စင်ကာပူနဲ့ မလေးရှားတို့ရဲ့ စိတ်ဝင်စားစရာ ရေအရောင်းအဝယ်စာချုပ်အကြောင်း

16/11/2023 13:00 PM တွင် Khaing Kyi Thit Khaing Kyi Thit မှ ရေးသား

စင်ကာပူနိုင်ငံငယ်လေးဟာ သောက်သုံးရေကို မလေးရှားနိုင်ငံက ဝယ်ယူတင်သွင်းရကြောင်း အတော်များများ သိပြီးသားပါ။ မလေးရှားက ဝယ်ယူတင်သွင်းတဲ့ ရေဟာ စင်ကာပူရဲ့ ရေအရင်းအမြစ် ၄ ခု၊ တစ်နည်းအား ဖြင့် Four National Taps လို့ခေါ်တဲ့ ရေပိုက်ခေါင်း ၄ ခု အနက်က တစ်ခုပဲ ဖြစ်ပါတယ်။ လက်ရှိ စင်ကာပူနိုင်ငံမှာ သုံးစွဲနေတဲ့ ရေပမာဏရဲ့  ၅၀% ဟာ မလေးရှားနိုင်ငံကနေ ဝယ်ယူတင်သွင်းနေတာ ဖြစ်ပါတယ်။  ဒါပေမယ့် ရေကို ဘယ်လိုပုံစံနဲ့ ဝယ်ယူသုံးစွဲနေတာလဲ ဆိုတာ သိပ်ပြီး မလေ့လာဖြစ်ကြပါဘူး။ 

တကယ်တော့ စင်ကာပူနဲ့ မလေးရှားကြားက ရေဝယ်ယူရေး သဘောတူစာချုပ်တွေဟာ နိုင်ငံနှစ်ခုရဲ့ ရှည်လျားတဲ့ အတိတ်သမိုင်းတွေ၊ ဖက်ဒရယ်ပြည်ထောင်စုတစ်ခုရဲ့ ဖွဲ့စည်းပုံတွေ၊ လက်ငင်း နိုင်ငံရေးတွေနဲ့ ဆက်စပ်လို့ နေတာပါ။ 

စင်ကာပူနဲ့ မလေးရှား၏ အတိတ်သမိုင်းကြောင်း

၁၉၆၃ စက်တင်ဘာ ၁၆ မှာ မလေးရှားနိုင်ငံဟာ ဗြိတိသျှကိုလိုနီဘဝက လွတ်မြောက်ပြီး လွတ်လပ်ရေး ရပါတယ်။ မလေးရှားကို တည်ထောင်ရာမှာ ဗြိတိသျှ ကိုလိုနီနယ်မြေ ၃ ခုကို စုပေါင်းပြီး တည်ထောင်တာပါ။ မလေးရှားကျွန်းဆွယ်၊ စင်ကာပူနဲ့ ဘော်နီယိုကျွန်း အနောက်မြောက်ပိုင်း တွေပါ။ မလေးရှားကျွန်းဆွယ်နဲ့ စင်ကာပူကို အနောက်မလေးရှား (Peninsular Malaysia) လို့ ခေါ်ပြီး၊ ဘော်နီယိုကျွန်းပေါ်က ဆာရာ၀ပ်နဲ့ ဆဘတ်ဟ် ပြည်နယ်နှစ်ခုကို အရှေ့မလေးရှား (East Malaysia) လို့ခေါ်ပါတယ်။ ကိုလိုနီခေတ်က အဲဒီဒေသတွေဟာ သီးခြားကိုလိုနီနယ်မြေတွေအဖြစ် တည်ရှိခဲ့တာပါ။ ယနေ့ခေတ် မလေးရှားနိုင်ငံလို စုစုစည်းစည်း ရှိနေခဲ့တာ မဟုတ်ပါဘူး။ ကိုလိုနီခေတ်တလျှောက်မှာလည်း သီးခြားကိုလိုနီနယ်မြေတွေအဖြစ် တည်ရှိခဲ့တာပဲဖြစ်ပါတယ်။ လွတ်လပ်ရေးရတဲ့အခါမှသာ ဆာရာဝပ်၊ ဆဘတ်ဟ်၊ ဆလန်ဂေါ၊ ဂျိုဟာ၊ မလက္ကာ၊ စင်ကာပူစသည်ဖြင့် မတူညီတဲ့ သီးခြားပြည်ထောင်တွေကို စုစည်းပြီး “မလေးရှား” ဆိုတဲ့ ပြည်ထောင်စု(Federal) နိုင်ငံတစ်ခုအဖြစ် စုစည်းတည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီပြည်ထောင်စုတွေထဲက စင်ကာပူဟာ ၁၉၆၅ ဩဂုတ်လမှာတော့ သီးခြားနိုင်ငံအဖြစ် ပြန်ပြီး ခွဲထွက်လာခဲ့ပါတယ်။

ဖက်ဒရယ် နဲ့ ရေအရောင်းအဝယ်

စင်ကာပူနဲ့ မလေးရှားတို့အကြားက ရေအရောင်းအဝယ်စာချုပ်တွေဟာ မလေးရှားနိုင်ငံ မပေါ်ပေါက်မီ ကိုလိုနီခေတ်ကတည်းက စတင်ခဲ့တာ ဖြစ်ပါတယ်။ တိတိကျကျ ပြောပြကြေးဆိုရင် ရေအရောင်းအဝယ်ဟာ မလေးရှားနဲ့ စင်ကာပူကြားက အရောင်းအဝယ် မဟုတ်ပါဘူး။ ဒီကနေ့ မလေးရှားနိုင်ငံရဲ့ ပြည်နယ်တစ်ခုဖြစ်တဲ့ ဂျိုဟာပြည်နယ်နဲ့ စင်ကာပူတို့ကြားက အရောင်းအဝယ်ကိစ္စ ဖြစ်ပါတယ်။ ဂျိုဟာ နဲ့ စင်ကာပူဟာ မလေးရှားနိုင်ငံ မတည်ထောင်ခင်က သီးခြားပြည်ထောင်တွေ ဖြစ်သလို၊ မလေးရှားနိုင်ငံ ထူထောင်ပြီးစမှာလည်း မလေးရှားနိုင်ငံထဲက သီးခြားပြည်နယ်တွေ အဖြစ် ဆက်ရှိနေတာပါ။ ဒါကြောင့် ဂျိုဟာနဲ့ စင်ကာပူဟာ တစ်နိုင်ငံထဲမှာ ရှိနေသည့်တိုင်အေင် စင်ကာပူဟာ ရေကို ဂျိုဟာပြည်နယ်ဆီကနေ ဝယ်ယူသုံးစွဲရပါတယ်။ 

မလေးရှားထဲကနေ စင်ကာပူ ခွဲထွက်သွားပြီးချိန်မှာလည်း ဂျိုဟာက မလေးရှားရဲ့ သီးခြားပြည်နယ်အဖြစ် ဆက်ရှိနေပါတယ်။ ဒါပေမဲ့ စင်ကာပူဟာ ဂျိုဟာပြည်နယ်ထံကနေ ရေကို ဝယ်ယူ သုံးစွဲနေဆဲ ဖြစ်ပါ တယ်။ မလေးရှား ပြည်ထောင်စုအစိုးရနဲ့ အရောင်းအဝယ်လုပ်တာ မဟုတ်ပါဘူး။ 

ဒါကြောင့် စင်ကာပူ - မလေးရှား ရေအရောင်းအဝယ် စာချုပ်တွေကို ပြန်လည်လေ့လာကြည့်ရင် ရေအရင်းအမြစ် စီမံခန့်ခွဲမှုကိုသာမက ဖက်ဒရယ်ပြည်ထောင်စုတို့ရဲ့ သဘောလေးကို တစွန်းတစတို့ထိခွင့်ရရှိ မှာ ဖြစ်ပါတယ်။ သမိုင်းတလျှောက် စင်ကာပူ - မလေးရှား ရေအရောင်းအဝယ် စာချုပ် ၄ ခု ရှိတယ်လို့ ယေဘု ယျအားဖြင့် ပြောလို့ ရပါတယ်။ 

၁၉၂၇ သဘောတူစာချုပ်

၁၉၂၇ ခုနှစ်၊ မလေးရှားနိုင်ငံဆိုတာ မပေါ်ပေါက်ခင်ကတည်းက ဗြိတိသျှတို့ရဲ့ စင်ကာပူ မြူနီစပယ်အဖွဲ့နဲ့ ဂျိုဟာပြည်နယ်ရဲ့ ဆူလတန်ဘုရင်ခံ တို့အကြား ရေစာချုပ် စတင်ချုပ်ဆိုခဲ့တာပါ။ စာချုပ်အရ ဂျိုဟာ ဘုရင်ခံဟာ သူ့ပြည်နယ်ထဲက  Gunong Pulai မှာ ဧက ၂၁၀၀ ကျယ်တဲ့ မြေကို စင်ကာပူကို အငှားချထားပေးပါတယ်။ တစ်နှစ်ငှားရမ်းခက တစ်ဧက ၃၀SEN ပါ။ ရေဖိုးပေးစရာမလိုဘဲ၊ ရေလှောင်ကန်အတွက် မြေငှားခပဲပေးရတဲ့ သဘောပါ။ အဲဒီ့ရေကန်ကနေ စင်ကာပူကို ရေတွေ လှမ်းထောက်ပံ့ပေးတာပါ။ 

ဒါ့အပြင် ဂျိုဟာဘက်က နောက်ထပ် ၂၅ စတုရန်းမိုင်အကျယ် မြေကို အသုံးမပြုဘဲ ၂၁ နှစ်ကြာ ထိန်းသိမ်းထားပေးဖို့ သဘောတူရပါတယ်။ ဂျိုဟာအစိုးရက အဲဒီမြေပေါ်မှာ တစ်ခုခုလုပ်ချင်ရင် စင်ကာပူမြူနီစပယ်ကို အသိပေးရမှာဖြစ်ပြီး သဘောတူမှ ဆောင်ရွက်ခွင့် ရမှာပါ။ စင်ကာပူအနေနဲ့ အဲဒီအရံမြေပေါ်ကနေ ရေထုတ်ယူမယ်ဆိုရင် တစ်နှစ်ငှားရမ်းခအနေနဲ့ တစ်ဧက ၅ ဒေါ်လာနှုန်း ပေးရမှာ ဖြစ်ပါတယ်။ 

စာချုပ်အရ စင်ကာပူဟာ သန့်စင်ပြီးရေကို နေ့စဉ် ဂါလံ ၈ သိန်းနှုန်းနဲ့ ဂျိုဟာပြည်နယ်ကို ပြန်ရောင်းပေးရပါတယ်။ ဂါလံ တစ်ထောင်ကို ၂၅SEN နှုန်းနဲ့ပါ။ ဂျိုဟာက ရေသန့်ပိုလိုချင်ရင် ၁၉၂၉ ခုနှစ်နောက်ပိုင်းမှာမှ တိုးပြီး ရနိုင်မယ်လို့ သတ်မှတ်ပါတယ်။ ဒါပေမယ့် တစ်ပတ်ကို ဂါလံ ၁၂ သိန်းထက် မပိုရဘူးလို့ ကန့်သတ်ထား ပါတယ်။ 

အခုတော့ အဲဒီ ၁၉၂၇ သဘောတူညီချက် စာချုပ်က အသက်မဝင်တော့ပါဘူး။၁၉၆၁ သဘောတူစာချုပ်အသစ်တွေနဲ့ အစားထိုးလိုက်ပါပြီ။ 

၁၉၆၁ သဘောတူစာချုပ်

၁၉၆၁ မှာ The Tebrau and Scudai Rivers Water Agreement ဆိုတဲ့ ရေစာချုပ်ကို ပြန်ချုပ်ပါတယ်။ ဂျိုဟာပြည်နယ်အစိုးရနဲ့ စင်ကာပူ မြို့တော်ကောင်စီတို့အကြား ချုပ်ဆိုကြတာပါ။ အဲဒီစာချုပ်အရ ၁၉၂၇ ရေ စာချုပ် ပျက်ပြယ်သွားပါတယ်။ အဲဒီနှစ် စက်တင်ဘာ ၁ ရက်က စတင်ပြီး ဂျိုဟာပြည်နယ် ထဲက Gunong Pulai ၊ Sungei Tebrau နဲ့ Sungei Scudai ဒေသတွေရဲ့ သတ်မှတ်နေရာတွေက ရေကို စင်ကာပူက ထုတ်ယူသုံးစွဲခွင့် ရသွားပါတယ်။ 

တစ်ဧက မြေငှားရမ်းအသုံးပြုခအနေနဲ့ တစ်နှစ်ကို မလေးရှားငွေ ၅ ရင်းဂစ်နှုန်း စင်ကာပူက ပေးရပါတယ်။ မြေငှားခအပြင် ရေဖိုးပါ ထပ်ပေးရပါတယ်။ ရေဂါလံ ၁၀၀၀ တိုင်းအတွက် ၃SEN နှုန်း သတ်မှတ်ထားတာပါ။ 

တစ်ဖက်မှာတော့ ဂျိုဟာကနေနေ့စဉ်ထုတ်ယူတဲ့ ရေပမာဏရဲ့ ၁၂ % နဲ့ညီမျှတဲ့ ရေသန့်ကို စင်ကာပူက ဂျိုဟာပြည်နယ်ထံ ပြန်လည်ရောင်းချပေးရပါတယ်။ အနည်းဆုံးသတ်မှတ်ချက်အနေနဲ့ တစ်ရက်ကို ရေဂါလံ ၄ သန်း ပြန်ရောင်းပေးရမှာပါ။ ဂါလံတစ်ထောင်ကို စင်ကာပူငွေ ၅၀ ဆင့် နှုန်းနဲ့ပါ။ 

စာချုပ်သက်တမ်းဟာ အနှစ် ၅၀ ဖြစ်တာမို့ ၂၀၁၁ ခုနှစ်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပေမဲ့ ၁၉၆၂ ခုမှာ စာချုပ်ထပ်ချုပ်ဖြစ်ခဲ့လိုက်ကြပါတယ်။

၁၉၆၂ သဘောတူစာချုပ်

၁၉၆၂ ခုနှစ်မှာ ထပ်ပြီး The Johor River Water Agreement ကို ချုပ်ပြန်ပါတယ်။ ဒီစာချုပ်ကတော့ ဂျိုဟာမြစ်ရေကို အသုံးချခွင့်ပါ။ စာချုပ်သက်တမ်းက ၉၉ နှစ်ဖြစ်ပြီး ၂၀၆၁ ခုနှစ်အထိ ဖြစ်ပါတယ်။ 

စာချုပ်အရ စင်ကာပူဟာ ဂျိုဟာမြစ်ထဲက ရေကို နေ့စဉ် ဂါလံ သန်း ၂၅၀ နှုန်း ထုတ်ယူခွင့် ရပါတယ်။ ရေဖိုးအနေနဲ့ ဂါလံ ၁၀၀၀ တိုင်းအတွက် ၃ SEN ပေးရပါတယ်။

ထုတ်ယူတဲ့ရေပမာဏရဲ့ ၂% နဲ့ ညီမျှတဲ့ ရေသန့်ကို စင်ကာပူက ဂျိုဟာပြည်နယ်ထံ ပြန်ရောင်းပေးရပါ တယ်။ ရေ ဂါလံ ၁၀၀၀ ကို ၅၀SEN နှုန်းနဲ့ ပြန်ရောင်းတာပါ။ 

၁၉၆၁ စာချုပ်ရော၊ ၁၉၆၂ စာချုပ်မှာပါ ရေဈေးနှုန်းကို ၂၅ နှစ်တစ်ကြိမ် ပြန်သုံးသပ်ပြီး ပြင်ဆင်ဖို့ ဆိုထားပေမယ့် ၁၉၈၆ ‌မှာရော၊ ၁၉၈၇ မှာပါ ပြင်ဆင်ခဲ့ခြင်း မရှိပါဘူး။ စာချုပ်နှစ်ခုစလုံးဟာ စင်ကာပူ သီးသန့်နိုင်ငံအဖြစ် မထူထောင်ခင်ကတည်းက ချုပ်ဆိုခဲ့တာမို့ ၁၉၆၅ ခုနှစ် မလေးရှားနိုင်ငံထဲက ခွဲထွက်တဲ့ အခါမှာလည်း အဲဒီ့ရေစာချုပ်တွေ ဆက်လက် အသက်ဝင်နေဖို့ မလေးရှားဖက်က အာမခံခဲ့ရပါတယ်။ 

၁၉၉၀ သဘောတူစာချုပ်မှာတော့

၁၉၉၀ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်မှာ ဂျိုဟာပြည်နယ်အစိုးရ နဲ့ စင်ကာပူ အများပြည်သူပိုင်ရေးရာ ဘုတ် အဖွဲ့ (Public Utilities Board - PUB) တို့အကြား ရေအရောင်းအဝယ် စာချုပ်သစ်ကို လက်မှတ်ရေးထိုးခဲ့ပြန်ပါတယ်။ ဒီစာချုပ်ဟာ ၁၉၆၂ သဘောတူစာချုပ်ကို ထပ်ဆောင်းဖြည့်စွက်တာဖြစ်ပြီး၊ သက်တမ်းကလည်း ၂၀၆၁ ခုနှစ်မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်က ဂျိုဟာမြစ်ရေကို စင်ကာပူက ဝယ်ယူထားတဲ့ စာချုပ်အရ မြစ်ရေကို ပိုပြီး ထိထိရောက်ရောက် ရယူနိုင်ဖို့ ရေကာတာဆောက်ပြီး ထုတ်ယူနိုင်ရေး ထပ်မံသဘောတူတဲ့ စာချုပ် လို့ ပြောလို့ရပါတယ်။ 

အဲဒီစာချုပ်နဲ့ အတူ မလေးရှားပြည်ထောင်စုအစိုးရ (ဗဟိုအစိုးရ) နဲ့ စင်ကာပူအစိုးရကြားမှာ သီးခြားစာချုပ်တစ်ရပ်ကို ထပ်ပြီး လက်မှတ်ထိုးခဲ့ပါတယ်။ ဂျိုဟာနဲ့ စင်ကာပူကြားက ရေအရောင်းအဝယ်စာချုပ်တွေကို မလေးရှားဗဟိုအစိုးရက သိရှိပြီး စာချုပ်ပါအချက်အလက်တွေအတိုင်း လက်ခံသဘောတူ လိုက်နာမယ်ဆိုတဲ့အကြောင်း ထပ်လောင်းအတည်ပြု အာမခံတဲ့ စာချုပ်ပါ။ (မလေးရှားက ဂျိုဟာနဲ့ ချုပ်တဲ့ စာချုပ်တွေကို ဗဟိုအစိုးရက ဖယ်ရှားပြီး စင်ကာပူကို ရေ နဲ့ အကျပ်ကိုင်လာမှာမျိုးကို မလိုလားတာလည်း ပါလိမ့်မယ်လို့ စာရေး သူက ယူဆမိပါတယ်။) 

စာချုပ်သစ်အရ စင်ကာပူဟာ ဂျိုဟာမြစ်ရဲ့ မြစ်လက်တက် တစ်ခုဖြစ်တဲ့ Sungei Linggiu မြစ်ကို ဖြတ်ပြီး ရေကာတာ တစ်ခု ဆောက်လုပ်ခွင့် ရရှိပါတယ်။ ဒီစီမံကိန်းအတွက် ဂျိုဟာပြည်နယ်ဘက်က မြေဧရိ ယာ ၂၁၆၀၀ ဟက်တာ ပေးလိုက်ရပါတယ်။ အဲဒီ မြေပေါ်မှာ ရေကာတာ ဆောက်လိုက်တဲ့အတွက် နဂိုအတိုင်း ဘယ်လိုမှ ပြန်မရနိုင်တော့တာကြောင့် သီးသန့်လျော်ကြေးငွေအဖြစ် စင်ကာပူက မလေးရှားရင်းဂစ် သန်း ၃၂၀ ပေးဖို့ သဘောတူရပါတယ်။ ဒါက မြေငှားရမ်းခ မဟုတ်သေးပါဘူး။ မြေကို ငှားပြီး ရေကာတာ ဆောက်လိုက်တဲ့ အတွက် ပျက်စီးဆုံးရှုံးမှုအပေါ် ပေးတဲ့ လျော်ကြေးငွေပါ။ 

မြေငှားရာမှာတော့ စပေါ်ငွေ (premium) အဖြစ် စင်ကာပူဟာ မြေတစ်ဟက်တာကို ရင်းဂစ် ၁၈,၀၀၀ နှုန်း ပေးရပါတယ်။ ငှားရမ်းခအဖြစ်ကတော့ မြေ ၁၀၀၀ စတုရန်းပေ ကို ရင်းဂစ် ၃၀ နှုန်း နှစ်စဉ် ပေးသွင်းရမှာ ဖြစ်ပါတယ်။ 

စင်ကာပူအတွက် အကျိုးထူးတာကတော့ ရေကာတာမှာ ရေသန့်စင်စက်ရုံ တွဲဖက်တည်ဆောက်ထားပြီး ရေသန့်ကို တိုက်ရိုက် ရယူနိုင်ခြင်းပါ။ 

ရေကာတာက နေ့စဉ် ရရှိနိုင်တဲ့ ရေပမာဏဟာ ၁၉၆၂ စာချုပ်မှာ သတ်မှတ်ထားတဲ့ ဂျိုဟာမြစ်ရေကို တစ်ရက် ရေဂါလံ သန်း ၂၅၀ ထုတ်ယူမယ် ဆိုတဲ့ သတ်မှတ်ပမာဏထက် ပိုများပါတယ်။ ဒါကြောင့် သန်း ၂၅၀ အထိကို ၁၉၆၂ သဘောတူစာချုပ်ပါအတိုင်း စင်ကာပူက ဝယ်ယူပါတယ်။ အဲဒီထက် ပိုတဲ့ရေပမာဏအတွက်ကိုတော့ ဈေးနှုန်းအသစ် ထပ်မံ သတ်မှတ်ပါတယ်။ 

ရေကာတာက နေ့စဉ် ရရှိနိုင်တဲ့ ရေပမာဏဟာ ၁၉၆၂ စာချုပ်မှာ သတ်မှတ်ထားတဲ့ ဂျိုဟာမြစ်ရေကို တစ်ရက် ရေဂါလံ သန်း ၂၅၀ ထုတ်ယူမယ်ဆိုတဲ့ သတ်မှတ်ပမာဏထက် ပိုများပါတယ်။ ဒါကြောင့် သန်း ၂၅၀ အထိကို ၁၉၆၂ သဘောတူစာချုပ်ပါအတိုင်း စင်ကာပူက ဝယ်ယူပါတယ်။ အဲဒီထက် ပိုတဲ့ ရေပမာဏအတွက် ကိုတော့ ဈေးနှုန်းအသစ် ထပ်မံ သတ်မှတ်ပါတယ်။

သတ်မှတ်ပုံ ဖော်မြူလာက ဒီလိုပါ။ 

- ဂျိုဟာမှာ အစိုးရက သူ့ပြည်သူကို ရေဖြန့်ဝေရောင်းချရာမှာ သတ်မှတ်ကောက်ခံတဲ့တဲ့ ရေ တစ်ယူနစ်ရဲ့ ဈေးနှုန်း (Johor water tariff)ကို အခြေခံ‌ဈေးနှုန်းအဖြစ် သတ်မှတ်ပါ တယ်။

[ဥပမာ ၅၀ ရင်းဂစ် ဆိုပါစို့။]

- စင်ကာပူက ထုတ်ယူတဲ့ ရေဂါလံ သန်း ၂၅၀ ထက် ပိုလာတဲ့ ရေတွေ (ဥပမာ ရေဂါလံ သန်း ၂၆၀ ကို ထုတ်ယူရင် သတ်မှတ်တဲ့ ရေ ဂါလံ ၁၀ သန်း ပိုရတဲ့ သဘောပါ။) ကို  စင်ကာပူအစိုးရက သူ့ပြည်သူတွေထံ ရောင်းချတဲ့အခါ တစ်ယူနစ်ကို အမြတ်ငွေ ဘယ်လောက်ကျန်သလဲ တွက်ပါတယ်။  အမြတ်ငွေရဲ့ ၅၀% ကို Johor water tariff နဲ့ ပေါင်းပါတယ်။

[ဥပမာ စင်ကာပူက ရေတစ်ယူနစ် ‌ပြန်ရောင်းလို့ အမြတ်ငွေက ၁၀ ရင်းဂစ် ရတယ် ဆိုပါစို့။ ၅၀ % ဆိုတော့ ၅ ရင်းဂစ် ရပါတယ်။ Johor water tariff ဖြစ်တဲ့ ၅၀ ရင်းဂစ်နဲ့ ၅ ရင်းဂစ် ပေါင်းရင် ၅၅ ရင်းဂစ် ရပါတယ်။]

တကယ်လို့ ပေါင်းလိုက်တဲ့ ရလဒ်က Johor water tariff ရဲ့ ၁၁၅% အောက်မှာပဲ ရှိတယ်ဆိုပါစို့။ ၁၉၆၂ သဘောတူညီချက်မှာ ပါတဲ့ ပမာဏထက် ပိုထုတ်ယူတဲ့ ရေအတွက် တန်ဖိုးကို တွက်ချက်ရာမှာ Johor water tariff ရဲ့ ၁၁၅% ပေးရမယ်လို့ သတ်မှတ်ပါတယ်။ တကယ်လို့ တွက်ချက်မှု ရလဒ်က Johor water tariff ရဲ့ ၁၁၅% ထက် ကျော်နေမယ်ဆိုရင်တော့ တွက်ချက်လို့ ရတဲ့အတိုင်း ပေးချေရမှာ ဖြစ်ပါတယ်။ 

[Johor water tariff ရဲ့ ၁၁၅% က ၅၀ + ၇.၅ = ၅၇.၅ ရင်းဂစ်ပါ။ အပေါ်မှာ တွက်ထားတာက ၅၅ ရင်းဂစ် မို့ Johor water tariff ရဲ့ ၁၁၅% အောက် လျော့နည်းပါတယ်။ ဒါဆို ၅၇.၅ ရင်းဂစ် နှုန်းနဲ့ ရေဖိုးရှင်းပေးရမှာပါ။ 

တကယ်လို့ စင်ကာပူက ရေတစ်ယူနစ် အမြတ်ငွေ ၂၀ ရင်းဂစ် ရတယ်ဆိုရင် ၅၀% က ၁၀ ရင်းဂစ် ဖြစ်ပါမယ်။ ဒါဆိုရင်တော့ Johor water tariff ၅၀ ရင်းဂစ် + ၁၀ ရင်းဂစ် = ၆၀ ရင်းဂစ် ရပါမယ်။ Johor water tariff ရဲ့ ၁၁၅% က ၅၇.၅ ရင်းဂစ် ဖြစ်ပေမယ့် ၆၀ ရင်းဂစ်နဲ့ပဲ ရှင်းပေးရပါမယ်။] ဆိုပြီး သတ်မှတ်ခဲ့ကြပါတယ်။

၂၀၆၁ ခုနှစ် အလွန်

၁၉၂၇ စာချုပ်က ၁၉၆၁ ခုနှစ်မှာ တရားမဝင်တော့ပါဘူး။ ၁၉၆၁ စာချုပ်က ၂၀၁၁ ခုနှစ်မှာ သက်တမ်း ကုန်ဆုံးသွားပါပြီ။ ၁၉၆၂ ခုနှစ် စာချုပ်နဲ့၊ အဲဒီစာချုပ်ကို ထပ်ဖြည့်ချုပ်ဆိုတဲ့ ၁၉၉၀ စာချုပ်တွေကတော့ ၂၀၆၁ ခုနှစ်မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။ စင်ကာပူအနေနဲ့ ၂၀၆၁ ခုနှစ်မှာ ပြည်ပက ရေဝယ်ယူသုံးစွဲရတာမျိုး မလုပ်လိုတော့ဘဲ ကိုယ်တိုင် ရေထုတ်လုပ်သုံးစွဲနိုင်တဲ့ နိုင်ငံတစ်ခု ဖြစ်လာဖို့ အခုအချိန်မှာ ကြိုးပမ်း‌ဆောင်ရွက်နေကြပါတယ်။

 

သတိပြုမိတာလေးတွေ

စင်ကာပူနဲ့ မလေးရှားတို့အကြားက ရေအရောင်းအဝယ် စာချုပ်တွေအကြောင်း လေ့လာတဲ့အခါ ပထမဆုံး သတိပြုမိတဲ့ ကိစ္စတစ်ခုကတော့ “ဖက်ဒရယ်ပြည်ထောင်စုတွေရဲ့ သဘောတရား၊ ဖက်ဒရယ် ပြည်နယ်တွေရဲ့ အခွင့်အရေး၊ ဖက်ဒရယ်စနစ်မှာ ဗဟိုနဲ့ ပြည်နယ်တွေအကြား အပြန်အလှန်ထားရှိရမယ့် သဘောထားနဲ့ လေးစားမှု” တွေအကြောင်းပါ။ ဂျိုဟာပြည်နယ်ရော၊ စင်ကာပူ ပါ ဖက်ဒရယ် အခွင့်အရေးတွေကို အတော်လေး အသုံးချနိုင်တာကို သတိထားမိပါတယ်။ ဂျိုဟာပြည်နယ်နဲ့ ပြည်ပနိုင်ငံတစ်နိုင်ငံရဲ့ ဆက်ဆံရေးအပေါ် ဗဟိုအစိုးရက တတ်နိုင်သမျှ လွတ်လပ်ခွင့်ပေးထားပြီး၊ လိုအပ်ရင် တာဝန်ယူပေး၊ တာဝန်ခံပေးတာကလည်း သတိ ပြုစရာ ကောင်းတဲ့ ကိစ္စပါပဲ။ (စိုက်ပျိုးမွေးမြူရေးနဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ အကြောင်းအရာ ဆိုပေမယ့် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်မယ်လို့ ရည်မှန်းထားတဲ့ မြန်မာနိုင်ငံက စိုက်ပျိုးမွေးမြူသူတွေလည်း အတွေးကြိုပွားထားနိုင်ဖို့ ဒီအချက်ကို ထည့်ပြောဖြစ်တာပါ။)

ဒုတိယအချက် သတိပြုမိတာကတော့ “အရင်းအမြစ် စီမံခန့်ခွဲမှု” ဆိုတဲ့ ကိစ္စပါ။

စင်ကာပူက ရေ မရှိလို့ ရေ အရင်းအမြစ်ကို ရအောင် ရှာဖွေသလို၊ ဂျိုဟာပြည်နယ်ကလည်း ရေ ရှိတာမို့ ရေကို အသုံးချပြီး စီးပွားရှာတာကို တွေ့ရမှာပါ။ အရင်းအမြစ် ဆိုတာ “မပျက်ယွင်းအောင် ထိန်းသိမ်းရမယ့် ကိစ္စတစ်ရပ်” ဖြစ်သလို၊ တစ်ဖက်မှာလည်း “ရေရှည်တည်တံ့မှုကို ထိန်းသိမ်းရင်း အကျိုးရှိရှိ၊ မှန်ကန်ထိရောက်စွာ အသုံးချရမယ့် အရာတွေ” ဖြစ်ပါတယ်။ 

ရေအရင်းအမြစ်ကို နှစ်ဖက် အကျိုးစီးပွားအတွက် အပြန်အလှန် အရောင်းအဝယ်ပြုလုပ်ရာမှာ တစ်ဖက်စောင်းနင်း မဟုတ်ဘဲ “နှစ်ဖက်အကျိုးစီးပွားကို အမျှတဆုံး အခြေအနေရောက်အောင်” ညှိနှိုင်းကြရတာကိုလည်း သင်ခန်းစာယူစရာအဖြစ် မှတ်သားမိပါတယ်။ 

အရေးအကြီးဆုံးထုတ်ယူမိတဲ့ သင်ခန်းစာကတော့ စင်ကာပူနိုင်ငံရဲ့ ရေရှည်အမြော်အမြင် ဖြစ်ပါတယ်။ မလေးရှားကနေ ရေတွေ ဝယ်သုံးလို့ ရနေသလို၊ ဝယ်သုံးနိုင်တဲ့ ချမ်းသာကြွယ်ဝမှုလည်း ရှိပေမယ့် ရေရှည်မှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တာ အကောင်းဆုံးဆိုတဲ့ သဘောထားခံယူချက် စင်ကာပူမှာ ရှိနေပါတယ်။ အဲဒီလို ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်၊ ကိုယ့်ရေကို ကိုယ်သောက်နိုင်ဖို့ သင့်တင့်လျောက်ပတ်တဲ့ အချိန်တစ်ခုယူပြီး အမြော်အမြင်ရှိရှိ ပြင်ဆင်နေတယ်ဆိုတဲ့ အချက်ဟာ အတုယူစရာပါ။ 

ရေတောင် သောက်စရာသုံးစရာ မရှိတဲ့ စင်ကာပူနိုင်ငံငယ်လေးရဲ့ ရေအရင်းအမြစ် စီမံခန့်ခွဲမှု အကြောင်းတွေ စာစီရင်း “ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ” ဆိုတဲ့ မြန်မာနိုင်ငံကရော၊ ဘယ်လိုအမြော်အမြင်မျိုးနဲ့ သမိုင်းခေတ်တွေကို ဖြတ်သန်းခဲ့ကြပါသလဲ၊ လက်ရှိမှာ ဘယ်လို အခြေအနေအဆင့်အတန်းကို ရောက်ရှိနေပါပြီလဲ။ အနာဂတ်အတွက် ဘာတွေ ကြိုတင်ပြင်ဆင်ထားပြီး၊ ဘာတွေမျှော်လင့်နိုင်မလဲမေးခွန်းတွေကို စာရေးသူရဲ့ စိတ်နားထဲမှာ ပဲ့တင်ထပ်ပြီး ကြားယောင်နေမိပါတယ်လို့ဆိုရင်း..

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်