အားဝါးပေးရင်း မျောက်မောင်းမရဲ့အဆိပ်ကို အန်တုစိန်ခေါ်နေကြသူများ

19/04/2023 15:00 PM တွင် ဒေါက်တာမြင့်သိန်း(B.V.S) ဒေါက်တာမြင့်သိန်း(B.V.S) မှ ရေးသား

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ ကာလကြာရှည် အတူအလုပ်လုပ်ခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးက Post လေးတစ်ခုကို ကျွန်တော့ထံ မျှဝေလာပါတယ်၊၊ 

သူက တော်တော်လေးကို စိတ်မကောင်း ဖြစ်နေသလို တိရစ္ဆာန်ချစ်သူတွေအတွက်လည်း အန္တရာယ် ဖြစ်မှာကို စိုးရိမ်ထိတ်လန့်နေပုံရပါတယ်။ 

{ အားဝါးပါပေးခိုင်းနေတာကို မြင်ရတာတော့ ရင်တုန်စရာပါပဲ}

သူ့အနေနဲ့ ပူပန်မယ်ဆိုလည်း ပူပန်စရာပါပဲ။ 

အကြောင်းကတော့ဖြင့် ကန်တော်ကြီးထဲက စားသောက်ဆိုင်တစ်ခုရဲ့ စားပွဲပေါ်က အဖျော်ဖြေခံ တောရိုင်းတိရစ္ဆာန်တစ်ကောင်အကြောင်းပါ ။ 

ကဲ . . . .ကြည့်ကြရအောင် ။

အဲဒီတိရစ္ဆာန်လေးကတော့ နို့တိုက်သတ္တဝါတစ်မျိုးဖြစ်တဲ့ မျောက်မောင်းမ ခေါ် မျောက်လေပွေ { Slow loris } ပါ ။ 

မျက်လုံးတွေက ကြီးမားဝိုင်းစက်တယ် ။ နောက်ပြီး ညှို့ဓာတ်ရှိတယ် ။ 

ချစ်စဖွယ်ကောင်းတယ်။

နောက်ပြီးသနားစဖွယ်ကောင်းတဲ့ ဟန်ပန်အမူအရာကြောင့် တောရိုင်းတိရစ္ဆာန်ဖြစ်လင့်ကစား အိမ်မွေးတိရစ္ဆာန်အနေနဲ့ အချိန်တိုအတွင်းမှာ လူသိများထင်ရှားလာပါတယ် ။

ဒါပေမဲ့ . . . 

ဒါပေမဲ့လေ . . .

သူဟာ အကောင်ငယ်ပေမဲ့ ဝှက်ဖဲ ရှိနေပါတယ်။ 

အဲဒါကတော့ဖြင့် . . .

သူ့ရဲ့ လက်မောင်းမှာရှိတဲ့ အဆိပ်အိတ်ပါပဲ။

ဒါဆို မေးစရာရှိလာတယ် ။ 

သူကမြွေတွေလို အဆိပ်အိတ်က ပါးစောင်မှာမရှိဘဲ လက်မောင်းမှာရှိနေတဲ့အခါကျတော့ လူကို ကိုက်တဲ့အခါ ဘယ်လိုဖြစ်လို့ အဆိပ်တက်စေမှာလဲလို့ ။

ဟုတ်ပါတယ်။

မျောက်မောင်းမက လူကိုမကိုက်ခင် အရင်ဦးဆုံး သူ့ပါးစပ်နဲ့ သူ့လက်မောင်းအဆိပ်အိတ်ထဲက အဆိပ်တွေကို စုပ်ပါတယ်။ ပြီးတော့ လျှာနဲ့လည်း ယက်ပါတယ် ။ တံတွေးတွေနဲ့စွတ်ပါတယ် ၊ ရောပါတယ်။

ပြီးတော့မှ လူကိုကိုက်တော့တာပါပဲ။

ဒါဆို အဲဒီအဆိပ်ကကော လူကိုသေစေနိုင်ပါသလား။

အကိုက်ခံရမယ်ဆိုရင်တော့ဖြင့် . . .

  • သေလုမျောပါးဆိုးဝါးစွာနာကျင်ခြင်း { Deadly pain } ၊ 
  • နေထိုင်မကောင်းဖြစ်ခြင်း ၊ 
  • အလွန်ဆိုးရွားသော အကိုက်ခံရမှုမျိုးဆိုရင် မူးမေ့လဲကျသွားစေနိုင်ခြင်း ၊
  • ကလေးငယ်များဆိုရင် သေစေနိုင်ခြင်း ၊ 
  • အချို့သောအခြေအနေများတွင် လူကိုသေဆုံးစေနိုင်ခြင်း ၊
  • ပြင်းထန်စွာယားယံခြင်း၊ 
  • အလွန်အမင်းယောင်ကိုင်းလာတတ်ခြင်း ၊ အနာကျက်ရန်ကြာရှည်ခြင်း ၊ 
  • အနာရွတ်ကျန်ခြင်း ၊ 
  • အနာပိုးဝင်ပြီး အသားများပုပ်သိုးခြင်း ၊ 
  • သွေးဖိအားကျဆင်းခြင်း ၊ 
  • မေ့မြောခြင်း 
  • အကြောဆွဲခြင်း၊ 
  • အသက်ရှုခြင်းနှင့် နှလုံးပိုင်းဆိုင်ရာဖောက်ပြန်ခြင်း

စတာတွေကို ခံစားရစေနိုင်တယ်လို့ဆိုပါတယ်။ 

{ အားဝါးပေးတုန်း အကိုက်ခံရပြီဆိုရင်တော့ . . . စဉ်းစားသာ ကြည့်ပါတော့ခင်ဗျား}

သို့ပေမဲ့လည်း...

တောရိုင်းတိရစ္ဆာန်ရောင်းဝယ်ဖောက်ကားနေကြသူများက လည်ပါတယ် ။

အထက်က အခြေအနေတွေကို ရှောင်တခင် ရှောင်လွဲနိုင်ဖို့အတွက် မျောက်မောင်းမရဲ့သွားတွေကို လက်သဲညှပ်၊ ဝိုင်ယာဖြတ်ကတ်ကျေး ၊ ပလာယာ အစရှိတာတွေသုံးပြီး ဖြတ်တောက်ပစ်ပါတယ်။ 

ဒါတင်မကသေးပါဘူး။

သွားတွေကိုဆွဲနှုတ် ဆွဲချွတ်ပစ်တဲ့အထိတောင် ရှိပါတယ် ။ 

အဲလိုလုပ်တဲ့အချိန်မှာ မျောက်မောင်းမတွေဟာ အလွန်နာကျင်မူကို ခံစားရတယ်လို့ဆိုပါတယ်။ 

တစ်ခါတစ်ရံမှာ ရောဂါပိုးဝင်ရောက်ခံရပီး သို့မဟုတ် သွေးထွက်လွန်ကာ သေဆုံးသွားကြတယ်လို့လည်း ဆိုပါတယ်။ 

အဲဒီအတွက်ကြောင့် ပညာရှင်တွေက ဘာပြောကြသလဲဆိုတော့ လူတွေဟာ မျောက်မောင်းမများ မျိုးသုဉ်း စေဖို့ တွန်းပို့ပေးနေကြတယ်လို့ ဆိုကြပါတယ် ။

အဲဒီလို မျောက်မောင်းမတွေ မျိုးသုဉ်းသွားတော့ ဘယ်လိုဆိုးကျိုးဆက် { Negative impacts } တွေ သက်ရောက်မူ ဖြစ်စေမှာပါလဲ။

မျောက်မောင်းမက သဘာဝထဲမှာ အသီးအနှံလည်းစားတဲ့အမျိုးဖြစ်တဲ့အတွက်ကြောင့် စားပြီး အသီးအနှံတွေရဲ့ အစေ့တွေကို သူသွားလေရာ တောတောင်အနှံ့မှာ မစင်အနေနဲ့စွန့်ထုတ်ခဲ့တာဖြစ်လို့ သစ်ပင်မျိုးစေ့များဖြန့်ဖြူးသူ { Seed dispersers } များဖြစ်ကြသလို ဝတ်မှုံကူးပေးသူများ { Pollinator }လည်း ဖြစ်ကြတယ်လို့ဆိုပါတယ်။

နောက်ပြီးတော့ သူတို့ကိုမြင်တွေ့ရတဲ့ဒေသတွေမှာဆိုရင် သဘာဝပတ်ဝန်းကျင်ဂေဟစံနစ်များ အလွန်ပဲ ကောင်းမွန်နေတယ်၊ ကျန်းမာနေတယ် { Eco-system is healthy}လို့တောင်အသိအမှတ်ပြုထားကြပါတယ် ။ 

ဒီနေရာမှာ ပြောချင်တာက တောရိုင်းတိရစ္ဆာန်တွေကို လေးစားသမှုမပြုဘဲ အစဉ်အမြဲ နိုင်ထက် စီးနင်းလုပ် နေထိုင်သွားမယ်ဆိုရင်တော့ဖြင့် တစ်နေ့မှာ အဲ့ဒီရဲ့ဆိုးကျိုးဆက်တွေကို ကျွန်တော်တို့လူသားတွေ မလွဲမသွေ ပြန်ခံကြရမယ်ဆိုတာပါပဲ။

ဒေါက်တာမြင့်သိန်း (B . V .S )

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်