ပိုးသတ်ဆေးအစား ပုရွက်ဆိတ် ပြောင်းသုံးကြမလား..

25/08/2022 10:22 AM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

တောင်သူလယ်သမားတွေရဲ့ စားနပ်ရိက္ခာထုတ်လုပ်မှုကို အကူအညီဖြစ်စေရာမှာ ပုရွက်ဆိတ်လေးတွေက ပိုးသတ်ဆေးတွေထက်တောင် ပိုထိရောက်မှု ရှိနိုင်တယ်လို့ လေ့လာမှုသစ်တစ်ခုက တင်ပြလိုက်ပါတယ်။ 

သူတို့လေးတွေဟာ ဖျက်ပိုးတွေကိုလည်း သတ်တတ်၊ အပင်နာတာကိုလည်း လျော့စေတဲ့အပြင် သီးနှံအထွက်နှုန်းကိုပါ မြင့်တက်စေနိုင်တယ်လို့ သီးနှံထုတ်လုပ်မှုအပေါ် ပုရွက်ဆိတ်တွေရဲ့ ပံ့ပိုးကူညီမှုကို ပထမဆုံးအဖြစ် စနစ်တကျ လေ့လာတင်ပြခဲ့တဲ့ ဒီလေ့လာမှုက ဆိုပါတယ်။

ပုရွက်ဆိတ်တွေဟာ အစုံစားသတ္တဝါတွေ ဖြစ်ကြပြီး သီးနှံအထွက်ကျမှုဆီ ဦးတည်စေတဲ့ အသီး၊ အစေ့နဲ့ အရွက်တွေကို ဖျက်ဆီးတတ်တဲ့ ဖျက်ပိုးတွေကို ဖမ်းယူစားသောက်တတ်ကြပါတယ်။ ပုရွက်ဆိတ်တွေ မျိုးကွဲစုံလင်စွာ ပိုရှိရင်တော့ ယေဘုယျအားဖြင့် ဖျက်ပိုးအမျိုးအစားများစွာရဲ့ရန်ကနေ အကာအကွယ်ပိုပေးနိုင်လိမ့်မယ်လို့ လေ့လာမှုက တွေ့ရှိခဲ့ပါတယ်။

ဒီသုတေသနဟာ အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျ၊ ယူကေနဲ့ ဘရာဇီး စတဲ့ နိုင်ငံအများအပြားထဲက ရှောက်၊ သံပရာ၊ သရက်၊ ပန်းသီးနဲ့ ပဲပုပ်တို့အပါအဝင် သီးနှံ ၁၇ မျိုးကို စောင့်ကြည့်လေ့လာခဲ့တာပါ။

 "ယေဘုယျအားဖြင့် စနစ်တကျ စီမံခန့်ခွဲပေးနိုင်မယ်ဆိုရင် ပုရွက်ဆိတ်တွေဟာ ဖျက်ပိုးနှိမ်နင်းရာမှာ အသုံးဝင်ပြီး အချိန်ကြာလာတာနဲ့အမျှ သီးနှံထွက်နှုန်းကို မြင့်တက်လာစေနိုင်ပါတယ်။ အချို့သော ပုရွက်ဆိတ်မျိုးစိတ်တွေဟာ ပေါင်းသတ်ဆေးနဲ့ တန်းတူ ဒါမှမဟုတ် ပိုမိုသာလွန်စွာ ထိရောက်ပြီး အကုန်အကျလည်း နည်းပါးပါတယ်" လို့ Proceedings of Royal Society B ဂျာနယ်ပါ အဆိုပါသုတေသနစာတမ်းထဲမှာ ပညာရှင်တွေက ရေးသားထားကြပါတယ်။

ဘရာဇီးပညာရှင်အဖွဲ့က ပုရွက်ဆိတ်မျိုးစိတ် ၂၆ မျိုးကို လေ့လာခဲ့ရာမှာ အများစုကတော့ အပင်ပေါ်နဲ့ မြေကြီးပေါ် အသိုက်ဆောက်နေတတ်ပြီး အပင်အတက်အဆင်း လုပ်လေ့လုပ်ထရှိတဲ့ ခါချဉ်မျိုးတွေ ဖြစ်ကြပါတယ်။ ပုရွက်ဆိတ်တွေဟာ သစ်ပင်ကြီးနဲ့ သီးနှံပင် တွဲစိုက်တဲ့ သီးနှံ-သစ်တောရောနှောစိုက်ခင်းလို စိုက်ပျိုးရေးစနစ်တွေ၊ အရိပ်ရသီးနှံပင်တွေမှာ ပိုပြီး အကျိုးပြုကြောင်း ပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ အဲဒီနေရာတွေဟာ သူတို့အတွက် အသိုက်ဖွဲ့စရာနဲ့ အစားအစာ ပိုမို ပေါများတာကြောင့် ဖြစ်ပါတယ်။

သုတေသနအဖွဲ့ခေါင်းဆောင် Uberlândia ဖက်ဒရယ်တက္ကသိုလ်က ဒေါက်တာ Diego Anjos က "ကျွန်ုပ်တို့လေ့လာမှုဟာ ပုရွက်ဆိတ်တွေနဲ့ ဖျက်ပိုးကို နှိမ်နင်းတဲ့ ဇီဝနည်းလမ်းတွေအပြင် သီးနှံစိုက်ပျိုးရေးအတွင်း ပုရွက်ဆိတ်တွေကို သဘာဝအလျောက် မွေးမြူပြီးသား ဖြစ်စေတဲ့ အရိပ်ရသီးပင်စားပင်တွေ စိုက်ပျိုးတာလိုမျိုး ရေရှည်တည်တံ့ခိုင်မှု ပိုကောင်းတဲ့ အလေ့အထတွေကို တောင်သူလယ်သမားတွေ ကျင့်သုံးလာအောင် အားပေးဖို့ ဖြစ်ပါတယ်" လို့ ပြောပါတယ်။

စိုက်ပျိုးရေးမှာ ပုရွက်ဆိတ်တွေရဲ့ အရေးပါမှုကို အလုံးစုံ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဘာကြောင့်လဲဆိုရင် သူတို့ကိုယ်တိုင်ကလည်း ပြဿနာတစ်ခု ဖြစ်နေတတ်လို့ပါ။ ပိုးစေးနှဲ၊ ပျနဲ့ ယင်ဖြူတို့လို ဖျက်ပိုးတွေဟာ သကာရည်တစ်မျိုး ထုတ်လုပ်ပေးတတ်ပြီး ပုံမှန်အားဖြင့် ပုရွက်ဆိတ်တွေ ရှိတဲ့‌နေရာတိုင်း သူတို့ကို တွေ့ရတတ်ပါတယ်။ အကြောင်းကတော့ ပုရွက်ဆိတ်တွေဟာ သကာရည်ကို နှစ်ခြိုက်တာကြောင့် ပျတွေကို အကောင်မွေးသလို မွေးမြူထားတတ်ပြီး သားရဲတွေရဲ့ ရန်ကနေတောင် ကာကွယ်ပေးတတ်ကြလို့ပါ။

သဘာဝနဲ့ ကိုက်ညီတဲ့ ထိန်းချုပ်နည်းတွေအဖြစ် (မြေပြင်မှာ၊ ပင်စည်အနီးမှာ နဲ့ သစ်ကိုင်းတွေပေါ်မှာ) အစားထိုး အချိုသကာတွေ ပံ့ပိုးဖန်တီးပေးနိုင်မယ်ဆိုရင် ပုရွက်ဆိတ်နဲ့ ပျတို့ကြား ဆက်ဆံရေးကို ဖြတ်တောက်နိုင်လိမ့်မယ်လို့ သုတေသနပညာရှင်တွေက ပြောပါတယ်။ အဲဒီအခါ ပုရွက်ဆိတ်တွေ အာရုံ‌ ပြောင်းလဲသွားပြီး သကာရည် မထုတ်လုပ်တဲ့ ပိုဖလံ နဲ့ ကျိုင်းကောင်လို အခြားဖျက်ပိုးကောင်ရေများစွာကို ကိုက်ယူစားသောက် လျှော့ချပေးနိုင်ပါလိမ့်မယ်။

ဒီစာတမ်းမှာ ဖျက်ပိုးအဖြစ် ကမ္ဘာတစ်ဝန်းက သတ်မှတ်ထားတဲ့ အင်းဆက်မျိုးစိတ်အများစုကို လေ့လာခဲ့ပြီး ယခင်လေ့လာမှုပေါင်း ၅၂ မျိုးထဲက မျိုးစိတ် ၃၀ အထိ အကျုံးဝင် ပါဝင်ပါတယ်။ ပုရွက်ဆိတ်တွေ နေထိုင်တဲ့ သီးနှံပင်တစ်အုပ်စု၊ ပုရွက်ဆိတ်တွေကို ဖယ်ရှားရှင်းလင်းထားတဲ့ သီးနှံပင်တစ်အုပ်စုတို့ကို နှိုင်းယှဉ်လေ့လာပြီး ရရှိလာတဲ့ အချက်အလက်တွေပေါ် အခြေခံကာ ပုရွက်ဆိတ်တွေကြောင့် ဖြစ်ပေါ်တဲ့ထူးခြားချက်တွေကို ဖော်ထုတ်တွေ့ရှိခဲ့တာပါ။

ကမ္ဘာပေါ်မှာ ပုရွက်ဆိတ်တွေဟာ အခြားဘယ်အင်းဆက်ထက်မဆို အကောင်ရေပိုများပြီး သက်ရှိအင်းဆက်အရေအတွက်အနက် ထက်ဝက်လောက်အထိ ပါဝင်နေပါတယ်။ ဖော်ထုတ်သိရှိထားတဲ့ ပုရွက်ဆိတ် မျိုးစိတ်ပေါင်း အနည်းဆုံး ၁၄၀၀၀ ရှိပြီး မသိသေးတဲ့ နောက်ထပ်မျိုးစိတ်တွေလည်း ရှိနေနိုင်ပါသေးတယ်။ တရုတ်ပြည်က ရှောက်၊ သံပရာပင် စိုက်ပျိုးသူတွေဟာ ပုရွက်ဆိတ်တွေကို စိုက်ပျိုးရေးလုပ်ငန်းမှာ ရာစုနှစ်များစွာကြာကတည်းက အသုံးပြုခဲ့ကြပါတယ်။ ကနေဒါက သစ်တောတွေ၊ ဂါနာက ကိုကိုးပင်တွေနဲ့ နိုင်ဂျီးရီးယားက သီးနှံပင်တွေမှာ ကျရောက်တဲ့ ဖျက်ပိုးတွေကိုလည်း ပုရွက်ဆိတ်ကို အသုံးပြုပြီး နှိမ်နင်းထိန်းချုပ်တဲ့သာဓက ရှိပါတယ်။

ဖီဂျီပစိဖိတ်ကျွန်းစုမှာ တွေ့ရတဲ့ ပုရွက်ဆိတ်တွေဆိုရင် သစ်ပင် အနည်းဆုံး ခြောက်မျိုးလောက်ထိ ၎င်းတို့ဘာသာ စိုက်ပျိုးနိုင်ပြီး နှစ်ပေါင်း သုံးသန်းအကြာက စတင်ခဲ့တဲ့ အပင်နဲ့ ပုရွက်ဆိတ်ကြား အပြန်အလှန်ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်တယ်လို့ Nature ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ သုတေသနတစ်ခုက ဆိုပါတယ်။

Nevada Pringle Lab တက္ကသိုလ်က ဒေါက်တာ Patrick Milligan ဟာ သုတေသနမှာ သူကိုယ်တိုင် မပါဝင်ခဲ့ပေမဲ့လည်း ယခုလို မှတ်ချက်ပြုပါတယ်။ 

"ဒီတွေ့ရှိချက်တွေဟာ အားတက်ဖွယ်ရာ ဖြစ်ပြီး အသစ်အဆန်းတော့ လုံးဝမဟုတ်ပါဘူး။ ဂေဟစနစ်နဲ့ စိုက်ပျိုးရေးစနစ်တွေအတွင်း နေရာအနှံ့မှာ တွေ့မြင်နေရတဲ့ ပုရွက်ဆိတ်တွေ အကျိုးပြုမှုပုံကို သူတို့က သေသေသပ်သပ်နဲ့ ဖော်ထုတ်တင်ပြနိုင်ခဲ့တာပါ" လို့ ပြောပါတယ်။

"ဒါဟာ စိုက်ပျိုးရေးအတွက် ရွေးချယ်ကျင့်သုံးစရာ နည်းလမ်းတစ်ခု ရလာစေပါတယ်။ အနီးဝန်းကျင်အင်းဆက်အစုအဝေးတွေကိုပါ ထိခိုက်စေတဲ့ ပိုးသတ်ဆေးတွေကို ရှောင်ကြဉ်ပြီး တစ်ချိန်တည်းမှာပဲ သီးနှံအထွက်နှုန်းကို မြင့်တက်စေတဲ့ နည်းလမ်းဆီ ပြောင်းလဲ ရွေ့လျားလာနိုင်စေပါလိမ့်မယ်" လို့ သူက ပြောပါတယ်။

သုတေသနမှာ ပါဝင်ခဲ့ခြင်းမရှိသူ Gloucestershire တက္ကသိုလ်က ပါမောက္ခ Adam Hart ကလည်း ဒီလေ့လာမှုဟာ ဖျက်ပိုးနှိမ်နင်းသူ ပုရွက်ဆိတ်တွေရဲ့ အရေးကြီးအခန်းကဏ္ဍကို ထပ်လောင်းအတည်ပြုပေးလိုက်တာလို့ ပြောပါတယ်။

 "ကျွန်တော်တို့ တော်တော်များများ ပုရွက်ဆိတ်တွေဟာ သဘာဝဖျက်ပိုးနှိမ်နင်းရေးသမားတွေ ဖြစ်တဲ့အကြောင်း ပြောဆိုဆွေးနွေးခဲ့ကြဖူးပါတယ်။ ဒါပေမဲ့ အတွင်းကျကျ စတင်လေ့လာပြီဆိုရင်တော့ ထင်ထားတာထက်ပိုပြီး ခက်ခဲရှုပ်ထွေးပါတယ်" လို့ သူက ပြောပါတယ်။

“ ဒီသုတေသနက ပုရွက်ဆိတ်အုံတွေကို သီးနှံပင်တွေ ရှိရာဆီ ရွှေ့ဖို့နဲ့ ပုရွက်ဆိတ် နေအောင် လုပ်ဆောင်ပေးဖို့က အကျိုးများနိုင်တယ်လို့ အဆိုပြုထားပါတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်မှာ ပုရွက်ဆိတ်နဲ့ သီးနှံပင်တင် ရှိနေတာ မဟုတ်တဲ့အတွက် သတိထားလုပ်ဆောင်ဖို့တော့ လိုပါမယ်။ ဒီလိုလုပ်လိုက်တဲ့အတွက် ပေးဆပ်ရမှုတွေ ရှိနိုင်ပါတယ်။ ဒီတော့ကာ ပုရွက်ဆိတ်တွေဟာ သီးနှံဖျက်ပိုးတွေ၊ အခြားသက်ရှိတွေနဲ့ ဘယ်လို အမှီသဟဲ ပြုနေသလဲဆိုတဲ့အပေါ်  ဒီထက်ပိုမို နားလည်လာဖို့က အရေးကြီးလာပါတယ်"

"ကျွန်တော်ရလိုက်တဲ့ ကြီးမားတဲ့အသိကတော့ ပုရွက်ဆိတ်တွေကို ဒီထက်ပို မွေးမြူတတ်ဖို့ဆိုရင် သူတို့ရဲ့ ပတ်ဝန်းကျင်အပေါ် အမှီသဟဲပြုပုံ ကို အနုစိတ်ပိုသိဖို့ လိုလာတယ်ဆိုတာပါ။ တနည်းအားဖြင့် ပြောရရင် ဂေဟဗေဒပညာရှင်တွေ ပိုမိုလိုအပ်လာတဲ့သဘောပါပဲ" လို့ သူက ပြောပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: Ants can be better than pesticides for growing healthy crops, study finds - The Guardian 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်