ဧပြီလ ၃၀ ရက် ည ၁၀ နာရီမှာရရှိတဲ့ ဒေတာတွေအရ
တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း (အလယ်ပိုင်းနှင့်အောက်ပိုင်း)၊ ရှမ်းပြည်နယ် တွေမှာ ၂၀၂၅ ခုနှစ်၊ မေလအတွင်း နှစ်စဉ်ရွာသွန်းမြဲအထက်(အများဆုံး ၁၀ မီလီမီတာမှ ၂၀ မီလီမီတာ = ၀.၄ လက်မ မှ ၀.၈ လက်မ)အထိ မိုးပိုမိုရွာသွန်းနိုင်ပြီး ကချင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့်ထိစပ်လျှက်ရှိသော ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအချို့နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသအချို့နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ နှစ်စဉ်ရွာသွန်းမြဲမိုးရေချိန်ခန့်သာ မိုးရွာသွန်းနိုင်ပါမယ်။
လက်ရှိအချိန်မှာ ဖြစ်ပေါ်နေသည့် အချိန်အခါမဟုတ်မိုးရွာသွန်းခြင်းများသည် မေလ ၄ ရက်နှင့်နောက်ပိုင်းတွင် ခေတ္တရပ်တန့်သွားနိုင်ပြီး၊ မေလ ၁၀ ရက်နောက်ပိုင်းတွင် တနင်္သာရီတိုင်းမှ စတင်၍ မုတ်သုံမိုးဦးရွာသွန်းခြင်း စတင်နိုင်မည်ဟု ခန့်မှန်းရပါတယ်။
တနင်္သာရီတိုင်းနှင့် ထိစပ်လျက်ရှိသော မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ၁ ရက်ခန့်နောက်ကျပြီး မေလ ၁၁ ရက်နောက်ပိုင်းတွင် မုတ်သုံမိုးဦး စတင်ရွာသွန်းနိုင်မည်ဟု ခန့်မှန်းပါတယ်။ တနင်္သာရီတိုင်းရဲ့ မုတ်သုံမိုးဦးရွာသွန်းနိုင်တဲ့ အခြေအနေက ၂၄ နာရီအတွင်း ၂ လက်မခွဲခန့်အထိ မိုးများနိုင်ပါမယ်။
ECMMWF Model ကြိုတင်ခန့်မှန်းချက်အရ မေလ ၁၃ ရက်မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းသို့ အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်နိုင်ကြောင်းတွေ့ရပါသည်။ ECMWF ခန့်မှန်းချက်အရ ထိုအချိန်တွင် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်တို့တွင် မုတ်သုံလေအားကောင်းနေမည်ဖြစ်ကြောင်း၊ လေတိုက်နှုန်း တစ်နာရီ ၃၇ မိုင်ခန့်ရှိနိုင်ကြောင်းတွေ့ရပါတယ်။
"ECMWF AIFS ကြိုတင်ခန့်မှန်းချက်များအရ မေလ လလယ်ပိုင်းအတွင်း ဘင်္ဂလားပင်လယ်အော်အတွင်းမှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်လာနိုင်ပြီး မြန်မာနိုင်ငံတွင်(တနိုင်ငံလုံးအတိုင်းအတာဖြင့်)မိုးဦးကာလအတွင်း မေ ၁၆ မှ ဇွန်လ ၁၅ ရက်အတွင်းမိုးပိုလာနိုင်သည်" ဆိုသော ကြိုတင်ခန့်မှန်းချက်တခုကို ECMWF AI Forecast မှတွေ့ရပါတယ်။
ပုံမှန်အားဖြင့် ၁၄ ရက် ခန့်လိုနေသေးတာဖြစ်ပြီး၊ ပြောင်းလဲမှုတွေအများကြီးရှိလာနိုင်တာအပြင် လူမှုကွန်ယက်ပေါ်မှာချဲ့ကား၍ ရေးတတ်တာတွေကြောင့် အခုလို ကြိုတင်ခန့်မှန်းချက်တွေ့ရင်ချက်ချင်ချင်းတင်ပေးလေ့မရှိပါ။ အနည်းဆုံး ၆၀% အထက် သေချာမှုရှိသည်အထိစောင့်ကြည့်ပြီးမှ အသိပေးတင်ပြတာကိုလုပ်ပါတယ်။
မတ်လ ၂၈ ရက်နေ့က လှုပ်ခဲ့တဲ့ အားပြင်းငလျင်ကြီးကြောင့် ရှာ/ကယ်လုပ်ငန်းတွေ၊ အပျက်အစီးဖယ်ရှားရှင်းလင်းရေးလုပ်ငန်းတွေနဲ့ အမိုးအကာနှင့်လုံခြုံစိတ်ချရသောနေထိုင်မှုအောက်မရောက်နိုင်သေးတဲ့ ငလျင်ဒဏ်သင့်ပြည်သူတွေ၊ မြေပြင်အက်ကွဲခြင်းကြောင့် မိုးများတဲ့ကာလကိုရောက်လာရင် အန္တရာယ်ရှိနိုင်တဲ့ဒေသတွေက မြို့ပြနဲ့ကျေးရွာနေပြည်သူများနှင့် စိုက်ပျိုးရေးတောင်သူများအတွက် ကြိုတင်ပြင်ဆင်တာတွေ အချိန်မှီဆောင်ရွက်နိုင်အောင် အသိပေးတင်ပြပေးရတာဖြစ်ပါတယ်။
မေလ ၁ ရက် ညနေ ၅ နာရီမှာရရှိတဲ့ ဒေတာအရတော့
မေလ ၁၄ ရက်နေ့၊ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း၊ အန်ဒါမန်ကျွန်းအနီးမှာ စတင်ဖြစ်ပေါ်လာနိုင်တဲ့လေပွေလှိုင်းတခုက ပိုမိုအားကောင်းလာနိုင်ပြီး မေလ ၁၆ ရက်နေ့မှာဘင်္ဂလားပင်လယ်အော်-အရှေ့အလယ်ပိုင်းပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်းတခုဖြစ်လာနိုင်ကြောင်း ECMWF AIFS(AI Forecast)က ကြိုတင်ခန့်မှန်းထားပါတယ်။
AIFS က တွက်ချက်ပုံဖေါ်ထားတဲ့ Weather Patternတွေ အရ လေဖိအားနည်းရပ်ဝန်းဖြစ်လာပြီးတဲ့အခါ မေလ ၁၆ ရက်နေ့နောက်ပိုင်း၊ အနောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်မယ်လို့ ကနဦးခန့်မှန်းပါတယ်။
ECMWF AIFS ကြိုတင်ခန့်မှန်းချက်သည် NOAA ရဲ့ Global Tropics Harzards Outlook မှ ဧပြီလ ၂၉ ရက်နေ့က ခန့်မှန်းထားတဲ့ ထုတ်ပြန်နဲ့လဲ ကိုက်ညီမှုရှိနေတာတွေ့ရပါတယ်။ NOAA GTH Outlook ရဲ့ ထုတ်ပြန်ချက်မှာ -
မေလ ၁၄ ရက်မှ ၂၀ ရက်အတွင်း အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်း ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်အတွင်းဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်နိုင်ချေ ၂၀% မှ ၄၀% အထိရှိကြောင်း ဖော်ပြပါရှိပါတယ်။ ဖြစ်နိုင်ချေ “၅၀% နှင့် အထက်” မရောက်သေးတာကြောင့် ဆက်လက်စောင့်ကြည့်တင်ပြပေးသွားပါဦးမယ်။
အခုကြိုတင်ခန့်မှန်းတဲ့လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်မယ်ဆိုရင်မေလ ၁၄ ရက်၊ ၁၅ ရက် နဲ့ ၁၆ ရက်နေတွေမှာ မြန်မာတနိုင်ငံလုံးမိုးရွာသွန်းမှု ပိုမိုလာမှာဖြစ်ကြောင်း AIFS ခန့်မှန်းချက်မှာတွေ့ရပါတယ်။
ပင်လယ်ပြင်အအနေနဲ့ "ကြိုတင်အသိပေး/သတိပေး" လုပ်ရမယ်ဆိုရင်တော့ မြစ်ဝကျွန်းပေါ်ကမ်းနီးရေလုပ်ငန်းလုပ်ကွက်တွေက ကျားဖေါင်လုပ်ငန်းတွေ မေလ လလယ် ၁၅ ရက်နေ့မတိုင်ခင် ပြန်သိမ်းသင့်ပြီလို့ သတိပေးချင်ပါတယ်။ လေဖိအားနည်းရပ်ဝန်းဖြစ်လာတာသေချာမှ သိမ်းမယ်ဆိုရင် အချိန်ရတာနည်းသွားနိုင်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။