ယေဘုယျအားဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးဟာ ပဋိပက္ခသဘောဆောင်တဲ့ လူ့လိုအင်နှစ်ရပ်လို့ ဆိုနိုင်ပါတယ်။
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ သဘာဝဝန်းကျင် ကာကွယ်ထိန်းသိမ်းမြှင့်တင်မှုတို့ကို တပြိုင်နက်တည်း ဆောင်ရွက်နိုင်မယ်ဆိုရင်တော့ အားလုံးအတွက် ကောင်းမွန်တဲ့အဖြေပဲလို့ ဆိုရမှာပါ။
အထူးသဖြင့် ကျေးလက်ဒေသက ဆင်းရဲနွမ်းပါးတဲ့ တောင်သူလယ်သမားတွေရဲ့ စီးပွားရေးတွေ ဖွံ့ဖြိုးတိုးတက်လာပြီး အဲဒီဒေသတွေက သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်တွေကို တိုးတက်ကောင်းမွန်လာအောင် လုပ်ဆောင်နိုင်မယ်ဆိုရင်တော့ "သားရွှေအိုးထမ်းလာတာကို မြင်ရတဲ့ကိန်း" လို့ ဆိုရမှာပါ။
ဒီလိုအခြေအနေမျိုးကို စာရေးသူရဲ့ ၂၀၁၉ ခုနှစ်က တရုတ်နိုင်ငံလေ့လာရေး ခရီးစဉ်အတွင်း လေ့လာခွင့် ရရှိခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး နည်းလမ်း ၅ သွယ် (Five Batches) ထဲမှာ "ဂေဟဗေဒထိန်းသိမ်းရေးဆိုင်ရာ အကူအညီပေးအပ်ခြင်း (Ecological compensation)" ဆိုတဲ့ နည်းလမ်းကလည်း တစ်ခု အပါအဝင်ပါ။ စာသံပေသံမပါဘဲ ရိုးရိုးလေး ပြောကြကြေးဆိုရင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ဆောင်တဲ့အတွက် နစ်နာသွားရတဲ့သူတွေကို လျော်ကြေးပေးတဲ့လုပ်ငန်းလို့ နားလည်ကြည့်နိုင်ပါတယ်။ အဲဒီအကြောင်း လေ့လာခဲ့မိသမျှ ပြန်လည်ဝေမျှခွင့်ပြုပါ။
တရုတ်နိုင်ငံဟာ နှစ်ပေါင်း ၄၀ အတွင်း ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်စီးပွားရေးကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း (GDP တိုးနှုန်း) ၁၀ ရာခိုင်နှုန်းဝန်းကျင်ကို နှစ်ပေါင်းများစွာ ရရှိခဲ့ပါတယ်။ အဲဒီလို စီးပွားရေးတိုးတက်ကောင်းမွန်တာဟာ တိုင်းပြည်အတွက် ကောင်းကျိုးတွေ သယ်ဆောင်လာပေးသလို ဆိုးကျိုးတွေလည်း သယ်ဆောင်လာပါတယ်။ ဆိုးကျိုးတွေထဲက ထင်ရှားတဲ့ဆိုးကျိုးတစ်ခုကတော့ သဘာဝပတ်ဝန်းကျင် ထိခိုက်ယိုယွင်းခြင်းပဲ ဖြစ်ပါတယ်။
အဲဒီကာလတွေမှာ ကုန်ထုတ်လုပ်ရေးအတွက် လိုအပ်တဲ့ မြေယာရရှိဖို့၊ ကုန်ကြမ်းရရှိဖို့ သစ်တောတွေ ခုတ်ခဲ့သလို လမ်းပန်းဆက်သွယ်ရေးလို အခြေခံအဆောက်အအုံတွေ တည်ဆောက်ဖို့လည်း သဘာဝပတ်ဝန်းကျင်ကြီးကို စတေးပစ်ခဲ့ရတဲ့ အခြေအနေတွေ ကြုံခဲ့ပါတယ်။ ကုန်ထုတ်လုပ်ရေးကို ဦးစားပေးတာနဲ့အမျှ စွမ်းအင်လိုအပ်ချက် ကြီးမြင့်လာပြီး အဲဒီစွမ်းအင်ကို ဖြည့်ဆည်းဖို့ ကြိုးစားရာမှာ ကျောက်မီးသွေးလိုလောင်စာမျိုးကို အမြောက်အမြား သုံးစွဲခဲ့တာမို့ ပတ်ဝန်းကျင်ထိခိုက်မှုကို ပိုဆိုးစေပြန်ပါတယ်။ တရုတ်ပြည်ဟာ ကမ္ဘာပေါ်မှာ အသုံးပြုတဲ့ ကျောက်မီးသွေးအားလုံးရဲ့ ၅၀% ကို အသုံးပြုပါတယ်။
တရုတ်တို့ဟာ တိုင်းပြည်စီးပွားရေးကို တည်ဆောက်တဲ့ကာလမှာ ဂျီဒီပီတက်ရေးကို အထူးဦးစားပေးဆောင်ရွက်ခဲ့တာမို့ သဘာဝပတ်ဝန်းကျင်ကို ချရင်းခဲ့တယ်လို့ ပြောရမှာပါ။ စီးပွားရေးကိုပဲ အာရုံစိုက်တာမို့ စီးပွားရေးချောင်လည်လာတာနဲ့ အမျှ သဘာဝပတ်ဝန်းကျင်က ညစ်နွမ်းလာပါတယ်။
အခုတော့ စီးပွားရေးက အတော်လေးအောင်မြင်သွားပါပြီ။ ဂျပန်ကိုကျော်တက်ပြီး ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံအဖြစ် ရပ်တည်နေပါပြီ။ သိပ်မကြာတော့တဲ့ အချိန်ကာလတစ်ခုအတွင်း အမေရိကန်ကိုပါ ကျော်တက်ဖို့ လုပ်နေပါတယ်။
အဲဒီလို စီးပွားရေး ကောင်းလာတာနဲ့ အမျှ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အရှိန်ကို နည်းနည်းလျှော့ချလိုက်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို ပြန်ပြီး အာရုံစိုက် လုပ်ဆောင်လာနေပြီ ဖြစ်ပါတယ်။ ဒါဟာ တရုတ်တွေအတွက် ဂုဏ်ယူစရာဖြစ်သလို ကမ္ဘာကြီးအတွက်လည်း ဝမ်းသာစရာ သတင်းတစ်ခုပါ။
အတော်အသင့်ချမ်းသာတဲ့ လူ့အဖွဲ့အစည်းကို ၂၀၂၀ ခုနှစ်မှာ ဖော်ဆောင်အောင်မြင်ဖို့ ရည်မှန်းထားတဲ့ တရုတ်ပြည်အတွက် အဓိက အတားအဆီးတစ်ခုဟာ တရုတ်ပြည်ရဲ့ မြေထု၊ ရေထု၊ လေထု ပတ်ဝန်းကျင်တွေ ညစ်နွမ်းနေခြင်းဖြစ်တယ်လို့ တရုတ်ခေါင်းဆောင်တွေက သုံးသပ်ပါတယ်။ ဒါကြောင့် သူတို့ရဲ့ မူဝါဒတွေမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို မြှင့်တင်ရမယ်လို့ လမ်းညွှန်ထားပါတယ်။
တရုတ်နိုင်ငံအနေနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းတွေမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုလည်း ထည့်သွင်းစဉ်းစားရပါတယ်။ ဂေဟစနစ်ကို ထိန်းသိမ်းမယ်၊ ပျက်ယွင်းနေတာတွေကို ပြန်လည်ပြင်ဆင်မယ် ဆိုတဲ့ အလုပ်ဟာ အင်မတန်ကောင်းတဲ့ အလုပ်ဖြစ်သလို၊ အင်မတန်ခက်ခဲတဲ့ အလုပ်လည်း ဖြစ်ပါတယ်။
တစ်ဖက်မှာ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရမှာ ဖြစ်သလို၊ အဲဒီလို ထိန်းသိမ်းတဲ့အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးလျော့ကျစေပါတယ်။ အထူးသဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းတွေကို ဆင်းရဲတဲ့ ဒေသတွေမှာ ဆောင်ရွက်တဲ့အခါ ပိုလို့တောင် ခက်ခဲပါသေးတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းတွေက ဒေသခံပြည်သူလူထုရဲ့ ဖွံ့ဖြိုးတိုးတက်ခွင့်ကို သွားပြီး ပိတ်ပင်နေတတ်ပါတယ်။ တကယ်တော့ တရုတ်တစ်နိုင်ငံလုံးက ပြည်သူအားလုံးဟာ တပြေးညီဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်တာပဲ မဟုတ်လား။
သဘာဝပတ်ဝန်းကျင်၊ တနည်းအားဖြင့် ဂေဟစနစ်နဲ့ ဖွံ့ဖြိုးတိုးတက်မှုကြားမှာ တစ်ခုခုကို မျက်စိမှိတ်ရွေးချယ်ရတဲ့အခါမျိုးတွေ ရှိတတ်ပါတယ်။ တရုတ်ပြည်ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၃-၄ ခုအတွင်း သဘာဝပတ်ဝန်းကျင်ကို ချနင်းပြီး ဖွံ့ဖြိုးတိုးတက်ရေးကို အရယူခဲ့ပါတယ်။ အခုတော့ဖြင့် သဘာဝပတ်ဝန်းကျင်ကို ရွေးချယ်ပြီး ဒေသခံ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူလူထုတွေရဲ့ ဖွံ့ဖြိုးတိုးတက်ခွင့်ကို စတေးပစ်ရမယ့် အခြေအနေနဲ့ ကြုံလာပါပြီ။ ဒါကြောင့်ပဲ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနည်းလမ်းထဲမှာ ဂေဟဗေဒထိန်းသိမ်းရေးဆိုင်ရာ အကူအညီပေးအပ်ခြင်း (Ecological compensation) ဆိုတဲ့ စနစ်ကို ထည့်သွင်းထားခြင်း ဖြစ်ပါတယ်။
အဲဒီစနစ်အောက်မှာ နည်းလမ်း နှစ်သွယ်နဲ့ ကူညီပေးပါတယ်။
ပထမနည်းလမ်း
ဒေသတစ်ခုမှာ သဘာဝဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ဒေသခံပြည်သူလူထုရဲ့ စီးပွားရေးလုပ်ငန်းတွေ၊ နေရာထိုင်ခင်းတွေကို ဖယ်ရှားပစ်ရမယ်ဆိုရင် အစိုးရအနေနဲ့ သဘာဝပတ်ဝန်းကျင်ကို ဦးစားပေးရွေးချယ်ပြီး၊ အဲဒီလို ရွေးချယ်မှုကြောင့် ထိခိုက်နစ်နာသွားရသူများကို ဂေဟဗေဒထိန်းသိမ်းရေးဆိုင်ရာ အကူအညီပေးအပ်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ပြန်ပြီး ငွေကြေး အကူအညီပေးတာ ဖြစ်ပါတယ်။
ဒုတိယနည်းလမ်း
နောက်တစ်နည်းကတော့ ဆင်းရဲတဲ့ မိသားစုတွေကို ကူညီပေးရာမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို စီးပွားရေးလုပ်ငန်းတစ်ရပ်အသွင်နဲ့ တည်ထောင်ပေးတာမျိုး ဖြစ်ပါတယ်။
စိုက်ပျိုးရေးလုပ်နေပေမဲ့ အဆင်မပြေတဲ့အတွက်ကြောင့် ဆင်းရဲနေသူတွေကို စုစည်းပြီး သူတို့ရဲ့ စိုက်ပျိုးမြေတွေကို သစ်တောမြေဖြစ်အောင် ပြန်လည်ပျိုးထောင်စေပါတယ်။ အစိုးရက ပတ်ဝန်းကျင်ထိန်းသိမ်းရေး ခေါင်းစဉ်နဲ့ ငွေထုတ်ပေးပါတယ်။ အဲဒီငွေနဲ့ စိုက်ခင်းတွေကို သစ်တောအဖြစ် ပြန်စိုက်တာဖြစ်ပြီး စိုက်ပျိုးရေးသမားတွေကို သစ်တောထူထောင်ရေးလုပ်ငန်းမှာ အလုပ်ပြန်ခန့်ပါတယ်။ မိသားစုတွေ သာတောင့်သာယာဖြစ်နိုင်လောက်တဲ့ ဝင်ငွေမျိုးကို အစိုးရက ပေးပါတယ်။ တစ်ဖက်မှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အတွက် မဖြစ်မနေသုံးရမယ့် ပိုက်ဆံကို ဆင်းရဲနွမ်းပါးမှုခေါင်းစဉ်နဲ့ ချိတ်ပြီးသုံးလိုက်တာကြောင့် တိုင်းပြည်အတွက် အကျိုးပိုရှိသွားတာပဲဖြစ်ပါတယ်။
သစ်တောစိုက်ပျိုးတယ်ဆိုရာမှာ ရေရှည်မှာ သစ်ထုတ်လုပ်ရေး၊ သဘာဝပတ်ဝန်းကျင်အခြေပြု ခရီးသွားလုပ်ငန်း စတာတွေနဲ့ ဝင်ငွေရှာနိုင်လောက်အောင် စိုက်ပျိုးစေတာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီ သစ်တောတွေက ဝင်ငွေရလာတဲ့အခါမှာလည်း ဒေသခံတွေအတွက် ဝင်ငွေတွေ တိုးတက်ရရှိလာဦးမှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး နည်းလမ်း ၅ သွယ်ထဲက ဂေဟဗေဒထိန်းသိမ်းရေးဆိုင်ရာ အကူ အညီပေးအပ်ခြင်း ဆိုတဲ့ နည်းလမ်းမှာ သင်ခန်းစာယူစရာတွေ၊ တွေးတောစရာတွေကတော့ အများအပြားပါ။
သဘာဝဝန်းကျင်နဲ့ ဖွံ့ဖြိုးတိုးတက်မှု ဘယ်ဟာကို ဘယ်လိုရွေးချယ်ကြမယ်ဆိုတာက စလို့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဘယ်လိုလုပ်မလဲ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် စိုက်ထုတ်လိုက်ရတဲ့ ငွေကို ဆင်းရဲနွမ်းပါးမှုလျှော့ချရေးမှာ ဘယ်လိုပြန်သုံးမလဲဆိုတဲ့အထိ သင်ခန်းစာယူစရာတွေ တစ်ပုံတစ်ပင်ပါပဲ။ တရုတ်တွေ မှားခဲ့တဲ့အမှားမျိုး မကျူးလွန်ဖို့လိုသလို၊ တရုတ်တွေ အမှန်မြင်ပြီး ပြန်ပြင်တာကိုလည်း အတုယူသင့်ပါတယ်။
မြန်မာပြည်သူလူထုအတွက်လည်း "သား ရွှေအိုးထမ်းလာတာကို မြင်နိုင်တဲ့နေ့" အမြန်ဆုံးရောက်ရှိနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။
ခိုင်ကြည်သစ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။