သေဆုံး၊ ထိခိုက်မှု မြင့်မားသည့် ကြက်ကိုယ်တွင်းအင်္ဂါ ဂေါက်ရောဂါ

15/07/2022 13:00 PM တွင် Dr.ညွန့်ရွှေ(မွေးမြူဆေးကု) Dr.ညွန့်ရွှေ(မွေးမြူဆေးကု) မှ ရေးသား

ကြက် သောက်ရေမကြာခဏပြတ်တောက်ရာမှဖြစ်သော ကြက်ရောဂါတစ်မျိုးဖြစ်သည့်   ( visceral gout ) ကိုယ်တွင်းအင်္ဂါဂေါက်ရောဂါအကြောင်းတင်ပြချင်ပါသည်။ 

ဤရောဂါသည် ရေပိုက်များ nipple ခေါင်းများ အကြောင်းအမျိုးမျိုးကြောင့် ချေးပိတ်ခြင်း ရေဘားပိတ်ပြီးပြန်ဖွင့်ရန်မေ့လျော့ခြင်းတို့ကြောင့် မလိုအပ်ဘဲ ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ကြုံတွေ့လေ့ရှိသော ရောဂါလည်း ဖြစ်ပါသည်။

Gout (ဂေါက်ရောဂါ)

Urate ခေါ် ခန္ဓာကိုယ်မှ စွန့်ပစ်ရမည့် အညစ်အကြေးများသည်  ကိုယ်တွင်းအင်္ဂါများ တစ်ရှူးများတွင် စုပုံနေသည့် လက္ခဏာကို gout ဟု ခေါ်ဆိုပါသည်။ urate သည် အသားဓာတ်များချေဖျက်ပြီး အာဟာရဓါတ် ပြိုကွဲရမှ ထွက်ပေါ်လာ သော end product ဖြစ်သည်။

Gout ရောဂါလက္ခဏာများ 

သိသာထင်ရှားသောလက္ခဏာပြခြင်းမရှိ၊ ကြက်များကုပ်နေခြင်း၊ အစာစားလျော့ခြင်း၊ အမွေးစောင်းခြင်း၊ အရေပြား ခြောက်သွေ့ခြင်း၊ ပိန်ချုံးခြင်း၊ ကြက်၏ဖင်တွင်စိုစွတ်နေခြင်း၊ အူလမ်းကြောင်းရောင်ရမ်းခြင်းတို့ တွေ့ နိုင်ပါသည်။ 

Gout ရောဂါကို ( ၂  )မျိုးတွေ့နိုင်ပါသည်။ ၎င်းတို့မှာ visceral gout ( ကိုယ်တွင်းအင်္ဂါဂေါက် ) နှင့် articular gout ( အဆစ်ရောင်ရမ်းကိုက်ခဲနာ )တို့ဖြစ်ပါသည်။ 

ဤဆောင်းပါးတွင်တော့ ကြက်များတွင် အဖြစ်များသော Visceral gout ကိုသာ တင်ပြသွားလိုပါသည်။

နှလုံးအပေါ်ယံအမြှေးပါးပေါ်တွင် urates များစုပုံ
နှလုံးအပေါ်ယံအမြှေးပါးပေါ်တွင် urates များစုပုံ

Visceral gout ဆိုသည်မှာ ကျောက်ကပ်ပျက်စီးခြင်းကြောင့်  ကိုယ်တွင်းအင်္ဂါများဖြစ်သော ဆီးပြွန်၊ နှလုံးမြှေး၊ အသည်း၊ အူထိန်းမြှေးများ၊ လေအိတ်များ၊  peritoneum ခေါ် ဝမ်းခေါင်းမြှေးတို့တွင် မြေဖြူမှုန့်ကဲ့သို့သော အမှုန်များကပ်လျှက် ၎င်းကိုယ်တွင်းအင်္ဂါများ၏ လုပ်ငန်းဆောင်တာကိုပါ ထိခိုက်ပျက်စီးစေသော ရောဂါဖြစ်ပါသည်။   

Gout ဘာကြောင့်ဖြစ်

ပုံမှန်အားဖြင့် ကြက်တို့သည် စားလိုက်သောအစာ၏ အသားဓာတ်များဖြိုခွဲပြီးနောက် uric acid ထွက်လာကာ သွေးထဲသို့ရောက်သည်။ ထိုသွေးထဲရှိသော uric acid ကို ကျောက်ကပ်မှအညစ်အကြေးအဖြစ်စွန့် ထုတ်ပစ်လေ့ရှိသည်။ အကြောင်းကြောင်းကြောင့် ကျောက်ကပ်မှ စွန့်ထုတ်နိုင်သော ပမာဏထက်များလာပါက ကောင်းစွာ မစွန့်ထုတ်နိုင်ပဲ gout ရောဂါကိုခံစားစေရပါသည်။ ကြက်များတွင် Gout ဖြစ်စေရန် ဆက်နွှယ်သော အကြောင်းအရာများစွာ ရှိနေပါသည်။

၁။ အစာတွင် CALCIUM များပြားခြင်း 

အချို့ကြက်မွေးမြူသူတို့ 16 ပတ်အရွယ်ဥစမ်းကိုဝယ်ယူပြီးမွေးမြူရာ ဥ မဥသေးမီကပင် ဥစားစာကို ကျွေးသည်ကို တွေ့ဖူးပါသည်။ အမှန်မှာ  PRE-LAYER FEED ခေါ်သော ဥစမ်းအရွယ် ကျွေးမွေးသောအစာကို ကျွေးသင့်သည်။ ဈေးကွက်တွင်ဝယ်ယူရနိုင်သော်လည်း သုံးစွဲသူနည်းပါးခြင်းကြောင့် အစာစက်ရုံများသို့ သီးခြားမှာရသည်လည်း ရှိပါသည်။ ထိုသို့မလုပ်ဘဲ အလွယ်တကူရနိုင်သော ဥကြက်မ အစာကျွေးရာ အစာတွင် CALCIUM ပါဝင်မှုများနေပြီး ကျောက်ကပ်ပျက်စီးတတ်ပါသည်။

  ၂။ High protein diet:( အစာတွင်အသားဓာတ်ပါဝင်မှုမြင့်မားခြင်း ) 

ကြက်စာတွင်အသားဓာတ်ကို - ကြက်များ၏အာဟာရလိုအပ်ချက်ထက်ကျော်လွန်စွာကျွေးမွေးခြင်းသည်လည်း ကောင်းကျိုးထက်ဆိုးကျိုးကိုရစေသည် ( > 30% C.P )။ အသားဓာတ်ချေဖျက်ပြိုကွဲရာမှထွက်လာသော   Uric acid  များလေဖြစ်ကာ သွေးထဲတွင်ပို လျှံစေပြီး Gout ကိုဖြစ်စေသည်။ 

၃။ Vitamin A deficiency ( ဗီတာမင်အေချို့တဲ့ခြင်း) 

ကြက်တို့တွင် ဗီတာမင်အေသည် အလွန်အရေးကြီးသောအရာဖြစ်သည်။ ၎င်းသည်အပူကြောင့်လည်း ပျက်စီးနိုင်၊ အစာများ နေရောင်တွင်တိုက်ရိုက်ထိတွေ့ခြင်းဖြင့်လည်း ပျက်စီးနိုင်သည်။ မလတ်ဆတ်သောအစာတွင် ဗီတာမင်အေ ဆုံးရှုံးလေ့ရှိသည်။ ရေရှည် ချို့တဲ့ကဆီးပြွန်၏ အတွင်းနံရံများပျက်စီးစေပြီး အညစ်အကြေးစွန့်ရန်ခက်ခဲကာ Gout ကို ဖြစ်စေပါသည်။ 

၄။ Low-Phosphorus diet (အစာတွင် Phosphorus လျော့နည်းခြင်း)

Phosphorus သည် ဆီးလမ်းကြောင်းအချဉ်ဓာတ်များခြင်း ( pH ကျစေသောအာနိသင် )  ဖြစ်ပါသည်။ ထိုအခါ  ဆီးကျောက်တည်ခြင်းကို ကာကွယ်စေသည်။ ယင်းဓာတ် (phosphorus ) လျော့နည်းလျှင် ( <  0.6% ) ဆီးကျောက်တည်ခြင်းမှ ကာကွယ်နိုင်ခြင်းမရှိဘဲ Gout ဖြစ်ခြင်းကို အားပေးပါသည်။ 

၅။ High cholesterol diet: (အစာတွင် ကိုလက်စရောများခြင်း)

အစာ Cholesterol များခြင်းသည် ကျောက်ကပ်ရောဂါကို ဖြစ်စေပြီး Gout ဖြစ်ရန် အခွင့်အလမ်း ဖြစ်စေပါသည်။

၆။ Management-related  ( စီမံခန့်ခွဲမှုလိုအပ်ချက် )

ကြက်များ သောက်ရေအလုံအလောက်ရအောင် အမြဲသတိပြုရန်လိုပါသည်။ nipple များချေးတက်ပိတ်စို့ခြင်း၊ ကြက်များသယ်ယူရာတွင် ခရီးဝေးလွန်းခြင်း၊ ကြက်များ ဝမ်းအလွန်အမင်းသွားခြင်းတို့က ( Dehydaration ) ရေဓာတ်ခန်းခြောက်ခြင်းကိုဖြစ်စေကာ ကျောက်ကပ်ပျက်စီးစေပြီး Gout ဖြစ်စေနိုင်ပါသည်။ 

၇။ Viral infections ( ဗိုင်းရပ်ကြောင့်ဖြစ်သောရောဂါများနှင့်ဆက်နွှယ်မှု)

ယနေ့အဖြစ်များသော IB ဗိုင်းရပ်ပိုးသည် ပိုးမျိုးကွဲအမျိုးမျိုးကိုပြောင်းလဲတတ်သော Infectious Brochitis ရောဂါဖြစ်စေသည့်ပိုး(nephrotropic strain virus )က  ကျောက်ကပ်ကိုပျက်စီးစေပါသည်။ 

၈။ Toxic substances to the kidneys (ကျောက်ကပ်ကိုထိခိုက်သော အဆိပ်အတောက်များ)

ကြက်စာများ၊ ကြက်ငယ်စဉ်ခင်းပေးသော ဖွဲခင်းများ၊ အလုံပိတ်စနစ်ဖြင့်မွေးမြူသော ခြံရှိအခင်းများတွင် မှိုများတွယ်ကပ်တတ်ပါသည်။ ကြက်က ထိုမှိုပါသောအစာ ဖွဲခင်းတို့ကို စားမိက  မှိုဆိပ်သင့်ခြင်း ခံစားရပြီး ကျောက်ကပ်ပျက်စီးစေပါသည်။

၉။ Sulfa and Aminoglycoside Antibiotics:(ဆာလ်ဖာနှင့် Aminoglycoside အုပ်စုဝင်ပဋိဇီဝဆေးများ)

ဆာလ်ဖာနှင် Aminoglycoside အုပ်စုဝင်ဆေးများ ပဋိဇီဝဆေးများ ( ဥပမာ  Sulfamethioxine,Gentamycin, Neomycin, Doxycycline,  Streptomycin ,Tetracycline ) ကို ခန္ဓာကိုယ်က ဖယ်ထုတ်ရာတွင် ကျောက်ကပ်မှ စွန့်ထုတ်ရတဲ့အခါ ကျောက်ကပ် ရောင်ရမ်းပျက်စီးစေပါသည်။ အထူးသဖြင့်ကြက်က ၎င်းဆေးများပေးချိန်  ရေသောက် နည်းပါက ကျောက်ကပ်ပျက်စီးမှု ပိုဆိုးစေသည်။ အခြားပဋိဇီဝဆေးများ ဆေးချိန်ပိုသုံးပါက (over doses )ကျောက်ကပ်ထိခိုက်စေပါသည်။

မွေးမြူရေးခြံများမှ ကြက်များသေဆုံးသောအခါ အထူးသဖြင့်ကျောက်ကပ်ရောင်ရမ်းပျက်စီးခြင်းကို အမြဲလိုလို တွေ့လေ့ရှိပါသည်။ ထိုကဲ့သို့ ကျောက်ကပ်ရောင်ရမ်းပျက်စီးခြင်းသည် Gout ရောဂါဖြစ်နိုင်ပါသည်။

Visceral gout ရောဂါသည် ထင်ရှားသော လက္ခဏာမပြဘဲ သေနှုန်း 2-4 % ထိ ရှိနိင်ပါသည်။ ထို့ပြင်ကြီးထွားနှုန်းကျခြင်း အစာစားနှုန်းကျ၍ ဥနှုန်းကျခြင်းတို့ကြောင့် မွေးမြူရေးလုပ်ငန်းတွင် ထိခိုက်လာနိုင်သည့်အတွက် ဆင်ခြင်သတိပြုကာကွယ်နိုင်ပါရန် တင်ပြလိုက်ရပါသည်။ 

Dr.ညွန့်ရွှေ ( မွေးမြူ/ဆေးကု )

Reference: 

  Hy-line International. Avian Urolithiasis (Gout) Redbook (2016)

  Zmuda MJ, Quebbemann AJ.. Localization of renal tubular uric acid transport defect in gouty chickens American Journal of Physiology (1975)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်