စံပယ်ပန်းလှိုင်လှိုင်ပွင့်စေဖို့

18/11/2021 13:00 PM တွင် စုမြတ်မြတ်မိုး စုမြတ်မြတ်မိုး မှ ရေးသား

    စံပယ်ပန်းကို လူတိုင်းနီးပါးနှစ်သက်ကြပါတယ်။ အဖြူရောင်အဆင်းရှိပြီး သူ့ရဲ့သင်းပျံ့တဲ့ရနံ့က စိတ်ကြည်လင်စေတယ်၊ စိတ်ဖိစီးမှုတွေလျော့ချပေးတာကြောင့်မို့ အိမ်တိုင်းလိုလို စံပယ်ပင်ကို စိုက်တယ်။ သို့သော် မိမိတို့စံပယ်ပင်တွေမှာ အပွင့်မပွင့်တာမျိုးကြုံဖူးကြလား။ ဘာအချက်တွေကြောင့်နဲ့ ဘယ်လိုပြုပြင်ပါက ပန်းပွင့်နိုင်မလဲဆိုတာပြောပြပေးပါ့မယ်။

၁။ နေရောင်ခြည်ရရှိမှု

    စံပယ်ပင်ဟာ နေရောင်ခြည်နဲ့ နွေးထွေးသောရာသီကိုနှစ်သက်ပြီး လင်းတာ တစ်နေ့ ၆ နာရီခန့်လိုပါတယ်။ တကယ်လို့ မရပါက အနည်းဆုံး  ၄ နာရီရရှိမယ့်နေရာကို ရွေ့ပြောင်းသင့်ပါတယ်။

၂။ မြေအနေအထားနှင့် ရေရရှိမှု 

    စံပယ်ပင်ဟာ အပူမပြင်းထန်လွန်း အအေးမပြင်းထန်လွန်းဘဲ ပူနွေးစိုစွတ်သောနေရာတိုင်းမှာ ရှင်သန်ပါတယ်။ နုန်းဆန်သောမြေကိုနှစ်သက်ကာ မြေချဉ်ငံကိန်း 6.5 မှ 7.5 အထိက စံနှုန်းဖြစ်ပါတယ်။ ရေကြိုက်ပေမယ့် ရေဝပ်တာမခံနိုင်ပါ။ ရေအလောင်းလွန်ပါက အမြစ်ပုပ်နိုင်ပါသည်။ အိုးကြပ်လွန်းသောမြေတွင်လည်း အပွင့်မပွင့်နိုင်ပါ။ ထို့ကြောင့် စံပယ်ပင်ဟောင်းများရှိပါက ကျယ်ပြန့်ပြီး ရေဆင်းကောင်းသော အိုးအသစ်ကို ပြောင်းလဲစိုက်ပေးရန်လိုပါသည်။

၃။ မြေဩဇာကျွေးခြင်း

    သဘာဝမြေဩဇာအဖြစ် နွားချေးခြောက်မှုန့်၊ ဖွဲပြာ၊ မြေဆွေးတို့ကို ရောစပ်သုံးနိုင်ပါသည်။ ဖော့စဖောရပ်ကြွယ်ဝတဲ့ အရိုးမှုန့်၊ ပုစွန်ခွံအမှုန့်၊ ဂဏန်းခွံမှုန့်တို့ကို တစ်လလျှင်နှစ်ကြိမ်ခန့် မြေဩဇာအနေနှင့် အပင်အရေတွက်ပေါ်မူတည်ကာ ထည့်နိုင်ပါသည်။ ပိုတက်ဆီယမ် များစွာပါသောငှက်ပျောခွံကို ပိုင်းဖြတ်၍ ရေနှင့် ၃ ရက်ခန့်စိမ်ကာ ရလာသောပျော်ရည်ကိုလည်း ၁၀ ရက်တစ်ကြိမ် လောင်းနိုင်ပါသည်။ မီးဖိုမှရသောပြာကိုလည်း ရေဖျော်ကာလောင်းနိုင်ပါသည်။ ဖော့စဖောရပ်သည် ပန်းများပွင့်ရန် အရေးပါသော အာဟာရတစ်ခုဖြစ်ကာ အပင်၏ အလင်းမှီစုအစာဖွဲ့စည်းခြင်းကိုလည်း ကူညီပေးပါသည်။ ပိုတက်စီယမ်သည် အမြစ်ကိုအားကောင်းရန် အထောက်အပံ့ပေးပါသည်။ သို့သော် မြေဩဇာများလွန်းလျှင် လောင်တတ်သည်ကို သတိပြုရပါမည်။ အထူးသဖြင့် နိုက်ထရိုဂျင်များပါက အပင်၏အရွက်များသာဖြစ်ထွန်းကာ အပွင့်မပွင့်ဘဲနေမည်ဖြစ်ပါသည်။ စံပယ်ပင်သည် အနည်းငယ် အက်ဆစ်ဆန်သောမြေကို နှစ်သက်သဖြင့် pH မြင့်သောမြေများတွင် သောက်ပြီးသားကော်ဖီအမှုန့်များကို ရေစိမ်ကာ ထိုအရည်ကို လောင်းနိုင်ပါသည်။

၄။ ကိုင်းချိုင်ခြင်း

    စံပင်ပန်းပွင့်ဖို့ အရေးပါသောအချက်တွင် ကိုင်းဖြတ်ပေးခြင်းလည်း ပါဝင်ပါတယ်။ ကိုင်းချိုင်ခြင်းကို ဆောင်းရာသီမှာပဲလုပ်သင့်ပြီး နွေရာသီမှာ လုံးဝမလုပ်သင့်ပါ။ ကိုင်းဖြတ်မယ်ဆို မဖြတ်ခင် ၄ ရက်လောက် ရေဖြတ်ထားပါ။ ပြီးမှ အပင်ရဲ့အောက်ဘက် တစ်ပေခွဲခန့်မှနေ၍ အပေါ်ဘက်ကိုင်းများကို ဖြတ်ပစ်ရပါမည်။ ပွင့်ပြီးသားကိုင်းများကိုလည်း ဖြတ်ရပါမည်။ အရွက်များကိုပါ ခြွေပစ်ရပါမည်။ အပင်အရှည်၏ တစ်ဝက်နီးပါးကို ဖြတ်ရပါမည်။ စီးပွားဖြစ်စိုက်ခင်းများတွင် ကိုင်းချိုင်ပြီးပါက မှိုရောဂါမဝင်စေရန် ချိုင်ပြီးသောကိုင်းများကို ဘော်ဒိုသုတ်လိမ်းကြပါသည်။

    အရိုးမှုန့်ပြုလုပ်ရာတွင် ကြက်ရိုး၊ ဝက်ရိုး၊ အမဲရိုး၊ ငါးရိုး စသည်ကို သုံးနိုင်ပါသည်။ မိမိတို့ဟင်းခွက်မှ ကြွင်းကျန်သောအရိုးများကို အသားများနှင့် သားရေများစင်အောင် ဆေးကြောကာ မီးဖိုပေါ်တွင် မီးပြင်းပြင်းနှင့် ခြောက်နာရီခန့် ပျော့အောင်ပြုတ်ရပါမည်။ သို့မဟုတ်  ပေါင်းအိုး pressure cooker တွင် အပူချိန်ပြင်းပြင်းဖြင့် နှစ်နာရီပြုတ်ရပါမည်။ အရိုးအနေအထားသည် သေးလျှင်ကတ်ကြေးနှင့် ပိုင်းနိုင်သည်အထိ ပျော့ရပါမည်။ ကြီးလျှင် ဆုံထဲထည့်ထောင်းပါက အလွယ်တကူကြေသော အနေအထားရောက်ရပါမည်။ ထို့နောက် ထိုအရိုးများကို နေပူပူတွင်ခြောက်အောင်လှန်းကာ ကြိတ်စက်ထဲကြိတ်ခြင်း သို့ ဆုံနှင့်ကြိတ်ခြင်းလုပ်ပါက အရိုးမှုန့်ရပါသည်။

    ပုစွန်၊ ဂဏန်းမှုန့်လုပ်မည်ဆိုပါက ပုစွန်အခွံ (သို့) ဂဏန်းအခွံများကိုလည်း အရိုးအတိုင်းပြုတ်ကာ အခြောက်ခံ၍ ထောင်းပါ (သို့) ကြိတ်ပါက ပုစွန်မှုန့်နှင့် ဂဏန်းမှုန့်ကို ရပါသည်။ ပုစွန်အခွံနှင့် ဂဏန်းအခွံတို့တွင်ပါဝင်သော ခိုင်တင်ဓာတ်သည် အပင်ကို မာကြောစေကာ နီမတုတ်နှင့် မှိုရောဂါများမှ ကာကွယ်ပေးပါသည်။ ၎င်းတို့တွင် ဖော့စဖောရပ်၊ ကယ်လ်စီယမ်နှင့် မဂ္ဂနီဆီယမ်ကဲ့သို့သော အာဟာရများလည်းပါဝင်သဖြင့် ထည့်သွင်းအသုံးပြုသင့်ပါသည်။ 

    အထက်ပါနည်းလမ်းများသည် ကိုယ်တွေ့ပြုလုပ်နေသော နည်းများဖြစ်လို့ ဤနည်းအတိုင်း ပန်းမပွင့်သောစံပယ်ပင်များကို အပွင့်များဝေဝေဆာဆာပွင့်အောင် ပြုလုပ်နိုင်ကြပါစေ။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်