သိုး၊ ဆိတ်များတွင် ဖြစ်လေ့ဖြစ်ထရှိသော မေးခိုင်ရောဂါ(Tetanus)အကြောင်းကို သိုး၊ ဆိတ် မွေးမြူသူများ သိရှိစေရန် ရေးသားဖော်ပြလိုက်ရပါသည်။
ရောဂါဖြစ်ပွားသည့်အကြောင်းအရင်း
CL.tetani ဟု ခေါ်သော ပိုးမျိုးစိတ်၏ Spore များ သိုး၊ ဆိတ်များ၏ ဒဏ်ရာနက်နက်ထဲသို့ ဝင်သွားပြီး vegetative ပုံစံသို့ ပြန်ပြောင်းပွားများကာ အဆိပ်ထုတ်လုပ်သောကြောင့် ဖြစ်ပွားပါသည်။
ရောဂါလက္ခဏာများ
- ဘက်တီးရီးယားပိုးက ထုတ်လုပ်သောအဆိပ်(toxin)သည် ဖြေလျော့ကြွက်သားများအား ထောက်ပံ့သည့်အာရုံကြော (Inhibitory nerves)များကို တွယ်ကပ်ပြီး ဖျက်ဆီးပစ်ကြသဖြင့် သိုး၊ ဆိတ်၏ ကြွက်သားများ ဖြေလျော့၍မရဘဲ တောင့်တင်းနေစေပါသည်။
- ရောဂါဖြစ်ပွားသည့်အခါ လှုံ့ဆော်မှုအသေးစားလေးများကိုပင် ကြွက်သားများက အလွန်အမင်း အထိန်းအချုပ်မဲ့စွာ တုံ့ပြန်ကြသည်ကို တွေ့ရှိရပါသည်။
- နောက်ဆုံးတွင် ဆိတ်ငယ်ကလေးမှာ အသက်ရှူ၍မရဘဲ အသက်သေဆုံးရပါသည်။
ကူးစက်ပုံ
- CL.tetani ပိုးများသည် အခွံမာအိတ်(spores)အိတ်များ ပြုလုပ်နေထိုင်နိုင်ပြီး မစင်များရှိသည့် မည်သည့်နေရာတွင်မဆို ရှိနေနိုင်ပါသည်။
- ၎င်းတို့သည် လေမဝင်နိုင်သဖြင့် အောက်ဆီဂျင်မရရှိနိုင်သော အနာနက်နက်များတွင် ကောင်းစွာ ပေါက်ပွားရှင်သန်ကြပါသည်။
- တိရစ္ဆာန်များဒဏ်ရာရရှိသည့်အခါ (ဥပမာ-သင်းကွပ်ခြင်း) ပတ်ဝန်းကျင်ရှိ ရောဂါပိုး spore များသည် ဒဏ်ရာအတွင်းသို့ ဝင်သွားပြီး ကူးစက်ခြင်းဖြစ်ပါသည်။
အသေကောင်အားခွဲစိတ်စစ်ဆေးခြင်း
- ရောဂါဖြစ်ပြီး သေဆုံးသွားသော တိရစ္ဆာန်အသေကောင်အား ခွဲစိတ်စစ်ဆေးရာတွင် ထူးခြားချက်များ မတွေ့ရှိရပါ။
ရောဂါကိုစစ်ဆေးခြင်း
- ရောဂါလက္ခဏာနှင့် ဒဏ်ရာရရှိမှု နောက်ကြောင်းလေ့လာမှုများအရ ရောဂါဟု အမည်တပ်နိုင်ပါသည်။
ကာကွယ်ခြင်း
- မေးခိုင်ရောဂါကို ကာကွယ်ရာတွင် အသုံးပြုသော ကာကွယ်ဆေးမှာ အဆိုပါရောဂါပိုးမှ ထုတ်လုပ်သောအဆိပ်ကို အားဖျော့ထားသော(toxoid)ကာကွယ်ဆေး ဖြစ်ပါသည်။
- ၎င်းကာကွယ်ဆေးသည် ခန္ဓာကိုယ်ခုခံအားစနစ်ကို လှုံ့ဆော်ပေးပြီး ခုခံအားစနစ်အနေဖြင့် ရောဂါ ပိုးမှ ထုတ်လုပ်သည့်အဆိပ်ကို ချေဖျက်နိုင်မည့် ရောဂါအခံဓာတ်(Immunoglobulin)များကို ထွက်ပေါ်လာစေပါသည်။
- ဆိတ်မကြီးများအား သားမကျမီ အနည်းဆုံး ၂ ပတ်ခန့်အလိုတွင် မေးခိုင်ကာကွယ်ဆေး (toxoid) ထိုးနှံပေးရပါမည်။
- ထို့နောက် ဆိတ်ငယ်လေးများအား သင်းမကွပ်မီ၂ ပတ်ခန့်ကြိုတင်၍ မေးခိုင်ကာကွယ်ဆေး ထိုးနှံရန် လိုအပ်ပါသည်။
ကုသခြင်း
- ငြိမ်ဆေးများ ထိုးနှံပေးပြီး မှောင်သောအခန်းတွင် တိရစ္ဆာန်အား ထားရှိခြင်းဖြင့် အာရုံကြောလှုံ့ဆော်မှုများကို လျှော့ချပေးရပါမည်။
- ကာကွယ်ဆေးထိုးထားသော တိရစ္ဆာန်၏သွေးရည်ကြည်တွင်ပါဝင်သော Immunoglobulins များအား ဒဏ်ရာနက်နက်ရထားပြီး ကာကွယ်ဆေး မထိုးထားသော တိရစ္ဆာန်တွင် ထိုးနှံပေးခြင်းကို ပြုလုပ်ပေးလေ့ရှိကြပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။