နွားငယ်လေးတစ်သက်တာအတွက် အရေးအကြီးဆုံး ရွှေရောင် ၁ နာရီ (အပိုင်း - ၂)

07/08/2022 12:30 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

မမွေးဖွားမီ - နွားငယ်လေး မမွေးဖွားမီကတည်းက  မွေးဖွားစဉ်မှာ ပြဿနာတစ်ခုခု ဖြစ်လာနိုင်ချေ ရှိ၊ မရှိ ကြိုတင်ခန့်မှန်းနိုင်ပါတယ်။ 

  • လမစေ့ဘဲ မွေးခြင်း၊ 
  • နွားငယ်လေးဟာ သားအိမ်ထဲမှာ ပုံစံမမှန်ဘဲ ရှိနေခြင်း၊ 
  • နွားငယ်လေးတစ်ကောင်တည်း မဟုတ်ဘဲ၊ အမွှာဖြစ်နေခြင်း၊ 
  • မွေးဖွားချိန်ကြာမြင့်နေခြင်း၊ 
  • နွားငယ်ကလေး က အကောင်အရွယ်အစားကြီးမားနေခြင်း၊ 
  • နွားမကြီးရဲ့ မွေးလမ်းကြောင်း ကျဉ်းလွန်းနေခြင်း၊ 
  • အကြောင်း တစ်ခုခုကြောင့် မွေးဖွားရ ခက်ခဲနေခြင်း 

စတာတွေက နွားငယ်လေးရဲ့ ကျန်းမာသန်စွမ်းမှုကို ထိခိုက်စေနိုင်ပါတယ်။ 

အဲဒီအခြေအနေမျိုး ရှိနေတယ်ဆိုရင် နွားငယ်လေး မွေးဖွားလာတဲ့အခါ အသက်ရှူအကူအညီလုပ်ဆောင်ဖို့ ကြိုတင်ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။ 

မွေးဖွားနေစဉ် - မွေးဖွားနေစဉ်မှာပဲ နွားငယ်လေးရဲ့ အခြေအနေတွေကို ကြည့်ပြီး နွားငယ်လေးဟာအသက်ကယ်ပြုစုကုသမှု လိုအပ်ခြင်း ရှိ၊ မရှိ ကြိုတင်ခန့်မှန်းနိုင်ပါတယ်။ 

  • နွားငယ်လေးရဲ့ ခြေ၊ လက်တွေက ပုံမှန် ထက် ကြီးမားလွန်းနေခြင်း၊ 
  • လျှာနဲ့ ဦးခေါင်းပိုင်း ရောင်ရမ်းကြီးမားနေခြင်း၊ 
  • သွားဖုံးတွေနဲ့ ပါးစပ်အတွင်းသား တွေဟာ အပြာရောင်သန်းနေခြင်း
  • မွေးဖွားစဉ်မှာ နွားမကြီးရဲ့မွေးလမ်းကြောင်းကထွက်ရှိတဲ့ အရည် (birth fluid) တွေဟာ အဝါ ရောင်၊ အညိုရောင်၊ အနီရောင် ဖြစ်ပေါ်နေခြင်း
  • နွားငယ်ကလေးရဲ့ ခွာကြားလေးတွေကို ဆိတ်ကြည့်တဲ့အခါ တုံ့ပြန်ပြီး ရုန်းကန်တာမျိုး မရှိခြင်း 

စတာတွေ ဖြစ်ပေါ်နေတာကို တွေ့ရရင် နွားငယ်လေးဟာ စိုးရိမ်ရတဲ့ အခြေအနေဖြစ်ပြီး အသက်ကယ်ပြုစုကုသ မှု လိုအပ်နေမှာ သေချာပါတယ်။ 

မွေးဖွားပြီးချိန် - နွားငယ်လေးကို မွေးဖွားပြီးချိန်မှာလည်း နွားငယ်ရဲ့ ကျန်းမာသန်စွမ်းမှုကို ကြည့်ပြီး အသက် ကယ်ပြုစုကုသမှု လို၊ မလို သုံးသပ်နိုင်ပါတယ်။ 

  • ပုံမှန်အသက်မရှူခြင်း
  • ပါးစပ်ဟပြီး အသက်ရှူနေရခြင်း
  • စူးစူးရှရှ အော်မြည်ခြင်း
  • ဘေးတိုက်သာ လှဲအိပ်နေခြင်း
  • ခေါင်းမထောင်နိုင်ခြင်း
  • မတ်တပ်မရပ်နိုင်ခြင်း
  • နို့မစို့နိုင်ခြင်း

စတာတွေဟာ အသက်ရှူအကူအညီ လိုအပ်နေကြောင်း ပြသတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ 

အသက်ရှူအကူအညီဆောင်ရွက်ရန် နည်းလမ်း

နွားငယ်လေးကို အသက်ရှူအကူအညီပေးရာမှာ အောက်မှာဖော်ပြထားတဲ့အဆင့်အတွေအတိုင်း ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

  • နွားငယ်လေးကို ဇောက်ထိုးဆွဲမပြီး အချိန်အနည်းငယ် ထားပေးပါ။ (တစ်မိနစ်ထက် ပို၍ မကြာသင့်ပါ။)
  • နွားငယ်လေးရဲ့ ဦးခေါင်းပိုင်းကို ရေအေးနဲ့ လောင်းပေးပါ။ 
  • နွားငယ်လေးရဲ့ နှာခေါင်းထဲကို လက်ညှိုး၊ ဒါမှမဟုတ် ကောက်ရိုးစသန့်သန့် ထည့်ပြီး အသက်ရှူလာအောင် လှုံ့ဆော်တာမျိုးကိုလည်း လုပ်ဆောင်နိုင်ပါတယ်။ တစ်ဖက်မှာလည်း အသက်ရှူလမ်းကြောင်းထဲ ပိတ်နေတဲ့ ချွဲမြှေးတွေကို ဖယ်ထုတ်ပေးဖို့ အထောက်အကူပြုပါတယ်။ 

  • နွားငယ်လေးကို ပုံမှန်အနေအထားအတိုင်းလှဲနေတဲ့ပုံစံ (ရင်ဘက်ကို မြေပြင်နဲ့ထိထားတဲ့ မှောက်လျက်ပုံစံ) နဲ့ ထားပေးပါ။
  • နွားငယ်လေးရဲ့ ခန္ဓာကိုယ် (အထူးသဖြင့် အဆုတ်ရှိတဲ့နေရာ) ကို လက်နဲ့ ပွတ်ပြီး အသက်ရှူလာအောင် လှုံ့ ဆော်ပေးပါ။ 

နွားငယ်လေးကို ခြောက်သွေ့သန့်စင်အောင် အဝတ်နဲ့ သုတ်ပေးပါ။ အကယ်၍ နွားငယ်လေးက ချမ်းပြီး တုန်နေတယ်ဆိုရင် နွေးထွေးအောင် ပြုလုပ်ပေးရပါမယ်။ 

လိုအပ်ရင် နီးစပ်ရာ တိရစ္ဆာန်ဆေးကုဆရာဝန်နဲ့ တိုင်ပင်ပြီး အခြားလိုအပ်တဲ့ ကုသမှုတွေ ပြုလုပ်ပေးရပါမယ်။ 

နွားငယ်လေးကို မိခင်နှင့် ခွဲခြားခြင်း

နွားငယ်လေးဟာ မိခင်ဝမ်းက ကျွတ်လာပြီဆိုတာနဲ့ နွားခြံမှာရှိတဲ့ ရောဂါပိုးမွှားပေါင်းစုံဟာ နွားငယ်လေးရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်ဖို့ အသင့်စောင့်ဆိုင်းနေကြတာပါ။ နွားငယ်ရဲ့ ပတ်ဝန်းကျင်၊ မိခင်နွားမကြီးနဲ့ ခြံမှာရှိတဲ့ အခြားသော နွားတွေထံက ရောဂါပိုးမွှားတွေဟာ နွားငယ်ရဲ့ ပါးစပ်၊ နှာခေါင်း၊ ချက်ကြိုးတွေကတဆင့် နွားငယ်ထံကို ရောက်ရှိလာနိုင်ပါတယ်။ ဒါ့အပြင် နွားငယ်ရဲ့ ခန္ဓာကိုယ်ထဲ ရောဂါပိုးမွှားတွေရောက်လာချိန်မှာ ခန္ဓာကိုယ်က ပြန်လည်ခုခံတိုက်ထုတ်ဖို့ ခုခံစွမ်းအားလည်း ရှိမနေပါဘူး။ (ဒီအကြောင်းကို နောက်ထပ်ဆောင်းပါးတစ်ခုမှာ အသေးစိတ် ဆွေးနွေးပါမယ်။)

ဒါကြောင့် နွားငယ်လေးကို ရောဂါပိုးမွှားတွေအန္တရာယ်ကနေ အလျင်မြန်ဆုံး ကာကွယ်နိုင်ဖို့အတွက် မိခင်ထံကနေ ခွဲခြားပြီး သန့်ရှင်းတဲ့ နွားငယ်လေးသီးသန့်ထားရာနေရာကို ရွှေ့ပြောင်းဖို့ လိုအပ်ပါတယ်။ ဒါက အသေးစားနွားမွေးမြူရေးသမားတွေအတွက်တော့ ခက်ခဲမှာ သေချာပါတယ်။ ဒါပေမယ့်လည်း နွားငယ်လေးကို ရောဂါပိုးမွှားတွေရန်ကနေ ကာကွယ်ပေးရမယ်ဆိုတဲ့ အသိတစ်ခုကို လက်ကိုင်ထားပြီး နွားငယ်လေးကို သန့်ရှင်းခြောက်သွေ့တဲ့နေရာကို ခွဲခြားပေးဖို့တော့ မဖြစ်မနေ လိုအပ်ပါတယ်။

နွားငယ်လေးအား နို့ဦးရည် တိုက်ကျွေးပေးခြင်း 

နွားငယ်လေးကို မိခင်နွားမကြီးနဲ့ ခွဲခြားလိုက်ခြင်းမှာ နောက်ထပ် ကောင်းမွန်တဲ့ ရည်ရွယ်ချက် တစ်ခုရှိပါသေး တယ်။ အဲဒါကတော့ နွားမကြီးဆီက နို့ဦးရည်ကို နွားငယ်လေးက အလုံအလောက် သောက်စို့ခြင်း ရှိ၊ မရှိ သိနိုင်အောင်ပါ။ တကယ်လို့ နွားမကြီးနဲ့ နွားငယ်လေး အတူရှိနေမယ်၊ နို့ဦးရည်ကို လူကမတိုက်ပေးဘဲ ကိုယ်တိုင်စို့စေမယ်ဆိုရင်၊ နွားငယ် လေးဆီ နို့ဦးရည် ဘယ်လောက်ရောက်သွားတယ် ဆိုတာကို တိတိကျကျ မသိနိုင်ပါဘူး။

တကယ်တော့ နို့ဦးရည်ကို နွားငယ်လေးက စော‌စောနဲ့ များများသောက်သုံးဖို့ လိုအပ်ပါတယ်။ နို့ဦးရည်ထဲမှာ ရောဂါပိုးမွှားတွေကို ကာကွယ်နိုင်တဲ့ ပဋိပစ္စည်း (Antibody) တွေ ပါဝင်နေလို့ပါ။ (အသေးစိတ်ကို နို့ဦးရည်အကြောင်း နောက်ထပ်ဆောင်းပါး တစ်ခုမှာ ဆွေးနွေး သွားပါမယ်။) 

နွားငယ်လေးကို မိခင်နဲ့ ခွဲခြားပြီး သန့်ရှင်းခြောက်သွေ့တဲ့ သီးသန့်နေရာမှာ ထားပေးခြင်းအားဖြင့် နွားငယ်လေးထံက ရောဂါပိုးမွှားရောက်ရှိမှုကို တားဆီးပေးနိုင်သလို၊ တစ်ဖက်မှာလည်း နို့ဦးရည်ကို နွားငယ်လေးအတွက် လိုအပ်တဲ့ ပမာဏ မရောက်ရောက်အောင် ဗူးနဲ့ အတိအကျ တိုက်ကျွေးပေးခြင်းဖြင့် ရောဂါခုခံစွမ်းအားတွေ အပြည့်အဝ ရရှိစေမှာ ဖြစ်ပါတယ်။ 

နွားငယ်၏ ချက်ကြိုးအား လိုအပ်သည့် ဆေးဝါးများ သုတ်လိမ်းပေးခြင်း

အထက်မှာ ဆွေးနွေးခဲ့သလို မွေးဖွားခါစ နွားငယ်လေးရဲ့ ခန္ဓာကိုယ်ထဲမှာ ခုခံစွမ်းအားမရှိသေးချိန်မှာပဲ သူ့ရဲ့ပတ်ဝန်းကျင်မှာတော့ ရောဂါပိုးမွှားတွေက အသင့်စောင့်ဆိုင်းနေပါတယ်။ ရောဂါပိုးမွှားတွေ နွားငယ်လေးရဲ့ ခန္ဓာကိုယ်ထဲဆီ ဝင်ရောက်နိုင်တဲ့ လမ်းကြောင်းတွေထဲမှာ ချက်ကြိုးနေရာကလည်း အရေးကြီးတဲ့ လမ်းကြောင်းတစ်ခုပါ။ 

ချက်ကြိုးဟာ နွားငယ်လေးမိခင်ဝမ်းထဲ ရှိနေချိန်တုန်းက နွားငယ်လေးနဲ့ မိခင်ရဲ့ ခန္ဓာကိုယ်အကြား ဆက်သွယ်ထားတဲ့ လမ်းကြောင်းတစ်ခုဖြစ်ပြီး မွေးဖွားချိန် ချက်ကြိုးပျက်သွားတဲ့အခါ လမ်းကြောင်းဟာ ပွင့်သွားပြီး ရောဂါပိုးမွှားတွေ အလွယ်တကူဝင်ရောက်နိုင်တဲ့ နေရာ ဖြစ်လာပါတယ်။ တစ်ဖက်မှာလည်း နွားတွေရဲ့ နေထိုင်ပုံအရ ချက်ကြိုးဟာ ခြံ ကြမ်းခင်းနဲ့ ထိတွေ့မှုအများဆုံးနေရာ ဖြစ်ပါတယ်။ ဒါကြောင့် ခြံကြမ်းခင်းကရောဂါပိုးမွှားတွေဟာ ချက်ကြိုးကနေတဆင့် နွားငယ်လေးရဲ့ ခန္ဓာကိုယ်ထဲ ဝင်ရောက်ဖို့ အလွန်လွယ်ကူပါတယ်။ 

အဲဒီလို ရောဂါပိုးဝင်ရောက်ရာ အရေးကြီးလမ်းကြောင်းတစ်ခုကို တားဆီးနိုင်ဖို့အတွက် ချက်ကြိုးကို ဂရုစိုက်ပြီး လိုအပ်တဲ့ ပြုစုစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။

အထက်မှာ တင်ပြခဲ့သလို နွားငယ်လေးကို သန့်ရှင်းခြောက်သွေ့တဲ့နေရာကို ပို့ဆောင်ခြင်းဟာလည်း နည်းလမ်းတစ်ခုပါ။ နောက်ထပ် မဖြစ်မနေ ဆောင်ရွက်ရမယ့် နည်း လမ်းတစ်ခုကတော့ ချက်ကြိုးကို သတ်မှတ်ထားတဲ့ ပိုးသတ်ဆေး (antiseptic) ထဲ စိမ်ပေးခြင်း၊ ဒါမှမဟုတ် သုတ်လိမ်းပေးခြင်းပဲ ဖြစ်ပါတယ်။

အများဆုံးအသုံးပြုတဲ့ ပိုးသတ်ဆေးကတော့ အိုင်အိုဒင်းဆေးရည်(Iodine) ပဲ ဖြစ်ပါတယ်။ အိမ်သုံးဆေးဆိုင်တွေမှာ Betadine လို အမှတ်တံဆိပ်မျိုးနဲ့ အလွယ်တကူဝယ်ယူလို့ ရပါတယ်။ ဒါမှမဟုတ်လည်း တိရစ္ဆာန်ဆေး ဆိုင်တွေမှာလည်း အလွယ်တကူ ဝယ်ယူလို့ ရပါတယ်။ အိုင်အိုဒင်းအစား ကလိုရိုဟက်ဇဒင်း (chlorhexidine) ကိုလည်း အသုံးပြုနိုင်ပါတယ်။

အဲဒီလို ဆေးဝါးတွေ အသုံးပြုပေးခြင်းအားဖြင့် ချက်ကြိုးဟာ အမြန်ခြောက်သွေ့ပြီး အမြန်ကျက်သွားတာမို့ ရောဂါပိုးဝင်ရောက်ရာ လမ်းကြောင်းကို ပိတ်လိုက်မှာ ဖြစ်ပါတယ်။ ချက်ကြိုးပတ်ဝန်းကျင်မှာ တွယ်ငြိလာတဲ့ ရောဂါပိုးမွှားတွေကိုလည်း ဖျက်ဆီးပြီး နွားငယ်လေးကို ကာကွယ်ပြီးသား ဖြစ်သွားမှာပါ။ 

မှတ်သားစရာ သော့ချက်များ

နွားငယ်လေးတစ်ကောင်ရဲ့ ဘဝတစ်သက်တာလုံး ထုတ်လုပ်မှု ကောင်းမွန်စေဖို့အတွက် သူ့ရဲ့ သက်တမ်းအစမှာကတည်းက ပြုစုစောင့်ရှောက်မှု ကောင်းမွန်ဖို့ လိုအပ်ပါတယ်။ နွားငယ်လေး မွေးဖွားပြီးနောက် အချိန် ၁ နာရီကို ရွှေရောင်နာရီ၊ တနည်းအားဖြင့် ရွှေလောက်တန်ဖိုးကြီးတဲ့ အချိန်တစ်နာရီ (golden hour) လို့ သတ်မှတ်ကြပါတယ်။ အဲဒီအချိန် ၁ နာရီမှာ ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို ဒီဆောင်းပါးမှာ ဖော်ပြထားတာပဲ ဖြစ်ပါတယ်။

တင်ပြချက်တွေအပေါ်ကနေ သော့ချက်အဖြစ် မှတ်သားစေလိုတာကတော့ -

  • နွားငယ်လေး မမွေးမီ၊ မွေးနေချိန်နဲ့ မွေးပြီးနောက်မှာ အသက်ရှူကူညီမှု လိုအပ်ခြင်း ရှိ၊ မရှိ သုံးသပ်ပြီး လိုအပ်မယ်ဆိုရင် အလျင်မြန်ဆုံး ဆောင်ရွက်ပါ။ 
  • နွားငယ်လေးမှာ ရောဂါခုခံစွမ်းအား မပါလာသလို၊ ပတ်ဝန်းကျင်မှာ ရောဂါပိုးမွှားတွေ အသင့်စောင့်နေတာမို့ သန့်ရှင်းရေးကို ဂရုစိုက်ရမှာ ဖြစ်သလို၊ မိခင်နဲ့ အလျင်အမြန်ခွဲခြားထားဖို့ လိုအပ်ပါတယ်။
  • ချက်ကြိုးဟာ ရောဂါပိုးဝင်ရောက်ရာ အဓိကလမ်းကြောင်း ဖြစ်နေတာမို့ ချက်ကြိုးကို ပိုးသတ်ဆေးနဲ့ ပြုစုကုသပေးဖို့ လိုအပ်ပါတယ်။ 
  • နို့ဦးရည်ကို မြန်မြန်တိုက်ပေးရမှာ ဖြစ်ပြီး၊ အလုံအလောက်တိုက်ကျွေးဖို့လည်း လိုအပ်ပါတယ်။ 

ဒေါက်တာသက်ခိုင်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်