ကျွန်မတို့မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ အကြီးဆုံးနိုင်ငံဖြစ်ပြီး လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ စိုက်ပျိုးရေးလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်လျက်ရှိပါတယ်။ သို့သော် ထွန်ယက်စိုက်ပျိုးနိုင်သည့် မြေယာများမှာ နိုင်ငံ၏ ၂၅ ရာခိုင်နှုန်းသာရှိပြီး ၂၀၁၅ ခုနှစ်တွင် ယင်းစုစုပေါင်းမြေ၏ ၁၉ ရာခိုင်နှုန်းကိုသာ စိုက်ပျိုးရေးအတွက်အသုံးပြုကြောင်း သိရပါတယ်။
၂၀၁၂ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် လယ်ယာမြေဥပဒေများအားလုံးမှာ ရင်းနှီးမြှုပ်နှံမှုတိုးတက်ရန်၊ အကြီးစားမြေယာအသုံးချမှုများကို အားပေးရန်နှင့် လယ်ယာစိုက်ပျိုးရေး ဝင်ငွေမြှင့်တင်ရန်တို့ အတွက် ရည်ရွယ်၍ ချမှတ်ခဲ့သည်ဟုဆိုပါတယ်။ သို့သော် အဆိုပါဥပဒေများသည် လုပ်ကွက်ငယ်တောင်သူများ၏ ခိုင်မာသောမြေယာပိုင်ဆိုင်မှုထက် ရင်းနှီးမြှုပ်နှံသူများ၏ အကျိုးစီးပွားအား ထောက်ပံ့ရန်ဖြစ်နေသည်ဟု မြင်ပါတယ်။
မြေယာကို ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများတွင် အသုံးချလာရုံသာမကပဲ လယ်ယာမြေကိုပါ စျေးကွက်အဖြစ်ဖန်းတီး၍ ရင်းနှီးမြှုပ်နှံလာမှုကြောင့် တောင်သူများ ရေရှည်တွင် လယ်ယာမြေဆုံးရှုံးလာမှု သာဓကများကို နိုင်ငံအတော်များတွင် တွေ့လာရပါတယ်။
သာဓကတစ်ခုဖြင့် ပြရမယ်ဆို....အမေရိကန်တွင် ရင်းနှီးမြှုပ်နှံသူများသည် အမေရိကန်၏ လယ်ယာမြေ ၃၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး ၂၁ ရာခိုင်နှုန်းကို လုပ်ငန်းလည်ပတ်မှုမရှိတဲ့ လူပုဂ္ဂိုလ် (သို့) မိတ်ဖက်အဖွဲ့အစည်းများက ပိုင်ဆိုင်ထားပါတယ်။ ဤသို့ လယ်ယာမြေကို ရင်းနှီးမြှုပ်နှံစရာ စျေးကွက်တစ်ခုအဖြစ် ကျင့်သုံးလာမှုကြောင့် လယ်ယာစိုက်ပျိုးရေးမဟုတ်သော ရင်းနှီးမြှုပ်နှံသူများက နိုင်ငံ၏လယ်ယာမြေများကို ပိုင်ဆိုင်လာပါတယ်။
၎င်းတို့တွင် လယ်ယာမြေများကို တိုက်ရိုက် လက်လှမ်းမီသော ရင်းနှီးမြှုပ်နှံသူများအား ပံ့ပိုးပေးသောအားဖြင့် တစ်ဧကအတွက် ဒေါ်လာ ၃၀၀၀ နှင့် ၁၀၀၀၀ အကြားရှိသော မြေတစ်ဧကနှင့်ညီမျှသော ရှယ်ယာ ၁၀ ခု၀ယ်ယူနိုင်ရန် စီစဉ်ထားပါတယ်။ ဤတွင် လယ်ယာမြေအား ရောင်းဝယ်ရန်လွယ်ကူသော ရှယ်ယာအဖြစ် ပြောင်းလဲလိုက်ခြင်းသည် တောင်သူများ လယ်ယာမြေဆုံးရှုံးမှုကို ပိုလွယ်ကူသွားစေခဲ့ပါတယ်။ ထို့ကြောင့် လယ်ယာမြေပိုင်သောတောင်သူများမှ လယ်ယာမြေများ ပြန်လည်ငှားရမ်းလုပ်ကိုင်ရသော တောင်သူများအဖြစ်ကို တွေ့လာရပါတယ်။
၎င်းတို့နိုင်ငံများတွင် စိုက်ပျိုးရေးအတွက်မသုံးသော မြေများကို ရယူပြီး စိုက်ပျိုးမြေ၊ စားကျက်မြေ၊ မြို့ပြလယ်ယာသို့ပြောင်းခြင်း၊ ပိုမိုတန်ဖိုးရှိသော အော်ဂဲနစ်လယ်ယာမြေအဖြစ်သို့ ပြောင်းလဲခြင်းကိုတွေ့ရပါတယ်။ ထို့ပြင် လယ်သမားများအား လယ်ယာများ ရေရှည်တည်တံ့ ခိုင်မြဲစေရန်နှင့် ချဲ့ထွင်ရန် အရင်းအနှီး (ချေးငွေပုံစံ) အဖြစ် ရင်းနှီးမြှုပ်နှံသူအဖွဲ့အစည်းများမှ လုပ်ဆောင်ကြပါတယ်။ ဤတွင် စိုက်ပျိုးထုတ်လုပ်မှုကို အလေးအနက်ထားကြောင်း မြင်ရသော်လည်း အကျိုးအမြတ်မှာ ရင်းနှီးမြှုပ်နှံသူများမှ ပိုရလာ၍ တောင်သူမှ လယ်ယာမြေဆုံးရှုံးမှုကို ပိုတွေ့လာရပါတယ်။ ထိုသို့ ရေရှည်အကျိုးအမြတ်များကြောင့် အဖွဲ့အစည်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများက လယ်ယာမြေကို ငတ်မွတ်လာကြပါတယ်။
အမှန်တကယ်တော့ လယ်သမားများဟာ စီးပွားရေးတွင်သာမက လူမှုရေးနှင့် ယဉ်ကျေးမှု၌ပါ အလုပ်လုပ်လျက် နေထိုင်ကြတာပါ။ ထို့ကြောင့် လယ်ယာမြေများဆုံးရှုံးလာမှုသည် စီးပွားရေး ဆုတ်လျော့လာမှုတင်သာမက လူမှုရေးနှင့် ယဉ်ကျေးမှုတို့ပါ ပျက်ယွင်းဆုံးရှုံးလာစေပါတယ်။
မြန်မာနိုင်ငံတွင် လယ်ယာမြေအား ရှယ်ယာအဖြစ် ပြောင်းလဲ၍ ရောင်းဝယ်မှု၊ ရင်းနှီးမြှုပ်နှံမှုမျိုး လက်ရှိတွင် မရှိသေးသော်လည်း နောင်လာမည့် စီးပွားရေးအခြေပြု ဖွံ့ဖြိုးတိုးတက်ရေးတွင် ရင်းနှီးမြှုပ်နှံသူအုပ်စုတို့ မျက်စိကျလာနိုင်သော အခြေအနေတွင်ရှိနေပါတယ်။
ထို့ကြောင့် တောင်သူများမှ နိုင်ငံအချို့တွင် တွင်ကျယ်လာသော လယ်ယာမြေရင်းနှီးမြှုပ်နှံ၍ စတော့ရှယ်ယာစျေးကွက်အဖြစ် လုပ်ကိုင်လာမှုတွင် တောင်သူများဘက်မှ အကျိုးဆက်ကို သတိထားရန် လိုအပ်လာပါတယ်။
မြန်မာနိုင်ငံတွင် လယ်ယာမြေပိုင်ဆိုင်မှု၊ လုပ်ကိုင်ခွင့်တို့နှင့် မြေယာဥပဒေအကြား ပြဿနာများစွာရှိနေပြီးသား ဖြစ်တယ်။ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ခုနှစ် မတ်လတွင် အသစ်ပြဌာန်းခဲ့သော မြေယာဥပဒေသစ်များသည် မြေယာမှတ်ပုံတင်ကဒ်ပြားဖြင့် လယ်ယာမြေကို စျေးကွက်တွင် တရားဝင် ရောင်းနိုင် ဝယ်နိုင် လွှဲပြောင်းနိုင်သော လမ်းကြောင်းကို ဖွင့်ပေးခဲ့ပါတယ်။ အစိုးရ၏ထိန်းကျောင်းမှု အပြည့်အဝမရှိဘဲ မြေယာစျေးကွက်တစ်ခုကို ဥပဒေဖြင့် တရားဝင်အောင်ပြုလုပ်ခြင်းဟာ အလွန်စိုးရိမ်စရာကောင်းလှပါတယ်။ ၎င်းသည် မြေယာလက်လွတ်ဆုံးရှုံးမှုများဆီသို့ ဦးတည်လာခဲ့တယ်။ အထူးသဖြင့် ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်သူများအတွက် အခက်အခဲဖြစ်စေခဲ့ပြီး ၄င်းဥပဒေမှာ အများပိုင်မြေများမှ ပုဂ္ဂလိကပိုင်၊ အစိုးရပိုင်၊ လုပ်ငန်းရှင်ပိုင်၊ နိုင်ငံခြားကုမ္ပဏီပိုင်မြေများအဖြစ် ပြောင်းလဲခဲ့ပါတယ်။
နောက်အစိုးရလက်ထက်တွင် ၎င်းမြေယာဥပဒေများ၊ မူဝါဒများ ပြင်ဆင်ရေးဆွဲခြင်း၊ သိမ်းဆည်းခံမြေယာများ ပြန်လည်ခွဲဝေပေးအပ်ခြင်းတို့ လုပ်ဆောင်ခဲ့သော်လည်း မြေယာပိုင်ဆိုင်မှု/ လုပ်ပိုင်ခွင့်ပရိပက္ခနှင့် ပြဿနာများစွာ ရှိနေသေးပါတယ်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ဥပဒေအရ အပြည့်အဝထိန်းကျောင်းမှုမရှိသေးခြင်း၊ မြေယာပြဿနာ များစွာရှိခြင်း၊ တောင်သူများ မြေယာဥပဒေကို နားလည်မှုနည်းနေသေးခြင်း စသော အကြောင်းအရာများကြားတွင် လယ်ယာမြေအစုရှယ်ယာစျေးကွက်အဖြစ် လမ်းဖောက်ခဲ့လျှင် မလိုလားအပ်သော ဆုံးရှုံးမှု၊ ပြဿနာများ ဖြစ်လာနိုင်ပါတယ်။ ထို့ပြင် တောင်သူများ၏လယ်ယာမြေဆုံးရှုံးလာနိုင်မှု အကျိုးဆက်ကို အဓိကထား၍ ထည့်စဉ်းစားရမှာဖြစ်ပါတယ်......။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်