်တစ်စပ်တည်း ကာကွယ်ထားတာ ဖြစ်ပါတယ်။ အဲဒီလို သစ်တောအုပ်နဲ့ ကာကွယ်ထားတာကြောင့် ရေက သန့်ရှင်းပြီး ဘေးကင်းပါတယ်။ 

၁၉၇၀ ဝန်းကျင်မှာ စင်ကာပူရဲ့ လူဦးရေ သိသိသာသာ တိုးလာသလို၊ စီးပွားရေးလည်း ပိုကောင်းလာပါတယ်။ ရေ ပိုလိုလာသလို၊ ရေသိုလှောင်ဖို့ နေရာက ရှားလာပါတယ်။ ဒါကြောင့် အရင်လို သဘာဝက ရတဲ့ ရေချိုကို သဘာဝတောအုပ်တွေရဲ့ အကာအကွယ်နဲ့ လှောင်ထားရုံနဲ့ မလုံလောက်တော့ပါဘူး။  ဒီအခြေအနေကို ကိုင်တွယ်ဖို့ ၁၉၇၁ မှာ ရေအရင်းမြစ်စီမံကိန်းရေးဆွဲရေးယူနစ်တစ်ခုကို အစိုးရက ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီ ယူနစ်က ရေသိုလှောင်နည်း အသစ်တွေ စမ်းသပ်ရှာဖွေရတာပါ။

အဲဒီလို စမ်းသပ်တဲ့အထဲမှာ ရေလှောင်ကန်တူးပြီး သစ်တောတွေနဲ့ မကာကွယ်ထားဘဲ သိုလှောင်တဲ့ နည်းလည်း ပါပါတယ်။ ‌အဲဒီရေလှောင်ကန်တွေအနီးမှာ မြို့ပြဖွံ့ဖြိုးမှုတွေကို အကန့်အသတ်နဲ့သာ ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။  ဥပမာ လူနေအိမ်နဲ့ အန္တရာယ်မရှိတဲ့ လုပ်ငန်းတွေကိုသာ ခွင့်ပြုတာပါ။ အဲဒီ ရေလှောင်ကန်တွေကို unprotected catchment လို့ ခေါ်ပါတယ်။ 

၁၉၇၂ မှာ ရေအရင်းအမြစ် စီမံခန့်ခွဲရေး မဟာဗျူဟာ စီမံချက် (master plan) တစ်ခု ထွက်လာပါတယ်။ အဲဒီ master plan အရ ၁၉၇၅ ခုနှစ် နဲ့  ၁၉၈၁ ခုနှစ်ကြားမှာ မြစ်ကြောင်းတွေကို ပိတ်ပြီး တည်ဆောက်တဲ့ unprotected catchment တွေ ပေါ်လာပါတယ်။ 

အဲဒီလို မြစ်ကြောင်းတွေပေါ် တမံတုပ်ပြီး ရေလှောင်သလို မိုးရေလှောင်ကန်တွေလည်း တူးဖော်ခဲ့ပါတယ်။ မိုးရွာလို့ မြို့ပေါ် စီးဆင်းသွားတဲ့ရေတွေကို သန့်စင်ပြီး သိုလှောင်တဲ့နည်းပါ။ 

ညစ်ညမ်းတဲ့ ရေတွေ ဖြတ်သန်းစီးဆင်းနေတဲ့ မြို့ပေါ်က မြစ်ချောင်းတွေကို သန့်ရှင်းအောင်ပြုလုပ်ပြီး ရေလှောင်ကန် တည်ဆောက် သိုလှောင်တာမျိုးလည်း လုပ်ဆောင်ပါတယ်။ ထင်ရှားတာကတော့ ညစ်ပတ်လွန်းလှတဲ့ Kallang နဲ့ Singapore မြစ်တွေကို ၁၉၇၇ ကနေ ၁၉၈၇ ခုနှစ်အတွင်း သန့်ရှင်းအောင် ဆောင်ရွက်ခဲ့တဲ့ စီမံကိန်းပါ။ မြစ်တွေက သန့်ရှင်းသွားတာမို့ မြစ်ထဲမှာ ရေချို သိုလှောင်ပြီးသွား ဖြစ်သွားသလို၊ မိုးရေကိုလည်း စုဆောင်းပြီးသား ဖြစ်သွားပါတယ်။ 

စင်ကာပူရဲ့ နာမည်ကျော် Maria ဟာ အဲဒီလို မြစ်‌ချောင်းတွေကိုသန့်ရှင်းပြီး ရေချိုကို သိုလှောင်ထားတဲ့ ရေလှောင်ကန်ကြီးဖြစ်ပါတယ်။ 

စင်ကာပူနိုင်ငံသားတွေ ရေရဲ့ အရေးပါပုံကို သတိပြုနိုင်ကြစေဖို့နဲ့ ရေလှောင်ကန်တွေကို ထိန်းသိမ်းကာကွယ်တတ်စေဖို့၊ စင်ကာပူအစိုးရက ပြည်သူလူထုကို ပညာပေးစည်းရုံးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေရတယ် လို့ ဆိုပါတယ်။ ရေလှောင်ကန်တွေကို အပမ်းဖြေအနားယူ လည်ပတ်စရာနေရာတွေအဖြစ်လည်း အသုံးပြုနေပါတယ်။ ဒါကြောင့် လူတွေ လာရောက်လည်ပတ်ရင်း ရေအရင်းအမြစ် စီမံခန့်ခွဲမှုအကြောင်း ပိုလေ့လာဖြစ်စေပါတယ်။ 

စင်ကာပူနိုင်ငံရဲ့ ကုန်းမြေမိုင်နက် သုံးပုံ နှစ်ပုံကို ရေလှောင်ကန်တွေနဲ့ ဖုံးလွှမ်းထားတာ ဖြစ်ပါတယ်။ လက်ရှိမှာ ရေလှောင်ကန် ၁၇ ခု ရှိပါတယ်။ PUB ရဲ့ ရည်မှန်းချက်က ၂၀၆၀ ခုနှစ်မှာ စင်ကာပူရဲ့ ကုန်းမြေပိုင်နက် ဧရိယာရဲ့ ၉၀ ရာခိုင်နှုန်းမှာ ရေလှောင်ကန်တွေ ဖုံးလွှမ်းထားနိုင်ဖို့ ဖြစ်ပါတယ်။ 

စင်ကာပူရဲ့ ရေလှောင်ကန်တွေအကြောင်း လေ့လာရင်း လူ့အဖွဲ့အစည်းတစ်ရပ်၊ နိုင်ငံတစ်နိုင်ငံ ရှင်သန်နိုင်ဖို့ ရေချို ရဲ့ အရေးပါပုံကို သတိပြုမိပါတယ်။ မြေ နဲ့ ရေ ဘယ်ဟာရွေးမလဲ ဆိုရင် စင်ကာပူကတော့ ရေ ကို ရွေးချယ်မှာ သေချာပါတယ်။ 

မြေကို မလို၊ ရေကိုသာ လိုသည် ဆိုတဲ့ စင်ကာပူဟာ စင်ကာပူအစိုးရအဆက်ဆက်ရဲ့ အမြော်အမြင်နဲ့ ပြည်သူ့အကျိုးဆောင်ရွက်မှုကြောင့် ရေကိုလည်း အလုံအလောက် ရနေကြပါပြီ။ နောင်အနာဂတ်အတွက်လည်း ကြိုတင်စဉ်းစားပြင်ဆင်နေပါပြီ။

တွေးကြည့်စရာကောင်းတာကတော့ ကျွန်တော်တို့ ရွှေမြန်ပြည်ကြီးမှာ "ရွှေကိုမလို ရေကိုသာ လိုသည်ဆိုတဲ့ နေရာအတော်များများဟာ ဆယ်စုနှစ်တွေ အများကြီး ကြာလာသည့်တိုင် ရေကို လိုအပ်နေဆဲ ဖြစ်နေတာ ဘာကြောင့်ပါလဲ" ၊ "ကြက်သားအုပ်မ နှစ်ခါယက်ရင် ရေချိုထွက်တယ် ဆိုတဲ့ နေရာတွေ အမြောက်အများ ရှိပါလျက် စင်ကာပူလို မဖွံ့ဖြိုးလာနိုင်သေးတာ ဘာကြောင့်လဲ" ဆိုတဲ့‌မေးခွန်းတွေပါပဲ။ စာဖတ်သူ မိတ်ဆွေကရော အဲဒီမေးခွန်းတွေကို ဘယ်လိုများ ဖြေချင်ပါသလဲ ခင်ဗျား။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်