ဘင်္ဂလားဒေ့ရှ် ရေဖုံးလွှမ်းဧရိယာထဲက ရေပေါ်စိုက်ခင်းများ

02/11/2022 17:00 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

ဘင်္ဂလားဒေ့ရှ် အနောက်တောင်ပိုင်း မြစ်ဝကျွန်းပေါ် ဒေသက တောင်သူ မိုဟာမတ် မိုစတာဖာဟာ ဘိုးဘေးဘီဘင်လက်ထက်က ကျင့်သုံးလာခဲ့တဲ့ စိုက်ပျိုးရေးနည်းလမ်းတစ်ခုကို ပြန်လည်တူးဖော်ကာ ရေပေါ်စိုက်ခင်းတွေအဖြစ် သီးနှံစိုက်ပျိုးလျက်ရှိပါတယ်။ ပင်လယ်ရေ မြင့်တက်လာတာနဲ့ ရေကြီးရေလျှံတာတွေက လယ်ယာမြေတွေကို တစ်စထက်တစ်စ ဝါးမျိုလာတာကြောင့် ယခုလို ပြောင်းလဲလုပ်ကိုင်လာရတာပါ။

လယ်ရေဝင်ကာလ တာရှည်လွန်းတာဟာ တောင်သူမိသားစုတွေကို ပိုပိုခြိမ်းခြောက်လာတာကြောင့် တောင်သူတွေဟာ ဖောင်တွေကို စိုက်ခင်းဘောင်အဖြစ် သုံးပြီး သခွား၊ မုန်လာဥ၊ ကြက်ဟင်းခါး၊ သင်္ဘော၊ ခရမ်းချဉ်အပါအဝင် သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်ပင်တွေ စိုက်ပျိုးလာကြပါတယ်။ အများစုကို ပျိုးပင်အဖြစ်နဲ့ ပြန်ရောင်းကြတာ ဖြစ်ပါတယ်။

စိုက်ပျိုးစရာ ခြောက်သွေ့မြေယာ ရှားပါးလာတဲ့ မုတ်သုံရာသီတွေ ရောက်ရင် ‌ဗေဒါပင်တွေနဲ့ ရက်ဖွဲ့ထားတဲ့ ဒီပျိုးခင်းဖောင်တွေကို အားပြုပြီး တောင်သူမိသားစုတွေ အသက်မွေးကြရပါတယ်။

ဒေသတွင်းတောင်သူတွေဟာ နှစ်ပေါင်း ၂၀၀ သက်တမ်းရှိပြီဖြစ်တဲ့ ဒီနည်းလမ်းကို ကနဦးတုန်းက ရေကြီးရေလျှံကာလတွေမှာပဲ ကျင့်သုံးလာခဲ့တာပါ။ အဲဒီတုန်းက ရေကြီးကာလတစ်နှစ်မှာ ငါးလလောက်သာ ကြာမြင့်ခဲ့ပေမဲ့ ယနေ့ခေတ်မှာတော့ တစ်နှစ်ကို ရှစ်လကနေ ဆယ်လအထိ ရေလွှမ်းခံနေရပြီး ရေလွှမ်းခံရတဲ့ မြေယာဧရိယာတွေလည်း ပိုပို တိုးလာနေပါတယ်။

" ဒီနေ့ခေတ်မှာ လယ်ယာမြေတွေ ရေအောက်ရောက်တဲ့ကာလက ပိုရှည်ကြာလာတယ်။ ဒီ ရှေးပဝေသဏီက နည်းလမ်းကြောင့်သာ ဝမ်းစာရှာဖွေနိုင်တာပါ" လို့ ၄၂ နှစ်အရွယ် တောင်သူ မိုစတာဖာက ရေပေါ်စိုက်ခင်းပေါ်မှာ ပျိုးလုံးတွေကို စိုက်ပျိုးနေရင်း ပြောပါတယ်။

" ကျွန်တော့်အဖေနဲ့ အဘိုးအဘေးတွေအားလုံး ဒီနည်းကို သုံးခဲ့ကြတယ်။ ဒါပေမဲ့ လုပ်ရတာတော့ သိပ်မလွယ်ကူလှဘူး။ ဒါကြောင့် ပထမကတော့ သစ်သီးရောင်းပြီး ရပ်တည်ကြည့်သေးတယ်။ နောက်ဆုံးအကြွေးပဲ တင်သွားခဲ့တယ်" လို့ မိသားစုဝင် ခြောက်ယောက်ကို တစ်ဦးတည်း လုပ်ကိုင်ကျွေးနေသူ မိုစတာဖာက ပြောပါတယ်။

"ဒါနဲ့ ကံစွန့်ပြီး ရေပေါ်စိုက်ခင်းကို လွန်ခဲ့တဲ့ ငါးနှစ်က စခဲ့တာ။ ဒီနေ့တော့ တော်တော်လေး ဟုတ်နေပြီ" လို့ ပြောပါတယ်။

ရာသီဥတုပြောင်းလဲလာလို့ ပင်လယ်ရေမြင့်တက်ပြီး မုတ်သုံမိုး မမှန်တော့တဲ့အချိန်မှာ အနောက်ပိုင်းဒေသက တောင်သူ ၆၀၀၀ ခန့် ကျင့်သုံးနေပြီဖြစ်တဲ့ ဒီနည်းလမ်းက အလွန်တရာ အရေးပါလာနိုင်ပါတယ်။

ဒီနည်းလမ်း ကျင့်သုံးတဲ့ တောင်သူဦးရေဟာ လွန်ခဲ့တဲ့ ငါးနှစ်က ၄၅၀၀ သာ ရှိခဲ့ရာကနေ ယခုအထိ တိုးတက်လာခဲ့တာလို့ Pirojpur ခရိုင်အောက်ရှိ  Nazirpur ခရိုင်ခွဲမှ စိုက်ပျိုးရေးအရာရှိ ဟာဇရာက ပြောပါတယ်။

ရေပေါ်စိုက်ခင်းဧရိယာဟာ Pirojpur ခရိုင်ထဲမှာ ၁၅၇ ဟက်တာ (၃၈၈ ဧက) အထိ ရှိနေပြီး Nazirpur ခရိုင်ခွဲမှာတော့ လွန်ခဲ့တဲ့ငါးနှစ်က ဟက်တာ ၈၀ သာရှိခဲ့ရာကနေ ယခု ဟက်တာ ၁၂၀ ထိ ဧရိယာတိုးလာပါတယ်။

" ဒီနည်းက သမားရိုးကျစိုက်ပျိုးနည်းလောက် နေရာမလိုအပ်ဘူး။ ပိုးသတ်ဆေးလည်း မလိုအပ်ဘူး" လို့ ဟာဇရာက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ "ကမ္ဘာကြီး ပူနွေးလာမှုအကျိုးဆက်ကို တုံ့ပြန်တဲ့နေရာမှာ ရေပေါ်စိုက်ခင်းက အနာဂတ်အတွက် ဖြေရှင်းနည်းတစ်ခု ဖြစ်လာနိုင်ပါတယ်" လို့ သူ ပြောပါတယ်။

မြေနိမ့်ပိုင်း ဘင်္ဂလားဒေ့ရှ်မှာ ပင်လယ်ရေ မြင့်တက်တာအပြင် မုန်တိုင်းတိုက်တာ၊ ရေကြီးတာနဲ့ ကမ်းရိုးတန်းတိုက်စားတာတွေလည်း ဖြစ်ပေါ်နေတာကြောင့် ရာသီဥတုဒဏ် ခံနိုင်ရည်အနည်းဆုံးနိုင်ငံတွေထဲ ထည့်သွင်းသတ်မှတ်ခံထားရပါတယ်။

သက္ကရာဇ် ၂၀၀၀ နဲ့ ၂၀၁၉ ခုနှစ်ကြား ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ရာသီဥတုပြောင်းလဲမှုဒဏ် အခံရဆုံးနိုင်ငံစာရင်း အဆင့်ခုနစ်မှာ ရပ်တည်ခဲ့တယ်လို့ Germanwatch အဖွဲ့က ထုတ်ပြန်တဲ့ ၂၀၂၁ ကမ္ဘာ့ရာသီဥတုအန္တရာယ်အဆင့်သတ်မှတ်ချက်စာရင်းအရ သိရပါတယ်။

"ကမ္ဘာမှာ အကျယ်ဆုံး မြစ်ဝကျွန်းပေါ်ဒေသ ဖြစ်တာနဲ့အညီ ဘင်္ဂလားဒေ့ရှ်ကုန်းမြေဧရိယာဧရာမအစိတ်အပိုင်းကြီးဟာ ရေဖုံးလွှမ်းမှု မကြာခဏ ကြုံရပါတယ်။ အထူးသဖြင့် မြစ်ကမ်းပါးတိုက်စားမှုနဲ့အတူ ဖြစ်ပေါ်တဲ့ ရုတ်တရက် ရေကြီးမှုတွေပါ" လို့ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ၂၀၂၁ အစီရင်ခံစာတစ်စောင်မှာ ရေးသားပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ ဘင်္ဂလားပင်လယ်အော်ထဲက လာတဲ့ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကိုလည်း မကြာခဏ ခံရလေ့ ရှိသလို ကမ္ဘာကြီးပူ‌နွေးလာတာကြောင့်လည်း မိုးရွာသွန်းမှု မမှန်တာတွေ ပိုမို ကြုံတွေ့လာရပါတယ်။ ဘင်္ဂလားဒေ့ရှ်လူဦးရေ ၁၆၅ သန်းအနက် လေးပုံတစ်ပုံကျော်ဟာ ကမ်းရိုးတန်းဒေသတွေမှာ နေထိုင်ကြတာ ဖြစ်ပါတယ်။

ပင်လယ်ရေမြင့်တက်လာတာနဲ့ ကမ်းရိုးတန်းတိုက်စားမှုကြောင့် ၂၀၅၀ ခုနှစ်ကို ရောက်ရင် ဘင်္ဂလားဒေ့ရှ်ဟာ ကုန်းမြေပြင် ၁၇ ရာခိုင်နှုန်းနဲ့ စားနပ်ရိက္ခာထုတ်လုပ်မှု ၃၀ ရာခိုင်နှုန်း ဆုံးရှုံးလိမ့်မယ်လို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ ၂၀၁၉ ခုနှစ် ထုတ်ပြန်ချက်အရ သိရပါတယ်။

မိုစတာဖာဟာ ယခုအခါမှာတော့ ဘယ်သူ့ဆီကမှ လက်မဖြန့်ရဘဲ မိသားစုကို ရှာဖွေကျွေးမွေးနိုင်ပြီလို့ မြစ်ချောင်းအသွယ်သွယ်တွေကြားမှာ လှေတစ်စင်းကို လှော်ခတ်နေရင်း ပြောပါတယ်။

ဒါပေမဲ့ ကုန်ကျစရိတ်တွေ မြင့်တက်လာတာနဲ့အမျှ အမြတ်အစွန်းရရှိမှုဟာ လျော့ကျလာနေတယ်လို့ ၎င်းက ပြောပါတယ်။ ယခုနှစ်အတွက် ဖောင်သစ်တွေ ဖွဲ့ရာမှာ အသုံးပြုရတဲ့ ဗေဒါပင် လှေတစ်စီးတိုက်စာ (၁ ဒသမ ၂ တန်) ကို ဘင်္ဂလားငွေ ၄၅၀၀ တာကာ (၄၃ ဒေါ်လာ) ပေးရကြောင်း၊ အရင်တုန်းကတော့ ၁၀၀၀ တာကာသာ ကုန်ကျခဲ့ကြောင်း ပြောပြပါတယ်။

နှစ်လလောက် အချိန်ယူပြုလုပ်ရတဲ့ ဖောင်တွေဟာ ပုံမှန်အားဖြင့် အရှည် ခြောက်မီတာနဲ့ အကျယ် တစ်မီတာ ရှိပြီး ဒီထက် အဆများစွာ ပိုကြီးတာလည်း ရှိတယ်လို့ လယ်သမားတွေက ပြောပါတယ်။ သူတို့ကို သုံးလကနေ လေးလကြာရင် အသစ်တစ်ခုနဲ့ အစားထိုး လဲလှယ်ရပါတယ်။

ဒေသတွင်းက တခြားတောင်သူတစ်ဦး ဖြစ်သူ မိုဟာမတ်အီဗရာဟင်ကလည်း ရေပေါ်စိုက်ခင်းတွေကြောင့် သီးနှံတွေကို စိတ်ချလက်ချ စိုက်ပျိုးနိုင်ပြီလို့ ပြောပါတယ်။

"ရေတွေက ပိုပြီး တက်လာပါတယ်။ အခု ‌ရေအောက် ရောက်နေတဲ့နေရာတွေပေါ် အရင်က ဘောလုံးကန်ခဲ့ဖူးတာတောင် အမှတ်ရမိတယ်" လို့ ၄၈ နှစ်အရွယ် တောင်သူက ပြောပါတယ်။ သူဟာ ရေပေါ်စိုက်ခင်းက ထွက်ရှိတဲ့ ဘူးညွန့်တွေကို လှေတစ်စင်းနဲ့ လှည့်ပတ်ရောင်းချနေတာပါ။

ဒီလုပ်ငန်းဟာ လွယ်လွယ်ကူကူနဲ့ ဖြစ်လာတာတော့ မဟုတ်ပါဘူး။

အီဗရာဟင်ရဲ့ အမျိုးသမီး ၃၅ နှစ်ရှိ မာရှီဒါဘီဂမ်က ဖောင်ပေါ်မှာ စိုက်ပျိုးတဲ့ ပျိုးပင်တွေ ရရှိလာဖို့ တစ်ရက်ကို ရှစ်နာရီကျော် အလုပ်လုပ်ရတယ်လို့ ပြောပါတယ်။ ဗေဒါပင်က လူကို ယားယံစေပြီး လက်ဖဝါးနဲ့ လက်ချောင်းတွေမှာလည်း အနာတွေ ဖြစ်နေတယ်လို့ ပြောပါတယ်။

သမီးနှစ်ယောက် အမေဖြစ်တဲ့ အသက် ၃၀ အရွယ် ကာဂျိုလ်ဘီဂမ်ကလည်းက "ခုအလုပ်က အင်မတန် ကြမ်းတမ်းပါတယ်။ ခါးနာလို့ ညဘက်တွေ မအိပ်နိုင်ပါဘူး။ ဒါပေမဲ့ ဘယ်နေရာမဆို ရေတွေချည်းဆိုတော့ ဒါကလွဲရင် တခြားလုပ်စရာမရှိဘူး" လို့ ပြောပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: As seas rise, Bangladesh farmers revive floating farms - Reuters

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။    


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်