“သဘာဝဘေးအန္တရာယ်” ဆိုတာတွေက နွေရာသီ၊ မိုးရာသီ၊ ဆောင်းရာသီဟူသော ရာသီ ၃ မျိုးအနက် ဘယ်ရာသီမှာမဆို ဖြစ်နိုင်ပါတယ်။
မြန်မာနိုင်ငံရဲ မိုးရာသီကာလများဖြစ်တဲ့
- မိုးကြို - ဧပြီ ၁၆ ရက် မှ မေ ၁၅ ရက်
- မိုးဦး - မေ ၁၆ ရက် မှ ဇွန် ၃၀ ရက်
- မိုးလယ် - ဇွန် ၁ ရက် မှ ဩဂုတ် ၃၁ ရက်
- မိုးနှောင်း - စက်တင်ဘာ ၁ ရက် မှ အောက်တိုဘာ ၁၀ ရက်
- မိုးလွန် - အောက်တိုဘာ ၁၁ ရက် မှ နိုဝင်ဘာ ၃၀ ရက် အတွင်းမှာ
နေပူတာ/မိုးရွာတာ/လေတိုက်တာလောက်ကို ပေါ့ပေါ့လေးပြောလိုက်လို့ ရနိုင်ပေမဲ့ မုန်တိုင်းကြီးတစ်ခုဖြစ်နိုင်တာ၊ ဖြစ်လာတာနဲ့ “မုန်တိုင်းအကြွင်းအကျန်လေပွေလှိုင်း”ဆိုတာတွေ ဝင်ရောက်လာဖို့ရှိတယ်ဆိုရင်တော့ “လူ့အသက်ပေါင်းများစွာနဲ့သက်ဆိုင်တဲ့ကိစ္စ”ဖြစ်တာကြောင့် ပေါ့ပေါ့တန်တန်ပြောလို့ မရတော့ပါ။
“မုန်တိုင်း ၁ လုံးရဲ့အမြင့်ဆုံးလေတိုက်နှုန်း၊ အရွယ်အစားနဲ့ လမ်းကြောင်းခန့်မှန်းချက်တိကျမှုတွေ”က အသက်များစွာကို ကယ်တင်နိုင်ပါမယ်။ ခန့်မှန်းချက်မတိကျရင်လဲ မတိကျသလို ဆုံးရှုံးနစ်နာမှုတွေ များနိုင်ပါမယ်။
MMWeather ၏ ခံယူချက်၊ ရည်ရွယ်ချက်နှင့် ယုံကြည်ချက်
"ထူးခြားမိုးလေဝသဖြစ်စဉ်များကို ကြိုတင်ခန့်မှန်းခြင်း၊ ပိုမိုတိကျတဲ့ ကြိုတင်ခန့်မှန်းချက်များကို အသိပေးတင်ပြပေးနိုင်ခြင်း" ဖြင့် သဘာဝဘေးများကြောင့် ထိခိုက်ဆုံးရှုံးမှုများကို လျှော့ချနိုင်ရေးသည် MMWeather Team က ခံယူထားတဲ့ အဓိက ရည်ရွယ်ချက် ဖြစ်ပါတယ်။
"မုန်တိုင်းတွေတိုက်တာ၊ မိုးတွေများလို့ - မြစ်တွေရေကြီးရေလျှံဖြစ်လာတာ၊ တောင်ကျချောင်းရေတွေဆင်းလာလို့ ရေကြီးရေလျှံဖြစ်တဲ့အပြင်- တောင်တွေပြို-မြေတွေပြိုတာ၊ ပင်လယ်ဒီရေမြင့်တက်တာကြောင့် မြေအနိမ့်ပိုင်းတွေမှာ ရေဝင်/ရေကြီးတာ၊ ငလျင်လှုပ်တာ စသည်ဖြင့် ... ဒီလိုသဘာဝဘေးအန္တရာယ်တွေကို မဖြစ်ကြပါနဲ့လို့ တားဆီးလို့ မရဘူး"
"ဖြစ်လာတဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ လိုက်လျောညီထွေနေတတ်အောင် ကြိုတင်ပြင်ဆင်စီမံထားနိုင်အောင်၊ ခေါင်းဆောင်တတ်တဲ့ ပြည်သူတွေ များသည်ထက်များလာအောင် အသိပညာပေးတာများများလုပ်ဖို့ပဲ လိုတယ်"
"ပေးလိုက်တဲ့ အသိပညာကို ပြည်သူတွေအားလုံးကလဲ လိုက်နာတတ်ပြီဆိုရင် …
ဘယ်လိုသဘာဝဘေးအန္တရာယ်တွေဖြစ်ဖြစ် အသက်ဆုံးရှုံးမှုတွေ နည်းလာလိမ့်မယ်"
မိုးလေဝသနဲ့ရာသီဥတုဆိုင်ရာ ဖြစ်နိုင်ချေများကို ခန့်မှန်းတင်ပြပေးနေသူများ(ပညာရှင်များနှင့်လေ့လာသူများ)သည် ဖြစ်နိုင်ချေခန့်မှန်းရုံမျှသာလုပ်မနေကြဘဲ မိမိတတ်သိလေ့လာထားသော ကြိုတင်ခန့်မှန်းအသုံးချသည့် နည်းပညာများကို ပြည်သူများစိတ်ဝင်တစားဖြစ်လာအောင်၊ သိလာအောင် မျှဝေပေးကြစေချင်ပါတယ်။
ဒီလိုမျှဝေပေးခြင်းဖြင့် “မိုးလေဝသပညာကို စိတ်ဝင်စားပြီး မိမိရပ်ရွာကို သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုအပေါ် လျှော့ချပေးနိုင်တဲ့ မိုးလေဝသအခြေအနေခန့်မှန်းပေးမဲ့ လူငယ်မျိုးဆက်သစ်များ”ပေါ်ထွက်လာမယ်လို့ ယုံကြည်ပါတယ်။
ဒီနေရာမှာ မိုးလေဝသနဲ့ ရာသီဥတု ကြိုတင်ခန့်မှန်းခြင်းနဲ့ပတ်သက်သော ရာစုနှစ်များစွာက စတင်အသုံးပြုခဲ့တဲ့နည်းပညာများ၊ မျက်မှောက်ခေတ် မိုးလေဝသခန့်မှန်းခြင်းနည်းပညာများအကြောင်းကို အကျဉ်းချုံးပြောပြသွားပါမယ်။
လွန်ခဲ့သော ရာစုနှစ်များအတွင်းနဲ့ ယနေ့မျက်မှောက်ခေတ် မိုးလေဝသအချက်အလက်များတိုင်းတာရန်သုံးတဲ့ နည်းလမ်းတွေက -
- Weather Balloons မိုးလေဝသပူဖေါင်းများလွှတ်တင်ခြင်း
- Weather Sattelites မိုးလေဝသဂြိုဟ်တုများလွှတ်တင်ခြင်း
- Weather Stations မိုးလေဝသ စခန်းများတည်ဆောက်ခြင်း(မြေပြင်/ရေပြင်စခန်းများ)
- Doppler Radars မိုးလေဝသရေဒါစခန်းများတည်ဆောက်ခြင်း
- Computer Models သင်္ချာပုံစံပြုကွန်ပျူတာမော်ဒယ်များတည်ထောင်ခြင်းပဲဖြစ်ပါတယ်။
(က) မိုးလေဝသပူဖေါင်းများ(Weather Balloons)
မိုးလေဝသအချက်အလက်များစုဆောင်းရယူနိုင်တဲ့ ကိရိယာများတပ်ဆင်ထားသော မိုးလေဝသပူဖေါင်းတွေကို ပြီးခဲ့တဲ့ ရာစုနှစ် အတွင်း ပြင်သစ်မိုးလေဝသပညာရှင် French meteorologist Léon Teisserenc de Bort က ၁၈၉၆ ခုနှစ်မှာ စတင်အသုံးပြုခဲ့ပါတယ်။
မိုးလေဝသခန့်မှန်းခြင်းနည်းပညာတွေက ဆယ်စုနှစ်တစ်နှစ်ပြီးတစ်နှစ် အံ့မခန်းတိုးတက်မြင့်မားလာပြီးတော့ မိုးလေဝသပူဖေါင်း (Weather Baloon)အသုံးပြုခန့်မှန်းတဲ့နည်းပညာမှ ဂြိုဟ်တုနဲ့ ရေဒါပုံရိပ်များကရရှိတဲ့ သတင်းအချက်အလက်တွေအပေါ် ဒီနေ့ခေတ်မိုးလေဝသခန့်မှန်းခြင်းအတွက်အသုံးချမှုများပြားလာသော်လည်း အဲ့ဒီ မိုးလေဝသပူဖေါင်းများအသုံးချပြီး မိုးလေဝသ သတင်းအချက်အလက်များရယူခြင်းကတော့ ပျောက်ကွယ်သွားခြင်းမရှိသေးပါ။ ဝင်ရိုးစွန်းဒေသများမှ ရာသီဥတုနှင့် မိုးလေဝသအချက်အလက်များရယူရန်နှင့် စွမ်းအင်ရှာဖွေတူးဖော်ရေးကုမ္ပဏီများ၊ တောင်သူလယ်သမားများက မိုးလေဝသပူဖေါင်းများကို သုံးစွဲနေကြဆဲဖြစ်ပြီး၊ အချိုရည်(အအေး)ထုတ်လုပ်ဖြန့်ဖြူးသူများသည်လည်း ဘယ်ဒေသမှာ အပူချိန်တွေမြင့်နေလဲ၊ သူတို့ထုတ်လုပ်ဖြန့်ဖြူးတဲ့ အချိုရည်အအေးတွေကို ဘယ်နေရာ/ဘယ်ဒေသမှာဖြန့်ဖြူးရောင်းချရင် ဈေးကွက်ပိုကောင်းမလဲ စတာတွေအတွက် မြေပြင်အပူချိန်တိုင်းတာခန့်မှန်းနိုင်အောင် အသုံးပြုနေကြဆဲဖြစ်ပါတယ်။
ကမ္ဘာပေါ်ရှိ တည်နေရာပေါင်း ၉၀၀ ကျော်မှ ပျမ်းမျှတစ်ရက်လျှင် ၂ ကြိမ်နှုန်းဖြင့် မိုးလေဝသပူဖေါင်းများ လွှတ်တင်နေကြဆဲ ဖြစ်ပါတယ်။ ပူဖေါင်းမှာတပ်ဆင်ပေးလိုက်တဲ့ အာရုံခံကိရိယာ(sensor)များက ထုတ်လွှင့်ပေးပြီး မြေပြင်ကွန်ပျူတာစနစ်များထံ စက္ကန့်ပိုင်းအတွင်းရောက်ရှိလာတဲ့ အပူချိန်၊ လေထုစိုထိုင်းဆ၊ လေထုလှုပ်ရှားမှုအခြေအနေများနှင့် လေထုဖိအားပြောင်းလဲမှုစတဲ့ အချက်အလက်များကို သင်္ချာပုံစံပြုကွန်ပျူတာမော်ဒယ်တွေနဲ့ တွက်ချက်ရယူနေကြတုန်းပါ။
မိုးလေဝသ-မိုးပျံပူဖေါင်းတွေဟာ အမြင့်မိုင် ၂၀ ကျော်အထိ ပျံတက်နိုင်ပြီး မိုင်ပေါင်းရာနှင့်ချီကာပျံသန်းနိုင်ပါတယ်။ ဒီနေ့ခေတ်ကာလအထိ အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေမှ နှစ်စဉ် မိုးလေဝသတိုင်းတာရေးပူဖေါင်း ၁ သိန်းနီးပါး လွှတ်တင်နေကြပြီး အဲဒီမိုးပျံပူဖေါင်းတွေဟာ အမြင့် ၃၅ ကီလိုမီတာ(၂၁ မိုင်ကျော်ခန့်)အရောက်မှာ အလိုအလျောက်ပေါက်ကွဲပျက်စီးသွားပါတယ်။ ပေါက်ကွဲပျက်စီးချိန်မှာ မိုးပျံပူဖေါင်းများအတွင်း ဖြည့်တင်းထားတဲ့ ဟိုက်ဒြိုဂျင်ဓာတ်ငွေ့ သို့မဟုတ် ဟီလီယမ်ဓာတ်ငွေ့တွေက အထက်လေထုလွှာအတွင်းရောက်သွားသလို အာရုံခံကိရိယာများထဲက ကော်ရည်စေးတွေနဲ့ ပစ္စည်းတွေက များသောအားဖြင့် ပင်လယ်ထဲကို ကျသွားပါတယ်။
ဩစတေးလျ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသုတေသီ တစ်ယောက်က ရက်သတ္တပတ်တစ်ပတ်လျှင် ပူဖေါင်းအပျက်အစီး၊ အပိုင်းအစ ၃၀၀ လောက်က ကမ္ဘာ့အကြီးဆုံးသန္တာကျောက်တန်းကြီးပေါ်ကို ကျရောက်နေကြောင်း၊ မိုးလေဝသတိုင်းတာရေး မိုးပျံပူဖေါင်းအပျက်အစီးတွေထဲက ကော်စေး(Latax)တွေ၊ ပလပ်စတစ်နဲ့ ဂွမ်းစတွေက ပင်လယ်ထဲမှာ အချိန်အတော်ကြာအောင် ပျော်ဝင်နေတာမို့ ရေသတ္တဝါတွေ၊ အထူးသဖြင့်ပင်လယ်လိပ်တွေ နဲ့ ငါးတွေကို အန္တရာယ် ဖြစ်စေနိုင်တာကြောင့် ပူဖေါင်းတွေမှာ ဇီဝပြိုကွဲပျက်စီးစေနိုင်သည့် ဓာတ်ပစ္စည်းများပါဝင်မှုလျှော့ချရေးနဲ့ ပြန်လည်ဆယ်ယူခြင်း ပြုလုပ်နိုင်မဲ့နည်းပညာများကို ထည့်သွင်းတည်ဆောက်အသုံးပြုလာကြပါတယ်။
သို့သော်လည်း ပင်လယ်အတွင်းကျရောက်မှုက များပြားနေသေးတာဖြစ်လို့ သိပ္ပံပညာရှင်များနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်သူများမှ “မိုးလေဝသတိုင်းတာခန့်မှန်းရာမှာအသုံးပြုနေကြတဲ့ မိုးပျံပူဖေါင်းများရဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့် - (အဏ္ဏဝါဂေဟစနစ် - Marine ecosystem) ပျက်စီးယိုယွင်းလာနိုင်ခြင်း” အပေါ် စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာနေပါတယ်။
(ခ) မိုးလေဝသဂြိုဟ်တုများ(Weather Satellites) လွှတ်တင်ခြင်း
နိုင်ငံအတော်များများက မိုးလေဝသဆိုင်ရာအချက်အလက်တွေရယူနိုင်အောင် မိုးလေဝသဂြိုဟ်တုတွေ လွှတ်တင်ထားကြရာမှာ နိုင်ငံအသီးသီးက လွှတ်တင်ထားတဲ့ မိုးလေဝသဂြိုဟ်တုပေါင်း ၃၂၂ စင်း ဟာ ကမ္ဘာပတ်လမ်းကြောင်းပေါ်မှာ ရှိနေကြပါတယ်။ ဒီအထဲက ၂၃ စင်းက တည်ငြိမ်မိုးလေဝသဂြိုဟ်တု(Geostationary)တွေဖြစ်ပြီး ၂၂၃ စင်းက ဝင်ရိုးစွန်းတွေပေါ်မှ ကမ္ဘာကို ပတ်နေကြပါတယ်။ ဒါကြောင့် မိုးလေဝသဂြိုဟ်တုတွေကို အကြမ်းအားဖြင့် အမျိုးအစား ၂ မျိုး ခွဲခြားပြီး မှတ်သားထားနိုင်ပါတယ်။
မြင့်မားသော ဘဲဥပုံ ကမ္ဘာပတ်လမ်းထဲမှာ ကမ္ဘာ့မြေပြင်ပြောင်းလဲမှုမှတ်တမ်း(မိုးလေဝသအခြေအနေတွေစောင့်ကြည့်လေ့လာတာ) ရယူနေတဲ့ Earth Observation Satellite က ၂ စင်းရှိတာကြောင့် အဲ့ဒီ ၂ စင်းကိုပါ ထည့်ပေါင်းရင်တော့ ကမ္ဘာပတ်လမ်းထဲမှာ မိုးလေဝသဂြိုဟ်တု စုစုပေါင်း ၃၂၄ စင်း ရှိပါတယ်။ ဘဲဥပုံပတ်လမ်းထဲမှာ မိုးလေဝသဆိုင်ရာဂြိုဟ်တုအပြင် ပညာရေး၊ ဆက်သွယ်ရေးနဲ့ စစ်ရေးဆိုင်ရာ ကိစ္စတွေမှာ အသုံးပြုနေတဲ့ ဂြိုဟ်တုများစွာလဲ ရှိနေပါသေးတယ်။
ဒီမှာတော့ မိုးလေဝသအတွက်လွှတ်တင်ထားတဲ့ ဂြိုဟ်တုတွေအကြောင်းကိုပြောပြမှာကြောင့်
မိုးလေဝသဂြိုဟ်တုတွေဘယ်လောက်များများလွှတ်တင်ထားသလဲ?
ဝင်ရိုးစွန်းပတ် မိုးလေဝသဂြိုဟ်တုများ (Polar Orbiting Satellites) - ကမ္ဘာပတ်လမ်းကြောင်းအနိမ့်မှ ပျံသန်းနေပြီး ကမ္ဘာ့ဝင်ရိုးစွန်း ၂ ခုပေါ်က ဖြတ်ပြီးကမ္ဘာကိုပတ်ကာပျံနေတဲ့ Polar-Orbiting Satellites ၂၂၃ စင်း ဖြစ်ပါတယ်။
တည်ငြိမ် မိုးလေဝသဂြိုဟ်တုများ (Geostationary Satellites) - ကမ္ဘာ့လည်ပတ်မှုအမြန်နှုန်းအတိုင်း အီကွေတာဧရိယာပေါ်မှာ မြေပြင်တည်နေရာတခုအပေါ် အမြင့်တခုမှာ တည်ငြိမ်နေတဲ့ Geostationary Satellites မိုးလေဝသဂြိုဟ်တုတွေက (၂၃ စင်း)ဖြစ်ပါတယ်။
မိုးလေဝသဂြိုဟ်တုတွေ ဘယ်လိုအလုပ်လုပ်နေသလဲ?
မိုးလေဝသဂြိုဟ်တုတွေမှာပါတဲ့ အာရုံခံစနစ်တွေ၊ ကင်မရာတွေက ကမ္ဘာ့မြေပြင်နဲ့ လေထုအလွှာအသီးသီးကို Scan ဖတ်တယ်(ဓါတ်ပုံတွေရိုက်ယူတယ်)။ ရရှိတဲ့ အပူချိန်၊ စိုထိုင်းဆ၊ အနီအောက်ရောင်ခြည်စတဲ့ အချက်အလက်တွေကို ဒစ်ဂျစ်တယ်အချက်အလက်တွေအဖြစ်ပြောင်းပေးပြီးတော့ ကမ္ဘာမြေပေါ်က အဆင့်မြင့်ကွန်ပျူတာကြီးများနဲ့ထိုင်ထားတဲ့ မိုးလေဝသခန့်မှန်းရေး ဌာန/အဖွဲ့အစည်း/ကုမ္ပဏီတွေဆီကိုပို့ပေးလိုက်တဲ့အခါ သင်္ချာပုံစံပြု numerical models တွေက ဒစ်ဂျစ်တယ်အချက်အလက်တွေကို နားလည်လွယ်စေတဲ့ပုံရိပ်တွေ ဓါတ်ပုံတွေအဖြစ် ပြောင်းပေးလိုက်တယ်။
Sensors on weather satellites scan the Earth, taking measurements of reflected light and infrared temperatures. These measurements are then digitized and sent back to Earth where they can be turned into images.
https://youtu.be/JtKbKALrejE?si=_j0RBHlG2X4jk6x0
https://www.youtube.com/watch?v=JtKbKALrejE
(ဂ) မိုးလေဝသရေဒါများ(Weather Radar or Doppler Radar)
မိုးလေဝသရေဒါဆိုတာတွေက Precipitation လို့ခေါ်တဲ့ မိုးရွာသွန်းမှု၊ ဆီးနှင်းကျဆင်းမှု နဲ့ မိုးသီးများကျဆင်းမှု အနည်းအများကို အဲ့ဒီ Precipitation တွေရဲ့ လှုပ်ရှားမှုအမြန်နှုန်း၊ သိတ်သည်းမှုအခြေအနေတွေကတဆင့် အားကောင်းတဲ့မုန်တိုင်းကြီးများ ဖြစ်လာနိုင်ချေကို ကြိုတင်ခန့်မှန်းနိုင်စေမဲ့ အချက်အလက်တွေ ရယူပေးတာဖြစ်ပါတယ်။
“မိုးလေဝသရေဒါ” ဆိုတာက အလွယ်ပြောရရင် အီလက်ထရောနစ်ကိရိယာတခုဖြစ်ပြီး၊ သူ့ရဲ့ အင်တင်နာမှ ရေဒီယိုလှိုင်းတွေ ထုတ်လွှတ်ပေးပါတယ်၊ ဒီရေဒီယိုလှိုင်းတွေက လေထုထဲမှာရှိတဲ့ မိုးစက်မိုးပေါက်တွေ၊ ဆီးနှင်းနဲ့ မိုးသီးလိုအစိုင်အခဲတွေကိုထိတွေ့ပြီး မူလထုတ်လွှတ်လိုက်တဲ့ အင်တင်နာဆီပြန်လာတဲ့ ရေဒီယိုလှိုင်းတွေကို ပြန်လည်ဖမ်းယူကာ၊ မိုးစက်မိုးပေါက်/ဆီးနှင်း/မိုးသီး-ရေအစိုင်အခဲများစတဲ့ လေထုထဲကအခြေအနေတွေရဲ့ တည်နေရာနဲ့ ထူထပ်သိတ်သည်းမှုတွေကို မျက်မြင်နားလည်လွယ်တဲ့ ပုံရိပ်တွေအဖြစ် ပြောင်းလဲပေးတာပါဘဲ။ ရေဒီယိုလှိုင်းတွေက လေထုအလွှာအသီးသီးမှာရှိနေတဲ့ အင်းဆက်ပိုးမွှားတွေအပါအဝင်၊ အဆောက်အဦတွေ၊ တောအုပ်/သစ်ပင်နဲ့ တောင်တွေကိုပါထိပြီး ပြန်လာတာကြောင့် ရောထွေးနေတဲ့ရေဒီယိုလှိုင်းများမှ ရရှိလာတဲ့ ပုံတွေမှာ အခြားမလိုအပ်တာတွေကိုဖယ်ရှားပြီး လိုအပ်တဲ့မိုးလေဝသအချက်အလက်များကိုသာ သီးခြားရယူနိုင်အောင် မိုးလေဝသပညာရှင်များက ပုံရိပ်များကိုခွဲခြားဖတ်ရှုရတာ၊ သတိပြုတပ်ဆင်တာတွေ လုပ်ကြရပါတယ်။
မိုးလေဝသ ရေဒါများကို အောက်ပါအတိုင်း ၂ မျိုးခွဲခြားမှတ်သားထားနိုင်ပါတယ်။
“Doppler ရေဒါ” သည် မုန်တိုင်းအတွင်း လေထု၏ ရွေ့လျားမှုကို ထောက်လှမ်းနိုင်သည့် ရေဒါအမျိုးအစားတစ်ခုဖြစ်ပြီး၊ “သမားရိုးကျရေဒါ Conventional Radar” သည် မိုးရွာသွန်းမှုတည်နေရာနှင့် မိုးအနည်းအများဆိုင်ရာ အချက်အလက်များကိုသာ ပေးစွမ်းနိုင်ပါတယ်။ Doppler ရေဒါ ဆိုတာက မိုးလေဝသအခြေအနေများကို ပိုမိုတိကျစွာရရှိစေနိုင်ပြီး သတိပေးချက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးနိုင်စေသည့် သိသာထင်ရှားသော နည်းပညာတိုးတက်မှုတစ်ခုဖြစ်ပါတယ်။
Continue from saved link https://youth.wmo.int/en/what-we-do/weather#tab1
How do we monitor the weather from space? https://youtu.be/zfVeB4s8WWk?si=NxGZ4-f7uo51dzeI
(ဃ) မိုးလေဝသစခန်းများတည်ဆောက်ခြင်း
မိုးလေဝသစခန်းလို့ ခေါ်တဲ့ Weather Station တွေကို တည်ဆောက်ထားရှိတာတော့ မိုးလေဝသပူဖေါင်းတွေလွှတ်တင်ပြီး မိုးလေဝသအချက်အလက်တွေရယူကြတဲ့ အချိန်မှ စပြီး ခုချိန်အထိ မိုးလေဝသအဖွဲ့အစည်းများ၊ ဌာနများက သက်ဆိုင်ရာ နိုင်ငံများရဲ့ မြေပြင်မှာရော ရေပြင်(ပင်လယ်ထဲမှာပါ - Weather Buoys)တွေတည်ဆောက်တပ်ဆင်ပြီး အသုံးပြုနေကြပါတယ်။ မိုးလေဝသစခန်း (weather station)များက မိုးလေဝသဆိုင်ရာအချက်အလက်တွေ စုစည်းရယူခြင်းနဲ့ အသုံးချခြင်းဆိုင်ရာ နည်းပညာများတွေက ဒီနေ့ခေတ်မှာများစွာ ပြောင်းလဲလာတာတွေ့ရပါတယ်။
အရင်ခေတ်များက မိုးလေဝသအချက်အလက်တွေကို စခန်းမှာတပ်ဆင်ထားတဲ့အာရုံခံကိရိယာ(Sensors)တွေကတဆင့် ဖတ်ရှုတာ ရေးမှတ်တာနဲ့ မြေပြင်မိုးလေဝသ chart ရေးဆွဲတာတွေလုပ်ပြီး သက်ဆိုင်ရာဌာနအကြီးအကဲများထံ ၆ နာရီ တစ်ကြိမ်၊ ၁၂ နာရီတစ်ကြိမ်၊ ၂၄ နာရီ တစ်ကြိမ် စသည်ဖြင့် သတင်းပေးပို့စုဆောင်းမှတ်တမ်းတင်ခဲ့ကြပါတယ်။ သက်ဆိုင်ရာဌာနများက ဒီအချက်အလက်တွေကို စိစစ်တည်းဖြတ်ပြီး မိုးလေဝသသတင်းအဖြစ် သက်ဆိုင်ရာ ပြန်ကြားရေးဌာနများမှ ရေဒီယို/ရုပ်မြင်သံကြား အစရှိတဲ့ မီဒီယာတွေကတဆင့် “မိုးလေဝသသတင်းများ”အဖြစ် ထုတ်လွှင့်ပေးခဲ့ကြတာအပြင်၊ သတင်းစာများမှာလဲ နေ့စဉ်မိုးလေဝသ သတင်းအဖြစ် ပုံနှိပ်ထုတ်ဝေဖြန့်ဖြူးကြပါတယ်။
ဒီနေ့ခေတ်မှာ အာရုံခံကိရိယာတွေ စုပေါင်းတပ်ဆင်ထားတဲ့ Sensor Array ထံမှရရှိတဲ့ မိုးလေဝသအချက်အလက်တွေကို ကြိုးမဲ့စနစ်နဲ့ လက်ခံပုံဖေါ်တွက်ချက်ပေးတဲ့ Console ရှိရာကို တိုက်ရိုက်လွှင့်ထုတ်ပေးပြီး၊ အဲ့ဒီ console က အင်တာနက် cloud server တွေထံ ထပ်ဆင့်လွှင့်ထုတ်ပေးပါတယ်။ မိုးလေဝသဆိုင်ရာအချက်အလက်လွှင့်ထုတ်ခြင်းနဲ့ cloud server တွေမှာ သိမ်းဆည်းခြင်းလုပ်ငန်းကို မိနစ်ပိုင်းအချိန်တွေတိုင်းမှာ အလိုအလျှောက်သိမ်းဆည်းပေးခြင်း၊ တစ်လတစ်ကြိမ်၊ တစ်နှစ်တစ်ကြိမ် အချက်အလက်များ ပြန်လည်ရယူနိုင်ခြင်းစတဲ့ အားသာချက်တွေရှိလာတာကြောင့် စက္ကူ/စာရွက်အသုံးပြုရခြင်းလျော့နည်းလာတဲ့ “Paper-less Weather Office” တွေဖြစ်လာပါတယ်။ အဲ့ဒါအပြင် မိနစ်တိုင်းမှာ မိုးလေဝသအချက်အလက်များ ရရှိနေနိုင်မှာဖြစ်တဲ့ အတွက် မိုးလေဝသ station တပ်ဆင်ထားတဲ့ ဒေသတွေရဲ့ မိုးလေဝသအခြေအနေတွေကို အချိန်နဲ့တပြေးညီ သိရှိနေရမှာလဲ ဖြစ်ပါတယ်။ အဓိက လိုအပ်ချက်ကတော့ ခေတ်ပေါ်မိုးလေဝသ station တပ်ဆင်တဲ့နေရာတွေမှာ လျှပ်စစ်မီးမှန်ဖို့နဲ့ အင်တာနက်လိုင်း မှန်မှန်မိနေဖို့ပါ။
(င) သင်္ချာပုံစံပြုကွန်ပျူတာမော်ဒယ်များ(Numerical Models) တည်ဆောက်၍ ကြိုတင်ခန့်မှန်းချက်များထုတ်ပြန်ပေးခြင်း
နည်းပညာပိုင်းတွေမှာ ပြောင်းလဲတိုးတက်လာပြီဖြစ်တဲ့ မျက်မှောက်ခေတ်ကာလအတွင်းမှာ မိုးလေဝသပူဖေါင်းများ၊ မိုးလေဝသဂြိုဟ်တုများ၊ ရေဒါများနဲ့ မိုးလေဝသ station များက ရရှိတဲ့ အချက်အလက်တွေကို မိုးလေဝသနဲ့ ရာသီဥတုဆိုင်ရာ ကြိုတင်ခန့်မှန်းခြင်းသတင်းများအဖြစ် အသုံးချပြောင်းလဲပေးနိုင်ဘို့ Numerical Models တွေတည်ဆောက်ခြင်း၊ Software တွေ ရေးဆွဲလည်ပတ်စေခြင်းစသည်ဖြင့် ဖွံ့ဖြိုးပြီး အရှေ့/အနောက်နိုင်ငံကြီးများက အပြိုင်အဆိုင်တည်ဆောက်အသုံးပြုလာကြပါတယ်။
စူပါကွန်ပျူတာကြီးတွေ၊ ဉာဏ်ရည်တုနည်းပညာတွေနဲ့ မိုးလေဝသ၊ ရာသီဥတု၊ မုန်တိုင်းများဆိုင်ရာ ကြိုတင်ခန့်မှန်းချက်တွေ တွက်ချက်ပေးနိုင်တဲ့ Numerical Models တွေက ထုတ်ကုန်(Products)တွေကို လူအများအလွယ်တကူကြည့်ရှုအသုံးပြုနိုင်တဲ့ မိုဘိုင်းဖုန်းမျိုးစုံအတွက် Application တွေတည်ဆောက်ပြီး အခကြေးငွေရယူဖြန့်ချိပေးတဲ့ မိုးလေဝသခန့်မှန်းရေး ကုမ္ပဏီကြီးများထံ ရောင်းချခြင်းဖြင့် မိုးလေဝသနဲ့ ရာသီဥတုဆိုင်ရာ ကြိုတင်ခန့်မှန်းရေးနဲ့ မုန်တိုင်းသတင်းများကို အခြေခံသော စီးပွားရေးလုပ်ငန်းကြီးတွေ ဖြစ်လာပါတယ်။
အချို့သော သင်္ချာပုံစံပြု Numerical Models တွေက ထုတ်ကုန်အချက်အလက်(data products)တွေကို ကမ္ဘာ့မိုးလေဝသဌာနကြီးမှ ကမ္ဘာ့နိုင်ငံ အသီးသီးမှာရှိတဲ့ နိုင်ငံအဆင့်မိုးလေဝသဌာနများအပြင် မိုးလေဝသဆိုင်ရာလုပ်ငန်းများဆောင်ရွက်နေတဲ့ အစိုးရမဟုတ်သော အဖွဲ့အစည်းများထံ အခမဲ့ ရယူအသုံးပြုခွင့်ပေးထားတာလဲ ရှိပါတယ်။
Numerical Models တွေရဲ့ product ဈေးနှုန်းတွေက သူတို့အသုံးပြုတဲ့ ဂြိုဟ်တုပုံအရည်အသွေး၊ Update ထုတ်လုပ်ပေးနိုင်တဲ့ ရက်/အချိန်အတိုင်းအတာကွာခြားချက်၊ အသုံးပြုသူနားလည်လွယ်စေပြီး ရှင်းလင်းပြတ်သားတဲ့ ပုံရိပ်ဖော်ပြသနိုင်ခြင်း စတဲ့ အချက်များအပေါ်မူတည်ပြီး Free နဲ့ Paid(အလကားရတဲ့ product နဲ့ အခပေးရတဲ့ product)များအဖြစ် အဆင့်တွေကွဲသွားပါတယ်။
Numerical Model Data တွေနဲ့ မိုးလေဝသတိုင်းတာခြင်း၊ ခန့်မှန်းခြင်းတွေ ဆောင်ရွက်နိုင်တဲ့ Weather Application တွေအများကြီးရှိတဲ့အထဲက တကယ်အသုံးဝင်တဲ့ Weather Forecasting Tools လို့ ခေါ်ရလောက်တဲ့ Application ဆိုတာတော့ နည်းပါတယ်။ ဒီနေ့ခေတ်အသုံးများလာတဲ့ မိုဘိုင်းဖုန်းနဲ့ တက်ဘလက်၊ အိုင်ပက်တွေမှာ အလွယ်တကူကြည့်နိုင်တဲ့ Weather App တွေနဲ့ Weather Forecasting Tool တခုအဖြစ်သုံးနိုင်တဲ့ Weather App ဆိုတာတွေက တူသလိုထင်ရပေမဲ့ မတူကြတဲ့ အကြောင်းရင်းတွေ ရှိကြပါတယ်။ ဒီလိုမတူညီတဲ့အကြောင်းရင်းအချက်အလက်တွေကို ကောင်းကောင်းနားလည်မှ ဘယ် Weather App ကို လက်ကိုင်ထားပြီး မိုးလေဝသနဲ့ ရာသီဥတုအခြေအနေတွေ ကြိုတင်ခန့်မှန်းတာ လုပ်ရမယ်ဆိုတာကို သဘောပေါက်လာမှာပါ။
ပထမအကြောင်းရင်းက အဲ့ဒီ App မှာ ဘယ် Numerical Model Data ကို သုံးထားတယ်ဆိုတာကို သုံးစွဲသူများမြင်သာအောင် ဖော်ပြထားခြင်း ရှိ/မရှိဆိုတာဖြစ်ပါတယ်။
ဒုတိယ - အဲ့ဒီ Weather App က ဘယ်နှစ်နာရီမှာ တစ်ကြိမ် update ဖြစ်လဲဆိုတာနဲ့၊
တတိယအကြောင်းရင်း - ရက်ဘယ်လောက်ဝေးဝေးအထိ ကြိုတင်ခန့်မှန်းနိုင်သလဲ ဆိုတာတွေဖြစ်ပါတယ်။
အခုအချိန်အထိ လေ့လာပြီးသလောက် Weather Forecasting Tool အနေနဲ့ အသုံးချလို့ရတဲ့ မိုးလေဝသဝန်ဆောင်မှု Application ၃ မျိုးကို တွေ့ထားပြီးဖြစ်ကာ ဆက်လက်လေ့လာနေတုန်းပါပဲ။ အဲ့ဒီ Application တွေက Windy, Meteoblue နဲ့ WX-Chart တို့ဖြစ်ပါတယ်။
အဆိုပါ ကမ္ဘာ့ထိပ်တန်း မိုးလေဝသဝန်ဆောင်မှုလုပ်ငန်းကြီး ၂ ခုဖြစ်တဲ့ Windy ရဲ့ Windyty, S.E., the operator of the renowned global weather service Windy.com နဲ့ Meteoblue CEO နှင့် ပူးတွဲတည်ထောင်သူ Dr. Karl Gutbrod တို့က ဆွစ်ဇလန်နိုင်ငံ Basel မြို့မှာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့က Windy နှင့် Meteoblue တို့ ပူးပေါင်းဆောင်ရွက်နေကြပြီဖြစ်ကြောင်း၊ ကုမ္ပဏီ ၂ ခုမှ ပညာရှင်များပူပေါင်းပြီး ဉာဏ်ရည်တုနည်းပညာဖြင့် မိုးလေဝသဆိုင်ရာ ကြိုတင်ခန့်မှန်းခြင်းနည်းစနစ်များ မြင့်မားရေးအတွက်ကိုလည်း ပူးပေါင်းဆောင်ရွက်နေကြကြောင်း ကြေညာခဲ့ကြပါတယ်။
WX-Chart Application ကိုတော့ အင်္ဂလန်နိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ MetDesk ကုမ္ပဏီက ပိုင်ဆိုင်ပြီး၊ စွမ်းအင်၊ ပို့ဆောင်ရေး(ကုန်း/ရေ/လေ)နှင့် စီးပွားရေးလုပ်ငန်းကြီးများအတွက် မိုးလေဝသနှင့် ရာသီဥတုအခြေအနေများခန့်မှန်းနိုင်သော ဝန်ဆောင်မှုတခုအဖြစ် လူသိများပါတယ်။
Company Link: https://corporate.metdesk.com/index.html
Service Link: https://shorturl.at/B2bZL
အခြားသော Weather Application ဆိုတာတွေကတော့ အများပြည်သူလွယ်လွယ်ကြည့်လို့ ရအောင် စီစဉ်ထားပြီး ဘယ် Numerical Model အရင်းအမြစ်တွေက အချက်အလက်တွေနဲ့ ကြိုတင်ခန့်မှန်းချက်တွေပေးနေတာဖြစ်ကြောင်း မြင်သာအောင် ပြမထားတဲ့ Application တွေသာဖြစ်တာကြောင့် Weather Forecasting Tools တွေအနေနဲ့ အသုံးချလို့ မရနိုင်ဘဲ နေ့စဉ် မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်းချက်များကို ကြည့်ရှုလေ့လာနိုင်ရန်အတွက်သာ အသုံးဝင်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်