စိုက်ပျိုးမွေးမြူရေး နှစ်ခုလုံးမှာ အကျိုးများအသုံးချနိုင်တဲ့ အေဇိုလာ ထုတ်လုပ်သုံးစွဲနည်း (၁)



29/07/2022 14:30 PM တွင် Htet Zaw Htun (organic Farming Coach) Htet Zaw Htun (organic Farming Coach) မှ ရေးသား

ဓာတ်မြေဩဇာဈေးတွေ ခေါင်ခိုက်လာတဲ့ အခုလိုအချိန်မှာ သူ့အတွက် အစားထိုး အသုံးပြုနိုင်မယ့် သဘာဝမြေဩဇာတွေအကြောင်းကို တောင်သူတွေ ပိုပြီးစိတ်ဝင်စားလာကြပါတယ်။ ဒီအတွက် သဘာဝမြေဩဇာတွေ အမျိုးမျိုးလည်း ထုတ်လုပ်ရောင်းချသူတွေ၊ သုံးစွဲသူတွေ အများအပြားရှိလာပါတယ်။ 

ဒီထဲကမှ အပင်တွေအတွက် အာဟာရဓာတ်များစွာပါဝင်ပြီး အလွယ်တကူ ထုတ်လုပ်သုံးစွဲလို့ရသလို စီးပွားဖြစ်ပါထုတ်လုပ်အသုံးချနိုင်မယ့် အေဇိုလာ(Azolla) စိုက်ပျိုးမှုလုပ်ငန်းစဉ်တွေအကြောင်းကို တောင်သူတော်တော်များများက မေးမြန်းလာလို့ အေဇိုလာစိုက်ပျိုးပြုစုနည်း၊ မျိုးပွားနည်း၊ လိုအပ်သောပတ်ဝန်းကျင်၊ အသုံးပြုနည်း၊ အကျိုးကျေးဇူးများနဲ့ ပိုးမွှားရောဂါများကာကွယ်နည်း၊ ရိတ်သိမ်းယူနည်း စတဲ့ အသေးစိတ်အချက်အလက်တွေကို ရေးသားဖော်ပြလိုက်ပါတယ်။

Azolla ဆိုတာ ဘာလဲ

Azolla ဆိုတာက ရေထဲမှာနေတဲ့ Fern ပင် အမျိုးအစားဖြစ်ပြီး Duck Weeds သို့မဟုတ် ရေညှိများနဲ့ဆင်တူတဲ့ ရေနေရေပေါ်ပင်များ ဖြစ်ပါတယ်။ အာရှ၊ အာဖရိကနဲ့ အမေရိကတို့ရဲ့ မူရင်းဇာတိရင်းမြစ်များ ဖြစ်ပြီး နာမည်အမျိုးမျိုးဖြင့် ခေါ်ဝေါ်အသုံးပြုကြပါတယ်။

သူတို့ဟာ အောက်ခံအမြစ်များတွဲလောင်းနဲ့ ရေမျက်နှာပြင်ပေါ်မှာမျှောနေကြတာပါ။ ယပ်တောင်လို ပုံစံရှိပြီး အရွယ်အစားသေးငယ်ကာ တစ်ခုနဲ့တစ်ခု ထပ်နေတဲ့အပင်လေးတွေပါ။

ရေစိုခံနိုင်တဲ့ ဒီ Azolla အပင်လေးဟာ ၂ ရက်၊ ၃ ရက်အတွင်း သူ့ရဲ့ဇီဝဒြပ်ထုကို နှစ်ဆတိုးစေနိုင်လို့ 'စူပါအပင် Azolla ' အဖြစ် လူကြိုက်များကြပါတယ်။ 

သူ့မှာမျိုးစိတ် ၆ မျိုးရှိပြီး လက်ရှိ အာရှမှာ အများဆုံးတွေ့ရှိရတာက A.pinnata မျိုးစိတ်ပါ။ တခြားမျိုးစိတ်တွေကတော့ A.filiculoides, A. nilotica, A. caroliniana, A. Mexicana, A. Microphylle တို့ ဖြစ်ပါတယ်။ မျိုးစိတ်တစ်ခုစီဟာ အပင်အရွယ်အစား ကွဲပြားကြပြီး အမွေးအရောင်တွေက အစိမ်းကနေ ခရမ်းရောင်အထိ ကွဲပြားနိုင်ပါတယ်။ 

အမွေးများရဲ့ ညွှန်ပြချက်ကိုလိုက်ပြီး သွင်ပြင်လက္ခဏာ- ဇီဝကမ္မမျိုးကွဲသုံးမျိုးအဖြစ် ဖော်ပြကြပါတယ်။

အနီရောင်က ဆားငန်ဓာတ်ကို ခံနိုင်ရည်ရှိပြီး ခရမ်းရောင်ကတော့ အချဉ်ဓာတ်ကို ခံနိုင်ရည်ရှိပါတယ်။ သစ်စိမ်းရောင်ကတော့ မြင့်မားတဲ့အပူချိန်ကို ခံနိုင်ရည်ရှိပါတယ်။

မျိုးစိတ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ ကွာခြားမှုက Azolla ရဲ့ အာဟာရပါဝင်မှုကို ပြောင်းလဲစေနိုင်ပါတယ်။

 

ဘယ်လိုဓာတ်တွေပါဝင်ပြီး ဘယ်လိုအသုံးချကြလဲ

မွေးမြူရေးအတွက် အသုံးချခြင်း

Azolla အခြောက်မှာ အောက်ပါဓာတ်များ ပါဝင်ပါတယ်။


  • ၁။ ပရိုတင်းဓာတ် (အစိမ်း)

  • ၂။ အမျှင်ဓာတ်

  • ၃။ ပြာဓာတ် (ပိုတတ်)

  • ၄။ နိုက်ထရိုဂျင်
  • 
၅။ ကယ်လ်စီယမ်
  • 
၆။ ဖော့စဖရပ် နှင့် အခြားအာဟာရများ
  • 
၇။ Lysine, Methionine, Cystine

ဆိုတော့ အဲ့လိုဓာတ်တွေ ပါဝင်တာကြောင့် တိရစ္ဆာန် သို့မဟုတ် မွေးမြူရေးအစာအဖြစ် (နို့စားတိရစ္ဆာန်များ၊ ကြက်၊ သိုးနှင့် ဆိတ်များအတွက်) တွင်ကျယ်စွာ အသုံးပြုကြပါတယ်။



စိုက်ပျိုးရေးတွင် အသုံးချခြင်း

*နိုက်ထရိုဂျင် ပြုပြင်ဖမ်းယူပေးနိုင်ခြင်း*


ယေဘုယျအားဖြင့် Azolla ဟာ နိုက်ထရိုဂျင် ဖြည့်တင်းရာမှာ ကူညီပေးနိုင်လို့ အပင်တွေကို ကြီးထွားမှု မြန်ဆန်စေပါတယ်။ သူတို့ဟာ လေထုအတွင်း နိုက်ထရိုဂျင်ကို ပြုပြင်ပေးတဲ့ စိမ်းပြာရောင် ရေညှိမျိုးစိတ်များနဲ့လည်း ပေါင်းသင်းနေထိုင်နိုင်ကြပါတယ်။

ရေညှိမျိုးစိတ်တွေဟာ ဒီ အေဇိုလာ Fern ပင်လေးတွေရဲ့ အပေါ်ဘက်အခြမ်းမှာ နေထိုင်ကြပြီး 'anabaena Azolla' လို့ ခေါ်ပါတယ်။ ဒီရေညှိမျိုးစိတ်တွေဟာ အော်ဂဲနစ်နိုက်ထရိုဂျင်ဓာတ်မြေသြဇာရဲ့ ရင်းမြစ်ဖြစ်ပြီး အထူးသဖြင့် စပါးစိုက်ပျိုးချိန်ဆိုရင် ရေနေသစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုလို့ ရပါတယ်။

Anabaena သုတေသနတစ်ခုမှာတော့ Azolla ရဲ့ ပေါင်းစပ်မှုနဲ့အတူ မြေတစ်ဟက်တာ(၂.၄၇ ဧက)ကနေ သစ်စိမ်းမြေဩဇာ တနေ့ ၁ တန်ခန့် ထွက်ရှိနိုင်တယ်လို့ ဆိုထားပါတယ်။

နိုက်ထရိုဂျင်မရှိတဲ့နေရာမှာ စိုက်ပျိုးကြည့်တဲ့အခါ Azolla ဟာ ၃-၅ ရက်အတွင်း အလေးချိန် နှစ်ဆတိုးနိုင်တာတွေ့ရပါတယ်။ နိုက်ထရိုဂျင်ကတော့ 0.1-0.2% နီးပါး ပါဝင်နိုင်ပါတယ်။ Azolla အခြောက်မှာဆိုရင်တော့ နိုက်ထရိုဂျင်က 3-5% အထိ ပါဝင်ပါတယ်။

အရောင်ကိုကြည့်ရုံနဲ့တော့ နိုက်ထရိုဂျင်ပါဝင်မှုအနေအထားကို ပြောလို့မရပါဘူး။ ဘာလို့လဲဆိုတော့ ဖော့စဖရပ်နှင့် ကယ်လ်စီယမ်ချို့တဲ့မှု၊ နွေရာသီအပူချိန် စတာတွေကြောင့် သူက အနီရောင်လည်း ဖြစ်သွားနိုင်လို့ပါ။

အစိမ်းပဲဖြစ်ဖြစ်၊ အနီရောင်ပဲဖြစ်ဖြစ် Azolla မျိုးကွဲနှစ်မျိုးစလုံးမှာ နိုက်ထရိုဂျင်ပါဝင်မှုကတော့ အတူတူလောက်ပါပဲ။



Azolla ရဲ့ အားသာချက်များကတော့..


  • ၁။သဘာဝပတ်ဝန်းကျင် အခြေအနေအရ တောရိုင်းများတွင် အလွယ်တကူ စိုက်ပျိုးနိုင်ခြင်း။

  • ၂။ ကြီးထွားနှုန်းမြန်ပြီး အမြောက်အမြားထုတ်လုပ်နိုင်ခြင်း။

  • ၃။ လေထုထဲက နိုက်ထရိုဂျင်ကို ပြုပြင်ပေးနိုင်စွမ်းရှိခြင်း။

  • ၄။ ဇင့်၊ သံ၊ မန်းဂနိစ် စသည်တို့ကဲ့သို့ ဒြပ်စင်များကို ပျော်ဝင်စေပြီး စပါးပင်များ၊ ကန်စွန်းပင်များနှင့် ရေနေစိုက်ပျိုးသော အပင်များကို ရရှိစေခြင်း။
  • 
၅။ စိုက်ပျိုးမြေများတွင် ပေါင်းမြက်များကို နှိမ်နင်းနိုင်ခြင်း။

  • ၆။ အပင်ကြီးထွားမှုကို ထိန်းညှိပေးသော ဗီတာမင်များနှင့် အပင်ကြီးထွားမှုကို အထောက်အပံ့ပေးနိုင်ခြင်း။

  • ၇။ ဓာတုနိုက်ထရိုဂျင်ဓာတ်မြေသြဇာ(ယူရီးယား)ကို အစားထိုးအသုံးပြုနိုင်ခြင်း။

  • ၈။ စိုက်ပျိုးဧရိယာ၏ ရေငွေ့ပျံနှုန်းကို လျှော့ချပေးနိုင်ခြင်း။
  • 
၉။ ဓာတ်မြေသြဇာ အသုံးချမှု ထိရောက်မှုကို တိုးစေခြင်း။

  • ၁၀။ စိုက်ပျိုးရေးမွေးမြူရေးအတွက် ရင်းနှီးမြှုပ်နှံမှုနည်းခြင်း။
  • 
၁၁။ အခြားသီးနှံများနှင့်အတူ စိုက်ခင်းငယ်တစ်ခုအတွင်း စိုက်ပျိုးနိုင်ခြင်း။

  • ၁၂။ လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏကို မျှတအောင် ကူညီပေးနိုင်ခြင်း။

စတဲ့ အကျိုးကျေးဇူး အများအပြား ရရှိစေပါတယ်။

ဆိုတော့ ဒီလို အကျိုးကျေးဇူးများပြားလှတဲ့ အေဇိုလာတွေကို ဘယ်လိုတွေ စိုက်ပျိုးထုတ်လုပ်မလဲ၊ ဘယ်လိုတွေ အသုံးချလို့ ရလဲဆိုတာတွေကိုတော့ အပိုင်း (၂) မှာ ဆက်လက်ဖော်ပြပေးသွားပါမယ်။


ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်