မုန်တိုင်းအားလျော့သွားသော်လည်း မိုးလျော့နိုင်ဖွယ်မရှိ

02/08/2023 16:35 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မိုးဇလရဲ့ ဒီနေ့ ဩဂုတ် ၂ ရက် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်ကို ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်ထဲမှာ ဖြစ်ပေါ်ခဲ့တဲ့ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်း သို့မဟုတ် မုန်တိုင်းငယ်ဟာ ကုန်းတွင်းဝင်ပြီး အားပျော့သွား တော့မှာဖြစ်ပေမဲ့ မိုးများနေတဲ့အခြေအနေတွေကတော့ လျော့ကျသွားနိုင်စရာမရှိဘူးလို့ နိုင်ငံတကာ မိုးလေဝသထုတ်ပြန်ချက်တွေကိုကိုးကားပြီး မိုးလေဝသခန့်မှန်းပေးနေသူ ဦးဝင်းနိုင်က ပြောပါတယ်။

‘ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလား ပြည်နယ်ကုန်းတွင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်း ငယ်(Deep Depression)သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး၊ နောက်(၆)နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဂျက်ခန်းပြည်နယ်ကို ဖြတ် ကျော်ပြီးနောက် မုန်တိုင်းငယ်(Depression)အဖြစ်သို့လည်းကောင်း၊ နောက်(၃၀) နာရီအတွင်း လေဖိအားနည်းရပ်ဝန်း(Low Pressure Area)အဖြစ်သို့လည်းကောင်း တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်’ လို့ မိုးဇလက ထုတ်ပြန်ထားတာပါ။

ဒီလိုအားလျော့သွားမှုကြောင့် မိုးတွေလျော့သွားနိုင်သလား၊ နောက် ၃ ရက်အတွင်း (ဩဂုတ် ၂ ရက် မွန်းလွဲ ၃ နာရီမှ ဩဂုတ် ၅ ရက် မွန်းလွဲ ၃ နာရီထိ) ဘယ်ဒေသတွေမှာ မိုးများပြီး ဘယ်ဒေသတွေ မိုးနည်းနိုင်သလဲဆိုတာတွေကို ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြ ပေးလိုက်ပါတယ်။

မုန်တိုင်း လက်ရှိအခြေအနေနဲ့ အလားအလာ

“ ဒီမှာ JTWC (အမေရိကန်ရေတပ်မိုးလေဝသဌာန) က အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းဆိုပြီးထုတ်တယ်။ အိန္ဒိယမိုးလေဝသနဲ့ မိုးဇလကကျတော့ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်း သို့မဟုတ် မုန်တိုင်းငယ်ဆိုပြီးပဲထုတ်တယ်။ အဲ့ဒီနှစ်ခုကွာတဲ့ အချက်လေး အရင်ပြောပြမယ်”  

“ အဓိက လေတိုက်နှုန်းသတ်မှတ်ပုံတွေ မတူတာပေါ့။ အဲ့ဒါကြောင့် JTWC က ဆိုင်ကလုန်းမုန်တိုင်း 04B Four ဆိုပြီးထုတ်တယ်။ အိန္ဒိယမိုးလေဝသဌာနကတော့ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ် ဆိုပြီးပဲ ထုတ်တယ်။ အဲ့တော့ အိန္ဒိယမိုးလေဝသနဲ့ မိုးဇလက ယူတဲ့လေတိုက်နှုန်းကကျ သုံးမိနစ် ဆက်တိုက်တိုက်တဲ့ လေတိုက်နှုန်းကို စံယူတယ်။ JTWC ကကျ တစ်မိနစ်ဆက်တိုက်တိုက်တဲ့ လေတိုက် နှုန်းကို စံသတ်မှတ်တယ်။ အဲ့ဒီမှာ မုန်တိုင်းအဆင့်သတ်မှတ်ချက်တွေ ကွဲသွားတာပဲ”

“ အခုလက်ရှိမှာ အိန္ဒိယမိုးလေဝသဌာနက သတ်မှတ်ထားတာက တစ်နာရီ ၃၅ မိုင်နှုန်းပဲ သတ်မှတ် တယ်။ အဲ့ဒီအချိန်မှာ JTWC က မိုင် ၄၀ နဲ့အထက်ထိ သတ်မှတ်တယ်။ အဲ့ဒီမှာကွာသွားတာ။ ဖိအား အဆင့် သတ်မှတ်ပုံကျတူတူပဲ။ ဆိုင်ကလုန်းမုန်တိုင်းအဆင့်သတ်မှတ်တာနဲ့ အားကောင်းတဲ့ လေဖိအားနည်း ရပ်ဝန်းအဆင့်သတ်မှတ်တာတွေ ကွာသွားတာက အဲ့ဒါကြောင့်ပါပဲ”

“ အဲ့တော့သူကလောလောဆယ်မှာ အနောက်ဘင်္ဂလားပင်လယ်ကိုဖြတ်ပြီးတော့ အိန္ဒိယကုန်းတွင်းထဲကိုတော့ သွားနေတယ်။ ဒါပေမဲ့ ကမ်းခြေနဲ့ကျ သိပ်မဝေးသေးဘူး။ ဆိုတော့ သူ့ရဲ့ လေတိုက်နှုန်းအနေ အထားက ပင်လယ်ပြင်မှာ အနောက်တောင်မုတ်သုံလေအားက တစ်နာရီကို မိုင် ၄၀ ကနေ ၅၀ လောက်ထိ ဖြစ်နေတုန်းပဲ။ အဲ့ဒါကြောင့်မို့လို့လည်း မိုးနည်းတဲ့ဒေသ ပိုကျဉ်းသွားတာပေါ့။ ဆိုတော့ တစ်နိုင်ငံလုံးမိုးရွာမယ့်အနေအထားကတော့ ဆက်ရှိမယ်”

လာမည့် ၃ ရက် (၇၂ နာရီ) အတွင်း မိုးနည်း၊ မိုးများနိုင်မည့်ဒေသများ (ဆရာဦးဝင်းနိုင်ခန့်မှန်းချက်)

လက်ရှိနှုန်းထားအတိုင်းပဲ ဆက်သွားနေမှာပဲ။ တစ်ခုပဲ အလယ်ပိုင်းဒေသလေးတွေတော့ အပြောင်းအလဲနည်းနည်းရှိသွားမယ်။ ဥပမာ မန္တလေးတိုင်းထဲဆိုရင် သပိတ်ကျင်းမြို့နယ်လေးတစ်ခုပဲ မိုးနည်းနိုင်တဲ့ထဲ ပါတော့မယ်။ အဲ့လိုပဲ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းဆိုလည်း အရင်သုံးရက်နဲ့ယှဉ်ရင် မိုးနည်းနိုင်တဲ့ ဒေသလေးတွေ နည်းနည်းပြောင်းသွားတယ်။

ဆိုတော့ ကျွန်တော်ခန့်မှန်းတာတော့ ပြီးခဲ့တဲ့အနေအထားထက်ကို နည်းနည်းလေးတောင် မိုးပိုလာသေးတယ်။

မိုးနည်းနိုင်သည့်ဒေသများ ( မိုးရေချိန် ၀.၁၆ လက်မ မှ ၀.၂၂ လက်မအထိ ရွာနိုင်)

  • မန္တလေးတိုင်း (သပိတ်ကျင်းမြို့နယ်)
  • မကွေးတိုင်း (ကံမ၊ ပေါက်၊ မြိုင်၊ ရေစကြို၊ ငသရောက် မြို့နယ်များ)
  • စစ်ကိုင်းတိုင်း(ပုလဲ၊ ချောင်းဦး၊ ယင်းမာပင်၊ မုံရွာ၊ ဘုတလင်၊ အရာတော်မြို့နယ်များ)

မိုးအသင့်အတင့်ရွာနိုင်သည့်ဒေသများ ( မိုးရေချိန် ၁.၂ လက်မ မှ ၂ လက်မခန့်အထိ ရွာနိုင်)

  • ကချင်ပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း အနောက်ပိုင်း၊ ရှမ်းပြည်နယ်အနောက်ပိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကယားပြည်နယ်၊ ချင်းပြည် နယ်၊ တနင်္သာရီတိုင်းတောင်ပိုင်း(မြိတ်မြို့အောက်ဘက်)

မိုးများနိုင်သည့်ဒေသများ (၃ လက်မအထက် - ၅ လက်မအထိ)

  • ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်းအရှေ့ခြမ်း(စစ်တောင်မြစ်ဝှမ်းတလျှောက်)၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း(မြိတ်မြို့အထက်ပိုင်း)

မိုးအလွန်များနိုင်သည့်ဒေသများ (၆ လက်မ မှ ၁၀ လက်မကျော်အထိ ရွာနိုင်)

  • ကချင်ပြည်နယ်တောင်ပိုင်း - မြို့လှ၊ ဆင်ဘို၊ မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်း၊ ကာမိုင်း၊ ဖားကန့်ဝန်းကျင်
  • ပင်လယ်ပြင်ဒေသတွေဖြစ်တဲ့ ရခိုင်ကမ်းရိုးတန်း၊ ဧရာဝတီအနောက်ပိုင်းကမ်းရိုးတန်း၊ မြစ်ဝကျွန်း‌ပေါ် ကမ်းနီးရေလုပ်ငန်းလုပ်ကွက်များနှင့် မွန်၊ တနင်္သာရီကမ်းရိုးတန်း ကမ်းနီးပင်လယ်ပြင်တွေမှာ ဩဂုတ် ၄ ရက်နေ့အထိ လေတိုက်နှုန်း တစ်နာရီ ၂၅ မိုင်မှ မိုင် ၃၀၊ လှိုင်းအမြင့် ၉ ပေ မှ ၁၁ ပေအထိ ရှိနိုင်သေးတယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။

Photos Crd_ U Win Naing

Crd_မိုးဇလ

#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်