လီဆူးလူမျိုး၊ ဖာလာစေ့နှင့် မျောက်လွှဲကျော်

04/02/2025 11:00 AM တွင် Khaing Kyi Thit Khaing Kyi Thit မှ ရေးသား

ဂေဟစနစ်ရှင်သန်ရေး၊ ဇီဝမျိုးကွဲစုံလင်မှုစတာတွေနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ မရေးဖြစ်ခဲ့တာ အတော်ကြာသွားပါတယ်။ အခုတော့ China Daily မှာ ဇန်နဝါရီလ ၁၀ ရက်နေ့က ဖတ်ရတဲ့ Agroforest vital for rare small apes ဆိုတဲ့ စိတ်ဝင်စားစရာ သတင်းဆောင်းပါးတစ်ပုဒ်ကို ဖတ်မိရင်း မိတ်ဆွေဖတ်သူများထံ မဖြစ်မနေမျှဝေသင့်တယ်လို့ ယူဆမိတာမို့ ဒီဆောင်းပါးလေးကို ရေးသားတင်ပြလိုက်ရပါတယ်။ 

ဇန်နဝါရီလ ၅ ရက်က ကွမ်တုန်းပြည်နယ်၊ ကွမ်ကျိုးမြို့မှာရှိတဲ့ ဆွန်ယက်ဆင်တက္ကသိုလ် (Sun Yat-sen University) က ကျောင်းသားလေးတချို့ဟာ ယူနန်ပြည်နယ်၊ ပေါင်ရှန်းခရိုင်မှာရှိတဲ့ ဒေသခံတွေ စုပေါင်းတည်ထောင်ထားတဲ့ သီးနှံသစ်တောရောနှောစိုက်ခင်း (Agroforest)  ထဲမှာ မျောက်လွှဲကျော် မျိုးစိတ်တစ်ခုဖြစ်တဲ့ စကိုင်းဝေါ့ကာမျောက်လွှဲကျော် [Skywalker hoolock gibbons (သိပ္ပံအမည် - Hoolock tianxing)]   တွေကို တွေ့ရှိခဲ့ပါတယ်။ အဲဒီသီးနှံသစ်တောရောနှောစိုက်ခင်းဟာ သီးနှံအတွက် တရုတ်ဖာလာစေ့ (Chinese black cardamom)တွေ အဓိကစိုက်ပျိုးထားတာပါ။ 

စကိုင်းဝေါ့ကာမျောက်လွှဲကျော်တွေဟာ အပြည်ပြည်ဆိုင်ရာ သဘာဝအရင်းအမြစ်များထိန်းသိမ်း ရေးအဖွဲ့ရဲ့ IUCN Red list မှာ မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ် (Endangered-EN) အဆင့် သတ်မှတ်ထားတဲ့ ရှားပါးမျိုးစိတ်တွေပဲ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်၊ ပေါင်ရှန်း(Baoshan) မှာရှိတဲ့ ကောင်းလီကုန်ရှန်း အမျိုးသားသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဥယျာဉ် (Gaoligongshan National Nature Reserve) နဲ့  ယင်ကျန်း (Yingjiang) နဲ့ ထန်ချုံး (Tengchong) ခရိုင်တွေမှာ စကိုင်းဝေါ့ကာမျောက်လွှဲကျော်ကောင်ရေ ၂၀၀ ခန့်ကို ပထမဆုံးအကြိမ် တွေ့ရှိမှတ်တမ်းတင် ခဲ့တာ ဖြစ်ပါတယ်။ 

ဆက်စပ်ပြီး လေ့လာကြည့်တဲ့အခါ အဲဒီရှားပါးမျိုးစိတ်စကိုင်းဝေါ့ကာ မျောက်လွှဲကျော်တွေဟာ မြန်မာနိုင်ငံမှာလည်း ရှိနေတယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ရှိထားပြီးဖြစ်ကြောင်း လေ့လာတွေ့ရှိ ရပါတယ်။ အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့ - မြန်မာ [Fauna & Flora International (FFI) - Myanmar Program] က သုတေသနပညာရှင်တွေဟာ ကချင်ပြည်နယ်က နေရာ ခြောက်ခုနဲ့ ရှမ်းပြည်နယ်က နေရာသုံးခုမှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ကနေ ၂၀၂၃ ခုနှစ် မတ်လအတွင်း ကွင်းဆင်းလေ့လာစူးစမ်းမှုတွေ ဆောင်ရွက်ခဲ့ပြီးတဲ့နောက် “မြန်မာနိုင်ငံမှာ စကိုင်းဝေါ့ကာ မျောက်လွှဲကျော် အုပ်စုသစ် ၄၄ စု နေထိုင်ကျက်စားလျက်ရှိတယ်ဆိုတာကို အတည်ပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။ အကောင်အရေအတွက်ကိုတော့ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။ 

တကယ်တော့ အရှေ့တောင်အာရှဒေသမှာရှိတဲ့ တောင်တန်းတွေပေါ်က စိမ်းလန်းတဲ့ အပူပိုင်းသစ်တောတွေဟာ မျောက်လွှဲကျော်မျိုးစိတ်တွေ အမြောက်အများ နေထိုင်ကျက်စားကြပါတယ်။ မျောက်လွှဲကျော်တွေဟာ လူဝံ (apes) အုပ်စုဝင် လူတူသတ္တဝါတွေပဲဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ မျောက်လွှဲကျော် မျိုးစိတ်ပေါင်း ၂၀ ကျော် ရှိတယ်လို့ မှတ်သားရပါတယ်။ 

မျောက်လွှဲကျော်တွေဟာ သစ်သီးသစ်ဥတွေ၊ သစ်ရွက်နုတွေနဲ့ အင်းဆက်ပိုးကောင်တွေကို စားသောက်ကြတဲ့ အစုံစားသတ္တဝါတွေ ဖြစ်ပါတယ်။ သူတို့စားသုံးလိုက်ပြီးနောက် အညစ်အကြေးအဖြစ် ပြန်လည်စွန့်ထုတ်တဲ့ထဲမှာ အသီးစေ့တွေ ပြန်ပါလာတာမို့ အပင်မျိုးစိတ်တွေ ပြန့်ပွားဖို့ အထောက်အကူပြုပါတယ်။ အမြဲစိမ်းသစ်တောတွေ ထိန်းသိမ်းရာမှာ မျောက်လွှဲကျော်တွေဟာ ဥယျာဉ်မှူးတွေပါပဲ။ 

မျောက်လွှဲကျော်တွေဟာ ပတ်ဝန်းကျင်အခြေအနေပြောင်းလဲမှုအပေါ် အင်မတန်တုံ့ပြန်မှုအားကြီးတဲ့ ထိလွယ်ရှလွယ်မျိုးစိတ်တွေဖြစ်ပါတယ်။ ဒါကြောင့် သဘာဝဝန်းကျင်ပြောင်းလဲမှုကို လေ့လာရာမှာ အဲဒီမျောက်လွှဲကျော်တွေ အကောင်ရေနဲ့ မျိုးစိတ်တွေ လျော့သွားတာ၊ တိုးလာတာ၊ စတဲ့အချက်တွေ ကို ကြည့်ပြီး သုံးသပ်ကြရပါတယ်။ သူတို့အပြောင်းအလဲက သဘာဝဝန်းကျင်ရဲ့ အပြောင်းအလဲကို ဖော်ပြနေတာမို့ သူတို့ကို indicator species တွေလို့ သတ်မှတ်ထားကြပါတယ်။ 

ဒါပေမယ့် တစ်ဖက်မှာတော့ အဲဒီမျောက်လွှဲကျော်မျိုးစိတ်အားလုံးနီးပါးဟာ လူတွေကြောင့် သူတို့ ရဲ့ နေထိုင်ကျက်စားရာနေရာတွေ လျော့ပါးပျောက်ဆုံးလာပြီး အကောင်ရေ လျော့နည်းလာပါတယ်။ အခြားတစ်ဖက်မှာလည်း မျောက်လွှဲကျော်တွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာ ဆေးဖက်ဝင်တယ်ဆိုတဲ့ အယူအဆတွေကြောင့် လူတွေရဲ့ မဆင်မခြင် ဖမ်းဆီးသတ်ဖြတ်မှုတွေကိုလည်း ခံနေကြရပြန်ပါတယ်။ ဒါ ကြောင့် မျိုးစိတ်အတော်များများဟာ မျိုးသုဉ်းရန် အန္တရာယ်ရှိသောမျိုးစိတ် (Endangered - EN) ဒါမှမဟုတ် မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသောမျိုးစိတ် (Critically Endangered – CR) တွေအဖြစ် သတ်မှတ် ထားခြင်း ခံနေရတာပါ။ 

မျောက်လွှဲကျော်မျိုးစိတ် ၂၀ ကျော်ထဲက စကိုင်းဝေါ့ကာမျောက်လွှဲကျော်ဆိုတဲ့ အမည်ကတော့ တရုတ်နိုင်ငံကစပြီး ပေးခဲ့တာလို့ ဆိုရပါမယ်။ မျိုးသုဉ်းဖို့ အန္တရာယ်ရှိနေတဲ့ စကိုင်းဝေါ့ကာတွေအတွက် ကံကောင်းတဲ့အချက်ကတော့ ဒေသခံ လီဆူးလူမျိုးများပါပဲ။ ယူနန်ပြည်နယ်ထဲက လီဆူးလူမျိုးတွေဟာ သူတို့ရဲ့ ရိုးရာယဉ်ကျေးမှုအရ မျောက်လွှဲကျော်တွေကို ကာကွယ်ထိန်းသိမ်းကြတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံမှာ ရှိတဲ့ စကိုင်းဝေါ့ကာမျောက်လွှဲကျော် အကောင်ရေ စုစုပေါင်းရဲ့ ထက်ဝက်လောက်ဟာ ယင်ကျန်း နဲ့ ထန်ချုံး ခရိုင်ထဲက လီဆူးရွာအတွေအနီးမှာရှိတဲ့ စုပေါင်းသစ်တောစိုက်ခင်းတွေထဲမှာ နေထိုင်ကျက်စားနေကြတာပဲ ဖြစ်ပါတယ်။ 

ကောင်းလီကုန်ရှန်း အမျိုးသားသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဥယျာဉ်ကနေ ၄၅ ကီလိုမီတာလောက် အကွာအဝေးမှာရှိတဲ့ လီဆူး ဒေသခံတွေ စုပေါင်းစိုက်ပျိုးထားတဲ့ သီးနှံသစ်တောရောနှောစိုက်ခင်းတွေဟာလည်း အခုဆိုရင် စကိုင်းဝေါ့ကာတွေ ကျင်လည်ကျက်စားရာ ဖြစ်လို့ လာနေပါပြီ။ ဒါဟာ ဘာကို ညွှန်ပြနေသလဲဆိုရင် သီးနှံသစ်တောရောနှောစိုက်ပျိုးထားတဲ့ Agroforest စုပေါင်းသစ်တောတွေဟာ မျောက်လွှဲကျော်တွေအတွက် နေထိုင်ကျက်စားရာကို ဖန်တီးပေးခြင်းအားဖြင့် ဇီဝမျိုးကွဲစုံလင်မှုကို ပြန်လည်ယူဆောင်ပေးနိုင်ပြီး ဂေဟစနစ်ကို ပြန်လည်ရှင်သန်စေနိုင်တယ်ဆိုတယ်ဆိုတဲ့ အချက်ပါပဲ။ 

တစ်ချိန်တည်းမှာ အဲဒီသီးနှံသစ်တောရောနှောစိုက်ခင်းတွေဟာ ဒေသခံ ရွာသူရွာသားတွေရဲ့ ဝင်ငွေစီးကြောင်းကြီး ဖြစ်လို့နေပါတယ်။ အဲဒီ သစ်တောစိုက်ခင်းတွေထဲမှာ ချောင်းကော် (Caoguo) လို့ခေါ်တဲ့ တရုတ်ဖာလာစေ့ Chinese black cardamom (Amomum tsaoko) တွေကို ရောနှောစိုက်ပျိုးထားတာပါ။ ဒီအပင်တွေဟာ အရိပ်ကောင်းကောင်း လိုအပ်တဲ့ အပင်တွေဖြစ်တာမို့ အပင်ကြီးတွေအုံ့ဆိုင်းနေ တဲ့ သစ်တောအုပ်ထဲမှာ ပိုပြီး ဖြစ်ထွန်းနိုင်ပါတယ်။ သစ်ပင်ကြီးတွေက စီးပွားဖြစ်သီးနှံဖြစ်တဲ့ တရုတ် ဖာလာစေ့ပင် အတွက် အရိပ်ကောင်းပေးနိုင်သလို၊ ဇီဝမျိုးကွဲဖြစ်တဲ့ စကိုင်းဝေါ့ကာမျောက်လွှဲကျော်တွေအတွက် နေစရာ၊ ကျင်လည်ကျက်စားစရာ၊ အစာတွေကို ပေးပါတယ်။ ဒါကြောင့် ဒီနည်းလမ်းဟာ ဂေဟစနစ်ကို အကျိုးဖြစ်ထွန်းစေပြီး ဇီဝမျိုးကွဲစုံလင်မှုကို အထောက်အကူပြုသလို၊ ဒေသခံတွေအတွက် ဝင်ငွေ အခွင့်အလမ်းကို တိုးလာစေပါတယ်။ 

၂၀၁၈ ခုနှစ်က ကမ္ဘာပေါ်မှာ ဖာလာစေ့ စိုက်ပျိုးဧရိယာ ဟက်တာပေါင်း ၃ သိန်းခန့်ရှိခဲ့ပြီး အဲဒီထဲ က ၇၈ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အများစုက မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ယူနန်ပြည်နယ်ထဲမှာပါ။ ဖာလာစေ့ တစ်ကီလိုဂရမ် (၆၂ ကျပ်သားဝန်းကျင်) ဟာ လက်လီဈေးကွက်မှာ အမေရိကန်ဒေါ်လာ ၂၄.၆၂ ကနေ ၃၂.၃၅ အထိ ပေါက်ဈေးရှိတယ်လို့ လေ့လာသိရှိရပါတယ်။ လက်ကားဈေးကွက်မှာတော့ တစ်ကီလိုဂရမ်ကို အမေရိကန်ဒေါ်လာ ၁၇.၂၄ ကနေ ၂၂.၆၄ အထိ ပေါက်ဈေးရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒါဟာ ဒေသခံတွေအတွက် စီးပွားရေးအရ သေချာပေါက် အကျိုးရှိနိုင်စေတဲ့ အခြေအနေပါ။ 

တရုတ်နိုင်ငံ ယူနန်ပြည်နယ်က လီဆူးတိုင်းရင်းသားများရဲ့ အတွေ့အကြုံကနေ သစ်တောရဲ့ အရေးပါပုံ၊ ဇီဝမျိုးကွဲစုံလင်မှုရဲ့ အရေးကြီးပုံ၊ ဂေဟစနစ်ပြန်လည်ရှင်သန်ရေးလုပ်ငန်းတွေကို စီးပွားဖြစ်စိုက် ပျိုးရေးနဲ့ တွဲဖက်လုပ်ကိုင်နိုင်ပုံတွေကို ဆက်လက်တွေးတောကြည့်နိုင်ကြလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ရင်း ဝေမျှလိုက်ရပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်