ကိုင်းဖြတ်တာ ဘာကြောင့်လဲ၊ ဘယ်အချိန်လဲ၊ ဘယ်လိုလုပ်ရမှာလဲ ????

19/08/2019 08:00 AM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကိုင်းဖြတ်တယ်ဆိုတာကတော့ ပင်စည်တွေနဲ့၊ အကိုင်းအခက်တွေကို ဖြတ်တောက်ပေးတာပါပဲ။ လုပ်နေကြပါပဲ။ ကန်စွန်းရွက်ဆို တစ်ညွှန့်ဖြတ် နှစ်ညွှန့်တက်ဆိုတာမျိုး….ကဲ ဘာကြောင့်လုပ်လဲ ကြည့်တာပေါ့.....။

ကျန်းမာရေး

သေနေတဲ့အကိုင်းအခက်တွေ ခြောက်နေတဲ့အကိုင်းတွေကို ဖယ်ထုတ်လိုက်တဲ့အခါမျိုး၊ ရောဂါဖြစ်နေတဲ့ကိုင်းတွေကို ဖယ်ထုတ်လိုက်တဲ့အခါမျိုးဆိုရင် ပိုးမွှားရောဂါတွေရော၊ အင်းဆက်တွေရော ဝင်ရောက်တဲ့ဒဏ်ကနေ သက်သာသွားတာပေါ့။ 

ကိုင်းတွေကို နည်းနည်းဖယ်ထုတ်လိုက်တဲ့အခါကျတော့ အပင်တွေကနေ အလင်းရောင်ကိုလည်း လုံလုံလောက်လောက် ရရှိသွားပြီးတော့ အပင်တွေလည်း သန်မာလာစေပါတယ်။

အပင်တွေမှာကပ်နေတဲ့ ကပ်ပါးပင်တွေကို ရှင်းထုတ်လိုက်တာနဲ့ အပင်တွေက အစာရေစာကို ပိုမိုရနိုင်တာပေါ့။

အပင်ကြီးတွေမှာဆိုရင်လည်း တစ်ပင်နဲ့တစ်ပင်ကို ပွတ်တိုက်တာမျိုးတွေ မဖြစ်တော့ဘူးလေ။ တစ်ချို့ သစ်မာပင်တွေအတွက် အဖြောင့်အတိုင်းလိုချင်တယ်ဆိုရင်တော့ ကိုင်းဖြတ်တာ ဆရာကျဖို့ လိုပါတယ်နော်။

ပြီးတော့ အပင်ဂွကြားတွေထဲက ကိုင်းတွေဘာတွေဖယ်ပစ်လိုက်တော့ ပင်စည်ကွဲမှာတွေ ဘာတွေလည်း မပူရတော့ဘူး။ အမြဲဂရုစိုက်နေတော့ အကောင်းဆုံး အဖြေကိုရမှာပေါ့။

လုံခြုံစိတ်ချရတယ်

အပင်တွေကို သေသေချာချာလေး ကိုင်းဖြတ်ထားပေးတာမျိုး လုပ်ထားတယ်ဆိုရင် ကြီးထွားမှုလည်း ညီညာတယ်။ ကိုင်းတွေကိုလည်း စိတ်မပူရတော့ဘူး စိတ်ချလက်ချထားပြီးတော့ ရောဂါပိုးမွှားကျလာရင်လည်း ချက်ချင်းကိုသိနိုင်မှာပါ။ 

သဘာဝအတိုင်းဖြစ်တယ်

ငယ်ငယ်ကတည်းက သေချာဂရုစိုက်ပုံသွင်းထားတော့ ကြီးလာတော့ ပုံစံပျက်တာမျိုး၊ ကိုင်းတွေက ထိုးထိုးထောင်ထောင်ဖြစ်နေတာမျိုး မဟုတ်ပဲနဲ့  သဘာဝပုံစံအတိုင်းလေး ပုံကျနေမှာပါ။

ကြီးထွားမှုကို ထိန်းလို့ရတယ်။ 

အပင်အရမ်းကြီးတာကြီးကို မလိုချင်ရင်လည်း ထိန်းထားလို့ရတယ်။ အပင်တွေ ကိုင်းတွေမြန်မြန်ပွားပြီး ကြီးလာစေချင်ရင်လည်း သုံးလို့ရတဲ့နည်းပါနော်။

ဘယ်အချိန်မှာလုပ်ကြမလဲ

အပင်တွေသေသွားတဲ့အခါမျိုး၊ အထိအခိုက်ဖြစ်တဲ့အချိန်မျိုး၊ ရောဂါကျနေတဲ့ကိုင်းတွေကို တွေ့တဲ့အခါမျိုးကျရင်တော့ ချက်ချင်းကို လုပ်ရတော့မှာဖြစ်ပါတယ်။ အကောင်းဆုံးအချိန်ကတော့ နွေဦးပေါက်တဲ့ အချိန်လေးပါပဲ၊ ဆောင်းအကုန် ကာလလေးမှာပေါ့။ အဖူးတွေ မထွက်ခင်အချိန်ဆိုတော့ ပိုပြီးတော့ ကောင်းတာပေါ့။ တစ်ချို့အပင်တွေကျတော့ ကိုယ်အဆင်ပြေတဲ့အချိန်မှာ လုပ်ပေးလို့ရပါတယ်။ ဒါပေမဲ့ အရမ်းအေးတဲ့အချိန်မျိုးနဲ့ အရမ်းပူတဲ့အချိန်မျိုးတွေကိုတော့ ရှောင်ရပါမယ်နော်။  အရွက်တွေ ဝေဝေဆာဆာထွက်ပြီးတဲ့အချိန် ပြီးမှ ကိုင်းဖြတ်တာကိုလုပ်မိရင်တော့ အပင်ကနေ အရွက်တွေ ပြန်ထွက်လာဖို့အချိန်ကိုတော့ ခဏတော့ ပြန်ပြီးတော့စောင့်ရမှာတွေ ရှိပါတယ်။ အဲ့တော့ ရာသီဥတု မပူလွန်းမအေးလွန်းတဲ့အချိန် ရွက်သစ်မလဲခင်အချိန်မှာ ကိုင်းဖြတ်တာမျိုးကို လုပ်ပေးသင့်ပါတယ်နော်။

ဘယ်လို ကိုင်းဖြတ်ကြမလဲ

စစချင်းအဆင့် 

မဖြတ်ခင်မှာ လိုက်နာရမဲ့စည်းမျဉ်းကတော့ ဘာကြောင့်ဖြတ်မှာလဲနဲ့ ဘာကိုဖြတ်မှာလဲဆိုတာကို အရင်ဆုံးတွေးပေးရပါမယ်။ ပြီးတော့ ဘယ်ပစ္စည်းကိုသုံးပြီးတော့ ဖြတ်မလဲဆိုတာကိုပါ ထပ်တွေးရပါမယ်။ အသုံးများတာကတော့  လက်ကိုင်ကတ်ကြေး အတို အရှည်ရယ်၊ ပြီးတော့ ကိုင်းဖြတ်လွှရယ် သုံးတာများပြီးတော့ ဘာနဲ့ဖြတ်မလဲဆိုတာကို တစ်ခါတည်း တွေးရပါမယ်။

လက်ကိုင်ကိုင်းဖြတ်ကတ်ကြေးကို သုံးမယ်ဆိုရင်တော့ ကတ်ကြေးမှာတင် (၂) မျိုးရှိပါတယ်။ အသွား(၂)ခုလုံးထက်နေတဲ့ ကတ်ကြေးမျိုးနဲ့ တစ်ဖက်ကတုံးပြီး တစ်ဖက်ကထက်နေတဲ့ ကတ်ကြေးမျိုးပါ။ သုံးမယ်ဆိုရင်တော့ အသွား(၂)ခုလုံးထက်နေတဲ့ ကတ်ကြေးမျိုးကိုသုံးဖို့ အကြံပေးပါတယ်။ အဲ့လို ကတ်ကြေးတွေက အချင်း လက်မဝက်ပတ်လည်ရှိတဲ့ အကိုင်းအခက်တွေကို ဖြတ်တဲ့နေရာမှာ တော်တော်အသုံးဝင်ပါတယ်။ 

ကတ်ကြေးရှည်မှာလည်း (၂) မျိုးရှိပါတယ်။ အသွား(၂)ဖက် နဲ့ အသွားတစ်ဖက်ပါပဲ။ ကတ်ကြေးတိုနဲ့ တူတူပါပဲ။ အသွား(၂)ဖက်လုံးထက်တဲ့ ကတ်ကြေးကိုပဲ အကြံပေးပါတယ်။ သူကျတော့ (၁) လက်မခွဲအချင်းရှိတဲ့  အလုံးလောက်ထိကို ဖြတ်နိုင်ပါတယ်။ 

နောက်တစ်ခုက ကိုင်းဖြတ်လွှ၊ လွှဆိုလို့ အကြီးကြီးတော့ မဟုတ်ပါဘူးနော်။ ကိုင်းဖြတ်တဲ့ လွှသေးသေးရှိပါတယ်။ အဲ့လွှသေးသေးကနေ (၃)လက်မ အချင်းလောက်ရှိတဲ့ ကိုင်းတွေကို သေသေချာချာလေး ဖြတ်တောက်လို့ရပါတယ်။

ဘယ်လိုဖြတ်မလဲ

အနုပညာပါပဲ။ ကောင်းကောင်းလုပ်နိုင်ရင် အပင်တွေအတွက် ကောင်းကောင်းအကျိုးရှိပြီး ကိုယ့်အတွက်လည်း တကယ်ကိုကောင်းတဲ့ရလဒ်ကို ရနိုင်ပါတယ်။ မဖြတ်တတ်ရင်ဖြစ်မယ်ဆိုတဲ့ ဥပမာ (၂) ခုကတော့ အစေးတွေထွက်တာနဲ့ ငုတ်တိုတွေကျန်တာပါပဲ။ သူတို့ (၂)ခုကတော့ မသင့်တော်တဲ့ ကိုင်းဖြတ်တာတွေပါ။ 

သစ်ပင်တွေက ဆရာဝန်မှ မဟုတ်ပဲကွယ်။ ကုသနိုင်စွမ်းမရှိပါဘူး။ ဒါပေမဲ့ အနာကိုတော့ ဖုံးနိုင်သလောက် ဖုံးပစ်တယ်။ အဲ့တော့ ခုတ်ရာဆို နောက်ပိုင်းမှာ အဖုကြီးတွေဖြစ်သွားရော။  အဲ့ဒါက အပင်တွေအတွင်းပိုင်းက  ပြောင်းလဲမှုဖြစ်စဉ်တွေက  ပြန်လည်ဖုံးအုပ်ပေးတာပါ။ 

ဖွာလန်နေအောင် ဖြတ်ထားတယ်။ ငုတ်တိုတွေလည်း ကျန်နေခဲ့မယ်ဆိုရင် အဲ့နေရာကနေစပြီး ရေဝင် ပုတ်တာမျိုးဖြစ်လာနိုင်ပါတယ်။ 

တကယ်တမ်း ကိုင်းတွေချိုင်တော့မယ်ဆိုရင် အပိုင်း (၂) ပိုင်းကို သိဖို့လိုအပ်ပါတယ်။ သစ်ကိုင်းအောက်ခြေနားက အဝိုင်းဖုလေး (Branch collar) နဲ့ သစ်ခေါက်ကြောခုံး (Branch bark ridge) တွေကိုလည်း သိထားဖို့လိုအပ်ပါတယ်။ ပုံလေးမှာ ပြထားပေးပါတယ်နော်

သစ်ခေါက်ကြောခုံးလေးကတော့ နည်းနည်းလေးခုံးတက်နေပြီးတော့ သစ်ကိုင်းရဲ့ အပေါ်ဖက်မှာရှိနေပါတယ်။ ပိုပြီးတော့လည်း ကြမ်းပါတယ်။ အဲ့နေရာက နောက်ပိုင်း သစ်ဖုလေးတွေပြန်ထွက်လာဖို့ အဓိကနေရာဖြစ်ပါတယ်။ အဲ့နေရာကိုပါ ဖြတ်ထုတ်လိုက်ရင်တော့ သစ်ဖုလေးတွေ မဖြစ်တော့ပဲနဲ့ ခုဏကပြောသလို ပုတ်သွား ရိသွားတာမျိုးဖြစ်မှာပါ။  

ပုံထဲမှာ တစ်ခါတည်း ပြထားပါတယ်။ ပထမဆုံး ဘယ်အပိုင်းကို ဖြတ်ရမလဲဆိုတာကိုကြည့်ပြီးတော့ လိုက်လုပ်နိုင်ပါတယ်။ (၃) ခါတော့ ဖြတ်ထုတ်ပေးရပါမယ်။

နောက်ဆုံးပြောချင်တာကတော့ ကိုင်းဖြတ်ပြီးတော့ ဆေးသုတ်တာမျိုးလေးတွေ မလုပ်ပါနဲ့တဲ့။ ခါတိုင်းက လုပ်နေကျဖြစ်ပေမဲ့လို့ ခုက သိပ္ပံပညာရှင်တွေက မလုပ်ဖို့တားထားပါတယ်နော်။ ဘာလို့လဲဆိုတော့ အဲ့ဆေးတွေက မိုးရေနဲ့ ထိတဲ့အခါ အပင်ကိုင်းတွေကို စိုစွတ်နေစေပြီးတော့ ကိုင်းကို ဆွေးစေပါတယ်။ ပြီးတော့ အပင်တစ်ပင်တည်းကနေ တစ်ခါတည်း ကိုင်းတွေအများကြီး ချိုင်ပစ်တာမျိုး မလုပ်ဖို့လည်း သတိထားရပါမယ်နော်။ 

ထွန်းဝင်းကျော်

Ref: http://www.wcfb.sailorsite.net/WCFB/Pruning.html?fbclid=IwAR1oDYk3ZUD423Q4_UNPOK0EnxdTXNzpNY-b6ntyK4WSMiIvtcPcwTuWla4

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်